ကျွန်မနာမည်က မမေမိုးယမုံပါ။ မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ နေပါတယ်။ အခုဆိုရင် ကျွန်မ တရုတ်စာကို လေ့လာနေတာ ၁ဝ စုနှစ်တစ်ခု ရှိပါပြီ။
ကျွန်မက သွေးနှောတဲ့ မြန်မာတစ်ယောက် ဖြစ်ပါတယ်။ မွတ်စလင်၊ တရုတ်၊ မြန်မာ သွေးနှောပါတယ်။ တရုတ်သွေးနှောပေမယ့် မိဘနှစ်ပါးကစပြီး အိမ်သားတွေ အားလုံး တစ်ယောက်မှ တရုတ်စကား ပြောလေ့မရှိပါဘူး။
ကျွန်မကို ၃ နှစ်အရွယ်မှစပြီး တရုတ်စာမူကြိုကျောင်းကို ပို့ခဲ့ပါတယ်။ အတန်းထဲမှာ အတန်းဖော်အများစုရဲ့ မိဘတွေက တရုတ်စကား ပြောလေ့ရှိတာကြောင့် သူတို့က ကျောင်းမှာ သင်ယူရတာ အခက်အခဲမရှိကြဘူး။ ကျွန်မအနေနဲ့ကတော့ တခါမှ မထိတွေ့ဖူးတဲ့ အရာဖြစ်တာကြောင့် အတော်လေးကို ခက်ခဲခဲ့ရသလို ပင်ပန်းခဲ့ရပါတယ်။ စာအကြောင်း နားမလည်ရင် မေးဖို့ ကျောင်းကလွဲပြီး မေးစရာမရှိပါဘူး။ ကျောင်းက ဆရာမကို မေးရန်မှအပ မေးစရာလူ မရှိပါဘူး။ ကံကောင်းတာကတော့ ကျွန်မအပေါ် အရမ်းကောင်းသလို လိုအပ်တာ၊ လုပ်သင့်တာ မှန်သမျှ ဆုံးမပေးတဲ့ တရုတ်စာ သင်ကြားပို့ချပေးတဲ့ ဆရာမတစ်ဦးကို တွေ့ခဲ့ပါတယ်။ သူမက တရုတ်ဘာသာစကားပြိုင်ပွဲ၊ တရုတ်သီချင်းဆိုပြိုင်ပွဲ၊ အကပြိုင်ပွဲ စတဲ့ပြိုင်ပွဲတွေ အားလုံးကို ဝင်ပြိုင်စေပြီး တတ်ကျွမ်းတဲ့အထိ လေ့ကျင့်ပေးခဲ့တယ်။
ဒီလိုနဲ့ပဲ အလယ်တန်းကျောင်းကို တက်တုန်းက ကံကောင်းတာတစ်ခုကတော့ ကျွန်မတို့ကျောင်းကို နှစ်စဉ်ဆိုသလို တရုတ်ပြည်မှ တရုတ်နိုင်ငံသားတွေ လာလေ့ရှိပါတယ်။ အဲဒီအချိန်မှာ ကျွန်မက ဆရာမတွေနဲ့ စကားပြန်အဖြစ် လိုက်ပါခဲ့ပါတယ်။ အဲဒီတုန်းက ကျွန်မရဲ့ တရုတ်စာက မူလတန်းအဆင့်ပဲရှိသေးတာကြောင့် ဆရာမတွေက သွားလာရင်း ခဏခဏ သင်ကြားပေးတတ်ပါတယ်။ အဲဒီအချက်က ကျွန်မရဲ့ တရုတ်စာအပေါ် လေ့လာချင်တဲ့ဆန္ဒ ပိုပြီးမြင့်မားလာသလို တရုတ်နိုင်ငံနဲ့ပတ်သက်ပြီး သိလိုတဲ့အရာတွေ ပိုမိုများပြားလာခဲ့ပါတယ်။ မြန်မာအထက်တန်းအောင်ပြီးနောက် ကျွန်မက မြန်မာပြည်က တရုတ်စာမူကြိုကျောင်းတစ်ကျောင်းမှာ ဆရာမအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
လုပ်ငန်းခွင်စရောက်ချိန်မှာ ကျွန်မရဲ့ တရုတ်စာအဆင့်အတန်းက အလယ်တန်းကို ရောက်ရှိနေပါပြီ။ ဒါပေမယ့် ပညာရဲ့ တန်ဖိုးကို ကျွန်မ ပိုမိုနားလည်လာမိပြီး ပိုမိုလေ့လာချင်မိပါတယ်။ အဲဒီအချိန်ကစပြီး ကိုယ်နဲ့ သင့်တော်မယ့် သင်တန်းကို ကိုယ်တိုင်ရှာဖွေ တက်ရောက်ခဲ့ပါတယ်။ ရုပ်ရှင်တွေ ပိုကြည့်ဖြစ်ပြီး သီချင်းတွေ ပိုနားထောင်ဖြစ်ပါတယ်။ ကိုယ့်ရဲ့ တရုတ်စာအရည်အသွေးက အဆင့်တစ်ခုကို ထပ်တိုးခဲ့ပါတယ်။
အိမ်က အုပ်ထိန်းသူများကလည်း လိုအပ်တဲ့ အရာတွေကို ပံ့ပိုးပေးခဲ့ပါတယ်။ ဒီလိုနဲ့ပဲ တရုတ်ပြည်ကို ကျောင်းသွားတက်ချင်တဲ့ အိပ်မက်တစ်ခု ဖြစ်ပေါ်လာခဲ့တယ်။ အဲဒီအချိန်ကစလို့ ကျောင်းသွားတက်ဖို့ ပြင်ဆင်ခဲ့ပါတယ်။ လိုအပ်တဲ့ စာမေးပွဲတွေ ဖြေ၊ ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ပြီး တရုတ်ပြည်ကကျောင်းကို ပညာတော်သင်အနေနဲ့ လျှောက်ထားခဲ့ပါတယ်။ ကိုယ့်ဘက်က အချက်အလက် ပြည့်စုံတာကြောင့် ယူနန်ပြည်နယ်မှာရှိတဲ့ ကျောင်းတစ်ကျောင်းမှာ အခမဲ့တက်ရောက်ခွင့် ရခဲ့ပါတယ်။ ဒါ့အပြင် လစဉ်ထောက်ပံ့ကြေးပါ ရရှိခဲ့ပါတယ်။
တဖြည်းဖြည်းနဲ့ တရုတ်စာကို လေ့လာရတဲ့ ပျော်ရွှင်မှုကို ပိုပြီးခံစားမိလာပါတယ်။ တရုတ်စာကို လေ့လာလေ တရုတ်နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ပိုသိချင်လာမိလေပါပဲ။ တရုတ်ယဉ်ကျေးမှု၊ တရုတ်သမိုင်း၊ တရုတ်အစားအစာတွေကိုလည်း ပို၍ပို၍ နှစ်သက်လာပါတယ်။
တရုတ်စာ၊ တရုတ်ယဉ်ကျေးမှု ထုံးတမ်းစဉ်လာတွေကို ကျွန်မတို့ မြန်မာနိုင်ငံကို ဖြန့်ပေးချင်ပါတယ်။ ကျွန်မက တရုတ်စာကို ကျွမ်းကျင်အောင် လေ့လာပြီး ကျွန်မတို့ မြန်မာနိုင်ငံမှာ တရုတ်ကျောင်း တည်ထောင်ချင်တယ်။ ဒါကတော့ ကျွန်မရဲ့ ပိုပြီး ခိုင်မာလာတဲ့ အနာဂတ်အိပ်မက်တွေပါ။ အခုကတော့ ကမ္ဘာ့ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကျောင်းကို သွားမတက်ရဘဲ လိုင်းပေါ်ကနေပဲ တက်ရောက်နေရပါတယ်။ ဘယ်လိုပင် ဖြစ်စေကာမူ စာသင်ချင်တဲ့စိတ်ရှိရင် ဘယ်နေရာကမဆို စာကို ကောင်းကောင်းလေ့လာနိုင်ပါတယ်ဆိုတာ ကျွန်မ ယုံကြည်ပါတယ်။
အခုလို တရုတ်စာကို လေ့လာခွင့်ပေးတဲ့ မိဘနှစ်ပါးနဲ့ ဘဝတစ်လျှောက်လုံးမှာ တွေ့ခဲ့တဲ့ ဆရာ၊ ဆရာမတွေကို အရမ်းကို ကျေးဇူးတင်မိပါတယ်။ ကျွန်မအနေနဲ့ တရုတ်ဆိုရိုးစကားတစ်ခွန်းကို စာဖတ်ပရိသတ်တွေနဲ့ မျှဝေခံစားချင်ပါတယ်။ “ဘယ်လောက်ပဲ ခက်ခဲနေပါစေ။ လုပ်ချင်တဲ့ဆန္ဒရှိရင် လောကကြီးမှာ လုပ်လို့မရတဲ့ကိစ္စ တစ်ခုမှမရှိသလို၊ အခက်အခဲတွေကိုလည်း အမြဲတမ်း ကျော်လွှားနိုင်ပါတယ်။”