အရာအားလုံးအတွက် “လမ်းညွှန်”လေ့လာမှုများ ကြိုတင်ပြုလုပ်နိုင်ခြင်း

2022-04-27 19:16:23 |သတင်းအရင်းအမြစ် 《吉祥》杂志

တရုတ်လူငယ်များသည် လမ်းညွှန်များကို ကြိုတင်လေ့လာရန် မည်မျှကြိုက်နှစ်သက် သနည်း။ မိတ်ဆွေသူငယ်ချင်းများနှင့် ချိန်းဆိုပြီး ထမင်းအတူတူသွားစားကြရာတွင် စားသောက်ဆိုင်ရှေ့သို့ ရောက်လျက်ရှိသော်လည်း အွန်လိုင်းမှ အခြားစားသုံးသူတို့၏ မှတ်ချက်များကို အရင် ဖတ်ကြည့်ပြီးမှသာ ရွေးချယ်စားသုံးလေ့ရှိပါသည်။ ခရီးသွားလျှင်လည်း အိပ်ရေးအပျက်ခံပြီး လူမှုကွန်ရက်ဝက်ဘ်ဆိုက်များကို ပြည့်ပြည့်စုံစုံ ဝင်ရောက်ရှာဖွေလေ့လာလေ့ရှိသည်။ သို့မဟုတ်ပါက စာမေးပွဲမဖြေခင် စာမကျက်ထားသကဲ့သို့ ပူပန်ရမည်။ လမ်းညွှန်ဆိုသည်မှာ နံနက်ခင်း၏ ပထမဆုံးသောက်သုံးသော ကော်ဖီတစ်ခွက်ကဲ့သို့ပင်ဖြစ်ပြီး မရှိမဖြစ် လိုအပ်သည် မဟုတ်သော်လည်း သောက်သုံးသူကို တစ်ကိုယ်လုံး နွေးထွေးမှု ခံစားရစေနိုင်ကာ အိပ်ချင်စိတ်ကိုလည်း ဖယ်ရှားပေးနိုင်ပါသည်။ သို့သော်လည်း လမ်းညွှန်ကောင်းနှင့် လမ်းညွှန်ဆိုး ရောထွေးနေပြီး အချို့သည် ရှာဖွေသည့် လမ်းညွှန်အတိုင်း ဆောင်ရွက်သော်လည်း စိတ်တိုင်းမကျနိုင်ပေ။

မုန့်ဆိုင်တစ်ဆိုင်သို့ ဝင်ရောက်ပြီးနောက် ထန်လီ၏ ပထမဆုံးဆောင်ရွက်မှုမှာ ဒေသလူနေမှုဘဝအချက်အလက်များနှင့် ကုန်သွယ်ရေးပလက်ဖောင်းတစ်ခုဖြစ်သော Dianping၏ ဝက်ဘ်ဆိုက်စာမျက်နှာကို ဖွင့်လိုက်ပြီး ယင်းဆိုင်အပေါ် အထွေထွေမှတ်ချက်များနှင့် အကြံပြုထားသော ကုန်ပစ္စည်းများကို ကြည့်ရှုခြင်းဖြစ်သည်။ ထို့နောက် လူမှုအီးကောမက်စ် ပလက်ဖောင်းဖြစ်သော Xiaohongshu စာမျက်နှာကို ဖွင့်ပြီး အချိုရည်(သို့) အချိုပွဲတစ်မျိုးအပေါ် မှတ်ချက်ပေးမှုများကို ရှာဖွေကြည့်သည်။ ယင်းဆိုင်ကို အရင်သွားရောက်ဖူးသူများမှ ရိုက်ကူးထားသော အလှဓာတ်ပုံများမှတစ်ဆင့် ဆိုင်တွင်း ဓာတ်ပုံရိုက်ကူးရန် အသင့်တော်ဆုံးသော နေရာကို ခန့်မှန်းကြည့်နိုင်ပါသည်။“ဆိုင်ထဲမဝင်ခင် ရှာဖွေလေ့လာတာတွေကို ဘာမှမလုပ်ထားရင် လုံခြုံမှုခံစားချက် တော်တော်လေး မရှိဘူး”ဟု ထန်လီက ပြောပါသည်။ အနားပတ်ဝန်းကျင်မှ လူများက ယင်းအပြုအမူအပေါ် နားမလည်ဟု တစ်ကြိမ်မက ဆိုဖူးစေကာမူ ယင်းဆုံးဖြတ်ခြင်းနည်းလမ်းမှာ ထန်လီအတွက် အသားကျနေလေသည်။ “အီး-ကောမက်စ် ပလက်ဖောင်းမှာ ကုန်စည်တွေ မိတ်ဆက်ရောင်းဝယ်တာနဲ့ ဆင်တူပါတယ်။ ခါတိုင်း ဝယ်လိုအား လုံးဝမရှိတဲ့ ကုန်စည်တစ်ခုကို တိုက်ရိုက်ထုတ်လွှင့်သူက သုံးလေးခွန်းမိတ်ဆက်ပေးလိုက်တာနဲ့ မဝယ်ရင် မဖြစ်တော့သလို ဝယ်လိုစိတ် ချက်ချင်း ဖြစ်ပေါ် စေနိုင်ပါတယ်”ဟု ထန်လီက ဆက်လက်ပြောပါသည်။

မျက်နှာစိမ်းသော ပတ်ဝန်းကျင်၏ မသေချာမရေရာမှုကြောင့် လူတို့ကို လမ်းညွှန်များ ကြိုတင်လေ့လာရန် လှုံ့ဆော်ပေးနိုင်ကြောင်း ပေကျင်းဆရာအတတ်သင်တက္ကသိုလ်မှ ကထိကဆရာမ လီဟွေကျုံက ထင်မြင် ယူဆပါသည်။

နေထိုင်မှုဘဝတွင် ရှောင်ချီက လမ်းညွှန်များကို လွန်စွာမှီခိုခဲ့ပါသည်။ အချိုပွဲဓာတ်ပုံ ၉ ပုံ ပြည့်ဝစွာ ရိုက်ကူးကာ လူမှုကွန်ရက်တွင် တင်နိုင်ရန် သူမသည် တစ်နေ့တည်း ကိတ်မုန့်ဆိုင် ၇ ဆိုင်ကို ဆက်တိုက် သွားရောက်ခဲ့သည်။ အစီအစဉ်အရ ရှုခင်းသာနေရာ အနှံ့အပြား သွားရောက်လေ့လာကြည့်ရှုရန် မိုးရွာသောနေ့တွင်လည်း ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့ရှိ သမုဒ္ဒရာလမ်း (Great Ocean Road) နံဘေးရှိ ပင်လယ်ရှုခင်းကို သွားရောက်ကာ ရှုစားခဲ့ပါသည်။ ထိုကဲ့သို့ ကြိုးစားပမ်းစား သွားရောက်ရသည့် အကြောင်းရင်းမှာမူ အလွန်ရိုးရှင်းပါသည်။ WeChat Moment တွင် ဓာတ်ပုံတင်လျှင် ကြည့်ကောင်းခြင်းကြောင့်ဖြစ်သည်။ လွန်ခဲ့သော ၂ နှစ်က ရှိန်ရမ်မြို့တွင် ပထမဆုံး အင်တာနက်တွင် နာမည်ကျော်ကြားသော နို့လက်ဖက်ရည်ဆိုင်ကို ဖွင့်လှစ်ခဲ့ပါသည်။ ရှောင်ချီက အကြိမ်များစွာ သောက်ဖူးသော်လည်း ပထမဆုံးဆိုင်ဟူသော လမ်းညွှန်ကို ဖတ်ကြည့်လိုက်ရသည့် အတွက်ကြောင့် သွားရောက်ဝယ်ယူရန် ဆုံးဖြတ်လိုက်ပါသည်။ “ကျွန်မ ၄ နာရီကြာ တန်းစီပြီးမှ ဝယ်ရခဲ့တာပါ။ တစ်နာရီ၊ နှစ်နာရီ စောင့်ပြီးလို့ရှိရင် လက်လွတ်ရမှာလည်း နှမြောစရာကြီးပါ”ဟု ရှောက်ချီက ပြောပြသည်။

လမ်းညွှန်အတိုင်း လက်တွေ့ကျကျ သွားရောက်လေ့လာသည်မှာ အမှတ်တံဆိပ်ကပ်ပေးသည့် နည်းလမ်းတစ်မျိုးဖြစ်ကြောင်း၊ နို့လက်ဖက်ရည် တစ်ခွက်အတွက် သုံးလေးနာရီ တန်းစီရသော်လည်း WeChat Moment တွင် တင်ခြင်း၊ likeများ ရရှိခြင်းကြောင့် ရရှိသည့် စိတ်ခံစားချက်မှာမူ ရိုးရိုးစားသောက်ဆိုင်သို့ သွားရောက်စားသုံးမှုခံစားချက်နှင့် မတူညီကြောင်း လီဟွေကျုံက မှတ်ယူပါသည်။ “လမ်းညွှန်အတိုင်း လက်တွေ့ကျကျ သွားရောက်လေ့လာပြီးနောက် လူတို့အပေါ်ထားရှိတဲ့ ထူးခြားတဲ့ အမှတ်တံဆိပ်ဟာ ပိုပြီး ထင်ရှားပေါ်လွင်လာပါတယ်။ မိတ်ဆွေအသိုက်အဝန်းထဲက လူတွေက သင့်အပေါ် ပိုပြီး အပြုသဘောဆောင်တဲ့ မှတ်ချက်တွေ ထားရှိတတ်ပါတယ်”ဟု လီဟွေကျုံက အကောင်းဆုံး ခွဲခြားသီအိုရီအတိုင်း ထပ်ဆင့်ရှင်းပြပါသည်။

အချို့လူများကလည်း အခြားသော နည်းလမ်းများ ရှာဖွေတတ်ကာ“လမ်းညွှန်များအား ပြန်လည်စူးစမ်းလေ့လာခြင်း” ပုံစံကို စတင်လိုက်သည်။ ၎င်းပုံစံဆိုသည်မှာ အချို့လူများက လမ်းညွှန်အတိုင်း လေ့လာ စူးစမ်းပြီးနောက် မတူသော သဘောထားများကို တင်ပြလိုက်ကာ လူမှုမီဒီယာတွင် ရေးသားဖော်ပြလိုက်ခြင်းပင် ဖြစ်ပါသည်။

ရှောင်ချီသည်လည်း လမ်းညွှန်များအား အလေးမထားတော့ဘဲ စမ်းကြည့်ပြုလုပ်နေပါသည်။ မျက်နှာစိမ်းသော နေရာများကို သွားရောက်ရသည်မှာ နည်းနည်းတော့ စိုးရိမ်လျက်ရှိသော်လည်း ခရီးထွက်ခြင်းအပေါ် ပို၍ မျှော်လင့်ထားပါသည်။ သူမသည် အရက်ဘား၏ ကောင်တာရှေ့တွင် စုံတွဲနှစ်ဦး ရယ်မောရင်း စကားစမြည်ပြောနေသည့် မြင်ကွင်းကို အမှတ်တမဲ့ တွေ့မြင်ဖူးခဲ့ပါသည်။ “မီးရောင်မှိန်မှိန်အောက်မှာ ရုပ်ရှင်မြင်ကွင်းလို ရောက်ရှိခဲ့တာပါ။” ယင်းမြင်ကွင်းမှာ ချမ်းမြေ့ ပျော်ရွှင်မှုနှင့် ပြည့်နှက်နေတယ်ဟု ရှောင်ချီက ယူဆပြီး ချက်ချင်းပင် ဓာတ်ပုံရိုက်ကာ ထိုစုံတွဲကို ပြသခဲ့သည်။ ထိုအခါ ဓာတ်ပုံအရိုက်ခံရသည့် မိန်းကလေးမှာ အလွန်ပျော်ရွှင်သွားပြီး အဆိုပါဓာတ်ပုံကို သူမကို ပို့ပေးရန် ရှောက်ချီအား တောင်းဆိုခဲ့ပါသည်။ “လူတစ်ယောက်နဲ့ တစ်ယောက် တူညီတဲ့ လမ်းညွှန်တွေနဲ့စာရင် ဒီအမှတ်တမဲ့တွေဟာ သင့်အတွက် အထူးအမှတ်တရတွေဖြစ်စေတာပါ” ဟု ရှောင်ချီက ဆိုသည်။