အနာဂတ်ဆီ အတူလှမ်းချီ...မတူသောနေရာတို့မှာ တူညီသော အိပ်မက်တို့ ရှိနေကြောင်း၊ မတူသောဘဝတို့မှာ တူညီသော ခံစားချက်တို့ ရှိနေကြောင်း

2022-03-09 19:19:44 |သတင်းအရင်းအမြစ် 《吉祥》杂志、新华网

ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ပေကျင်း “ငှက်သိုက်” အားကစားကွင်းကြီး၏ ကောင်းကင်ယံ၌ မီးရှူးမီးပန်းများ ထွန်းလင်းတောက်ပလာခဲ့၍ တရုတ်အမျိုးသားအားကစားသည် တစ်ကမ္ဘာလုံး အာရုံစိုက်ရသည့်ဆုံမှတ် တစ်ဖန်ပြန်၍ ဖြစ်လာခဲ့ပေသည်။ ပေကျင်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် ကမ္ဘာ့တစ်ဝန်းရှိ နိုင်ငံဒေသအသီးသီးမှ လူငယ် ၇၆ ဦးသည် အားကစားကွင်းထဲသို့ အတူယှဉ်တွဲ ဝင်ရောက်လာကြသည်။ သူတို့တစ်တွေ ဖြတ်လာသည့် တစ်လျှောက်လုံးမှာ ဓာတ်ပုံကားချပ်ရှည်တွေ ထွက်ပေါ်လာ၍ ရုပ်ပုံမြစ်တစ်စင်း တငြိမ့်ငြိမ့် စီးဆင်းနေသည့်ပမာ ဖြစ်ခဲ့လေသည်။ ၎င်းက ကမ္ဘာ့နိုင်ငံအသီးသီးမှ ပြည်သူများ၏ မိမိတို့အိပ်မက်အတွက် စိတ်အားထက်သန်စွာ ကြိုးစားကြသည့် လှပသော မြင်ကွင်းကို ဖော်ဆောင်ပြသနိုင်ခဲ့သည်။ အားကစားသမားများသည် မိမိတို့ကိုယ်စီအိပ်မက်အတွက် ကြိုးစားကြသည်။ လူတိုင်းလူတိုင်းသည် အေးအတူပူအမျှ အတူယှဉ်တွဲနေထိုင်ကာ ကိုဗစ်-၁၉ ကပ်ရောဂါကို အတူတကွ တိုက်ဖျက်ကြသည် . . . မတူသောနေရာတို့မှာ တူညီသော အိပ်မက်တို့ ရှိနေကြောင်း၊ မတူသောဘဝတို့မှာ တူညီသော ခံစားချက်တို့ ရှိနေကြောင်း တဒင်္ဂ တစ်ခုချင်းစီက ဖော်ကျူးပြသခဲ့ပေသည်။ အပြစ်ကင်းစင်သော အပြုံးမျက်နှာ တစ်ခုချင်းစီသည် ကမ္ဘာ့အလှဆုံး ရှုခင်းပင် ဖြစ်၍ ၎င်းတို့ထံတွင် အနာဂတ်၏ မျှော်လင့်ချက်တို့ကို မြင်ရနိုင်ပေသည်။

“အနာဂတ်ဆီ အတူလှမ်းချီ”ဟူသော အတိုဆုံး အရှင်းဆုံး တစ်ခွန်းတည်းဖြင့် အနက်ရှိုင်းဆုံး ဆိုလိုရင်းကို ပေကျင်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲနှင့် ဆောင်းရာသီမသန်စွမ်းအိုလံပစ်ပြိုင်ပွဲက ပြောပြနိုင်ခဲ့သည်။ လူသားမျိုးနွယ်အပေါင်း စည်းလုံးညီညွတ်ခြင်း၏ အင်အားကို “အတူ” ပြသနိုင်ခဲ့သကဲ့သို့၊ ခွဲထွက်ရန် ငြင်းဆန်၊ ကွဲကွာမှုကို လျှော့ချဟူသော အိုလံပစ်စိတ်ဓာတ်ကို နက်ရှိုင်းစွာ ဖွင့်ဆိုပြခြင်းလည်း ဖြစ်ပေသည်။ “အနာဂတ်ဆီ”ဆိုလိုသည်မှာလည်း လူသားမျိုးနွယ်တို့၏ မနက်ဖြန်အပေါ် ယုံကြည်ချက်၊ မျှော်လင့်ချက် အပြည့်ရှိနေခြင်းကို ပြသနေပေရာ၊ ၎င်းမှာ တစ်ကမ္ဘာလုံးသို့ တရုတ်နိုင်ငံက ထားရှိသည့် ရှင်းလင်းပြတ်သားသော သဘောထားလည်း ဖြစ်ပေသည်။

အနာဂတ်သည် အစိမ်းရောင်ဖြစ်၏။ ပေကျင်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲနှင့် ဆောင်းရာသီ မသန်စွမ်းအိုလံပစ်ပြိုင်ပွဲတွင် အသုံးပြုသည့် နေရာပေါင်း ၃၉ နေရာထဲက ၁၀ နေရာမှာ နဂိုရှိပြီဖြစ်သော အားကစားကွင်း ဖြစ်၍ ၄ နေရာမှာ ၂၀ဝ၈ ခုနှစ် အိုလံပစ်ပြိုင်ပွဲတုန်းက အရန်သင့် ချန်ထားသော မြေနေရာနှင့် လိုက်လျောညီထွေမှုရှိသော လျှပ်စစ်ဓာတ်အားပေးစနစ်၊ ရေပေးဝေမှုစက်ရုံ အစရှိသည့် မြို့ပြအခြေခံအဆောက်အအုံများကို အသုံးပြုထားခြင်း ဖြစ်ပေသည်။ ဝူခေါဆုန်းအားကစားကွင်း (ကက်ဒီးလက်အားကစားကွင်း)ဆိုလျှင် ရေခဲပြင်အားကစားကွင်း အဖြစ်မှ ဘတ်စကက်ဘောအားကစားကွင်းအဖြစ်သို့ ၆ နာရီအတွင်း ပြောင်းလဲနိုင်စွမ်းရှိသည်။ အမျိုးသားရေကူးစင်တာကိုလည်း “ရေကုဗ”အဖြစ် မှ “ရေခဲကုဗ”အဖြစ်သို့ ပြောင်းလဲစေကာ ရေခဲပြင်ဒိုးပစ်အားကစားပြိုင်ပွဲများကို ကျင်းပခဲ့လေသည်။ အမျိုးသားစကိတ်စီးပြိုင်ပွဲကွင်း “ရေခဲဖဲကြိုး”မှာ ကမ္ဘာ့ပထမဆုံး ကာဗွန်ဒိုင်အောက်ဆိုက်အခြေပြောင်းမှတ်ဖြတ်ကျော် တိုက်ရိုက်အအေးစနစ်ဖြင့် ရေခဲပြုလုပ်သည့် ဆောင်းရာသီအိုလံပစ် အရှိန်ပြင်းရေခဲပြင်စကိတ်စီးပြိုင်ပွဲကွင်း ဖြစ်လာခဲ့၍ ကာဗွန်ထုတ်လွှတ်မှုမှာ သုညနီးပါးမျှသာ ရှိလေသည် . . . အစိမ်းရောင်အိုလံပစ်က တရုတ်နိုင်ငံ၏ အစိမ်းရောင်ဖွံ့ဖြိုးရေး ကတိကဝတ်ကို ထင်ဟပ်ပြသနေပေသည်။

အနာဂတ်သည် ကျန်းမာကြံ့ခိုင်၏။ ။ ရေခဲနှင့်ဆီးနှင်းအားကစားလှုပ်ရှားမှုမှာ လူကြိုက်များလာ၍ တရုတ်တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးကို အားပေးရာ ရောက်လာခဲ့သည်။ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲနှင့်အတူ ပြည်သူလူထုသည် ရေခဲနှင့်ဆီးနှင်းအားကစားလှုပ်ရှားမှုများအပေါ် ပိုမိုကျယ်ပြန့်စွာ စိတ်အားထက်သန်လာခဲ့ပေသည်။ တရုတ်နိုင်ငံတွင် အပူပိုင်းဒေသဖြစ်သော ဟိုင်နန်ပြည်နယ် စန်းယမြို့မှသည် “ရေခဲမြို့တော်”ဖြစ်သော ဟေးလုံကျန်းပြည်နယ် ဟားအော်ပင်းမြို့အထိ ပြည်သူအမြောက်အမြား ရေခဲနှင့်ဆီးနှင်းအားကစားကွင်းသို့ အရောက်လာကြကာ တစ်မူထူးခြားသော ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်ခြင်း၏ ပျော်ရွှင်မှုကို ကိုယ်တွေ့ခံစားခဲ့ကြသည်။ တရုတ်နိုင်ငံ၏ ပေကျင်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကို အကြောင်းပြု၍ “ပြည်သူ သန်း ၃၀ဝ အား ရေခဲနှင့်ဆီးနှင်းအားကစားလှုပ်ရှားမှုများတွင် ပါဝင်လာစေရေး” ရည်မှန်းချက်မှာ အကောင်အထည်ဖော်လာခဲ့ပေသည်။

အနာဂတ်သည် စည်းလုံးညီညွတ်၏။ ။ ကမ္ဘာတစ်ဝန်းတွင် ပေကျင်းအိုလံပစ်ပြိုင်ပွဲအား လှိုက်လှိုက်လှဲလှဲ ဆုမွန်ကောင်း တောင်းပေးကြသည့် စိတ်အားထက်သန်သော ပြည်သူများ ရှိကြပေသည်။ ရုရှားနိုင်ငံက အငြိမ်းစား စစ်ဆရာဝန် ဗလာဒီမြာ·ဗော်ရိုဘီယော့ဖ်သည် ပေကျင်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲအတွက် သီချင်းရေးစပ်ပေးပြီး နိုင်ငံအသီးသီးမှ အိုလံပစ်ပြိုင်ပွဲဝင်များကို အားပေးခဲ့သည်။ ၁၈၇ မီတာမြင့်သော အီဂျစ် ကိုင်ရိုမျှော်စင်ထက်တွင် “ပေကျင်းဆောင်းရာသီအိုလံပစ်”၊ “ပေကျင်း ၂၀၂၂” ဟူသော စာတန်းနှင့် ရုပ်ပုံများ ဖော်ပြကာ အဆိုပါဒေသရှိ ပြည်သူလူထုအား ပွဲတော်ကြီးကျင်းပနေပြီ ဖြစ်ကြောင်း ကြေညာခဲ့သည်။ တရုတ် ရေခဲပြင်ဒိုးပစ်အားကစားသမားအတွဲက ပြိုင်ဘက် အမေရိကန်အားကစားသမားအတွဲအား ပေကျင်းဆောင်းရာသီအိုလံပစ် လာဘ်ကောင် ပင်းတွင်းတွင်း(Bing Dwen Dwen)တံဆိပ်ကို လက်ဆောင်အဖြစ် ပေးခဲ့သည်။ ရွှေတံဆိပ်ဆွတ်ခူးရရှိသူ တရုတ်အမျိုးသမီးနှင်းလျှောစီး အားကစားသမား ဂူအိုင်လင်သည် ချန်ပီယံနှင့် ကပ်လွဲခဲ့ရှာသည့် ပြိုင်ဘက်အားကစားသမား တက်စ်·လီဒူးကို ပြိုင်ပွဲအပြီးတွင် အားပေးနှစ်သိမ့်ခဲ့သည် . . . အားကစားသည် လူသားမျိုးနွယ်အသိုက်အဝန်း၏ တူညီသော ဘုံဘာသာစကား ဖြစ်သည်။ ၎င်းက လူတို့အား ပိုမိုနီးကပ်လာစေပြီး ကမ္ဘာကြီးအား စိတ်အားထက်သန်မှုများ အပြည့်နှင့် ဖြစ်လာစေသည့်တစ်ချိန်တည်းတွင် ချစ်ခြင်းတရားများ အပြည့်နှင့်လည်း ဖြစ်လာစေကာ ကမ္ဘာကြီးအား ပိုမိုစည်းလုံး ညီညွတ်လာစေခဲ့ပေသည်။

ကိုဗစ်-၁၉ ကပ်ရောဂါ၏ စိန်ခေါ်မှုအောက်တွင် တရုတ်နိုင်ငံသည် ရိုးရှင်း၊ လုံခြုံ၊ ပြောင်မြောက်သော အိုလံပစ်အားကစားပွဲတော်ကြီးတစ်ခုကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး ပြိုင်ပွဲဝင်များမှာလည်း မိမိတို့၏ အားကစားစွမ်းရည်ကို အားပါးတရ ထုတ်ဖော်ပြသနိုင်ခဲ့ကာ နိုင်ငံအသီးသီးက အားကစားပရိသတ်များမှာလည်း ပြိုင်ပွဲကြည့်ရခြင်း၏ ပျော်ရွှင်မှုကို အားပါးတရ မျှဝေနိုင်ခဲ့ကြပေသည်။ ကိုဗစ်-၁၉ ကပ်ရောဂါ၏ တိမ်ညိုအုံ့မှိုင်း မြူခိုးဆိုင်းနေသည့်ကာလကြီးတွင် ထိုသို့သော ပျော်ရွှင်မှုမျိုးကို မရရှိခဲ့သည်မှာ ကြာပြီ ဖြစ်၏။ ပေကျင်းဆောင်းရာသီအိုလံပစ် ပြိုင်ပွဲတွင် မတူကွဲပြားသော အသားအရောင်၊ လူမျိုး၊ တိုင်းပြည်တို့မှ အားကစားသမားတို့ အတူပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အပြန်အလှန်လေးစားမှု၊ တန်းတူညီမျှ ဆက်ဆံမှုဟူသော ကြည်နူးဖွယ်ရာများ ဖြစ်ရပ်များ ဖြစ်ပေါ်လာခဲ့သကဲ့သို့ ကမ္ဘာ့နိုင်ငံအသီးသီးတို့လည်း အေးအတူပူအမျှ အတူတကွရှိကြကာ အနာဂတ်၏ ပိုမိုကြီးမားသော ခွန်အားဆီသို့ အတူလှမ်းချီလာခဲ့ကြပေသည်။
မဂ္ဂဇင်းအထွေထွေဆောင်းပါး