တရုတ်နှင့် အမေရိကန်တို့တွင် ဘုံမိတ်ဆွေသင်္ဂဟအသိုက်အဝန်းရှိနိုင်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနပြော

2022-05-16 20:11:47
အရင်းအမြစ်:新华网

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းအား မေ ၁၃ ရက် ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဓါတ်ပုံ- တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်)


 

တရုတ်နှင့် အမေရိကန်တို့သည် အာရှ-ပစိဖိတ်ဒေသတွင်းနိုင်ငံများဖြစ်ကြပြီး တူညီသော မိတ်ဆွေသင်္ဂဟအသိုက်အဝန်းရှိနိုင်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ‌ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက မေ ၁၃ ရက်တွင် ပြောကြားခဲ့သည်။ အဓိကလုပ်ဆောင်သင့်သည်မှာ အာရှ-ပစိဖိတ်ဒေသတွင်း နိုင်ငံများ၏ ငြိမ်းချမ်းရေးထိန်းသိမ်းခြင်း၊ နက်နက်ရှိုင်းရှိုင်းပူးပေါင်းဆောင်ရွက်ခြင်း၊ ဖွံ့ဖြိုးတိုးတက်မှု ရရှိရန် အတူကြိုးပမ်းခြင်း၏ သဘောဆန္ဒကို နားလည်ရန်နှင့်၊ အပြန်အလှန်လေးစားမှု၊ ဘုံအကျိုးဖြစ်ထွန်းမှုကို ခိုင်မာစွာလက်ကိုင်ပြုရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထိုနေ့ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက “အမေရိကန်အိမ်ဖြူတော်မှ မေ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သည့် အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေး အကောင်အထည်ဖော်မှုစာရင်းတွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အမေရိကန်နှင့် အာဆီယံအကြား ဆက်ဆံရေးပိုမိုနက်ရှိုင်းစေရန် အခြေခံအဆောက်အအုံ၊ လုံခြုံရေး၊ ကပ်ရောဂါတိုက်ဖျက်ရေး စသည့်ကဏ္ဍများတွင် စုစုပေါင်း ဒေါ်လာ သန်း ၁၅၀ ကျော် ထောက်ပံ့မည့်အဆိုပြုချက်ကို ကြေညာခဲ့သည်။ အမေရိကန်၏ အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်မှု အဆိုပြုချက်က တရုတ်-အာဆီယံပူးပေါင်းဆောင်ရွက်မှုကို ရည်ရွယ်ရန်ဖြစ်သည်ဟု တရုတ်နိုင်ငံမှ ယူဆပါသလား။ တရုတ်-အာဆီယံ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အခြေအနေများကို ထပ်ဆင့်မိတ်ဆက်ပေးနိုင်ပါသလား” ဟု မေးမြန်းခဲ့သည်။

တရုတ်နိုင်ငံသည် အာဆီယံ၏ အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်း၊ မိတ်ဖက်ကောင်း ဖြစ်သည့်အလျောက် အိမ်နီးချင်းသံတမန်ဆက်ဆံရေးတွင် အာဆီယံအား ဦးစာပေးသည့် ဦးတည်ချက်သည် မပြောင်းမလဲခိုင်မာလျက်ရှိပြီး ချစ်ကြည်ရင်းနှီးမှုနှင့် အားလုံးပါဝင်နိုင်မှု အတွေးအမြင်ဖြင့် ပူးပေါင်းဆောင်ရွက်ကာ အတူဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေး လုပ်ဆောင်ပေးလျက်ရှိသည်။ တရုတ်-အာဆီယံ ဆွေးနွေးဖက် ဆက်ဆံရေး ထူထောင်ခြင်း ၃၁ နှစ် တာကာလအတွင်း၌ နှစ်ဖက်ဆက်ဆံရေး အံ့ဩဖွယ်ဖွံ့ဖြိုးတိုးတက်မှုအား အကောင်အထည်ဖော်နိုင်ခဲ့ပြီး နိုင်ငံ ၁၁ နိုင်ငံမှ ပြည်သူ ၂ ဘီလီယံကျော်အတွက် လက်တွေ့ကျသော အကျိုးကျေးဇူးများ ဆောင်ကြဉ်းနိုင်ခဲ့ကြောင်း ကျောက်လိကျန်းက ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာတွင် သမ္မတရှီကျင့်ဖိန်က တရုတ်-အာဆီယံ ဆွေးနွေးဖက် ဆက်ဆံရေး ထူထောင်ခြင်း နှစ် ၃၀ ပြည့် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးတွင် တရုတ်နိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအား နောက်ထပ် ကိုဗစ်ကာကွယ်ဆေး သန်း ၁၅၀ ထောက်ပံ့ပေးမည်ဖြစ်ပြီး လာမည့် ၃ နှစ်အတွင်း အာဆီယံသို့ ကပ်ရောဂါတိုက်ဖျက်ရေးနှင့် စီးပွားရေး ပြန်လည်ကောင်းမွန်ရေးအတွက် ဖွံ့ဖြိုးတိုးတက်ရေး အကူအညီအဖြစ် အမေရိကန် ဒေါ်လာ ၁.၅ ဘီလီယံ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ လာမည့် ၅ နှစ်တာကာလတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကန်ဒေါ်လာ ၁၅၀ ဘီလီယံတန်ဖိုးရှိသော လယ်ယာထုတ်ကုန် များ တင်သွင်းရန် တရုတ်နိုင်ငံမှ ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ကြေညာခဲ့ကြောင်း ကျောက်လိကျန်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ၎င်း၏ကတိကဝတ်ကို အမြဲဆောင်ရွက်လျက်ရှိပြီး တရုတ်-အာဆီယံ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို အကောင်အထည်ဖော်ရန် အစွမ်းကုန်ကြိုးပမ်းကာ အာဆီယံနှင့်အတူ တည်ငြိမ်အေးချမ်းရေး ၊ သာယာဝပြောရေးနှင့် ချစ်ကြည်ရေး အသိုက်အဝန်းအဖြစ် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ကျောက်လိကျန်းက ပြောကြားခဲ့သည်။ ယခုနှစ်အတွင်း နှစ်ဖက်နယ်ပယ်အသီးသီး ပူးပေါင်းဆောင်ရွက်ရေး အရှိန်မြှင့်တင်ကာ ဖွံ့ဖြိုးတိုးတက်လာပြီး အလားအလာကောင်းဆီသို့ ဆက်လက်ဦးတည်နေသည်။ ယခုနှစ် ပထမ ၄ လအတွင်း နှစ်ဖက်ကြား ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၂၈၉ ဒသမ ၂၇ ဘီလီယံရှိပြီး ကာလတူထက် ၉ ဒသမ ၄ ရာခိုင်နှုန်း တိုးမြင့်လာကာ အာဆီယံသည် တရုတ်နိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်အဖြစ် ရပ်တည်ခဲ့သည်။

တရုတ်နိုင်ငံသည် အတူဆွေးနွေးညှိနှိုင်းခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၊ မျှဝေခံစားခြင်း မူဝါဒကို လက်ကိုင်ကာ တန်းတူရည်တူ ဆွေးနွေးညှိနှိုင်းမှု သဘောထားဖြင့် အာဆီယံမှ ဦးဆောင်သော ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေး လုပ်ဆောင်လျက်ရှိသည်။ ဘုံအကျိုးဖြစ်ထွန်းခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်းနှင့် အားလုံးပါဝင်နိုင်မှုက တရုတ်-အာဆီယံ ပူးပေါင်းဆောင်ရွက်မှု၏ အခြေခံအုတ်မြစ်ဖြစ်သည်။ တရုတ်နှင့် အာဆီယံတို့ကြား ပူးပေါင်းဆောင်ရွက်မှုသည် ချစ်ကြည်ရင်းနှီးမှု ပိုမိုနက်ရှိုင်းလာစေရန်နှင့် အပြန်အလှန်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုများ ခိုင်မာစေရန်၊ ဒေသတွင်းတည်ငြိမ်မှုကို ထိန်းသိမ်ရန်နှင့် ဘုံရည်မှန်းချက်ဖြစ်သည့် ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ရန် ဖြစ်ကြောင်း ကျောက်လိကျန်းက ဆိုသည်။


မိမိတို့အနေဖြင့် သူနိုင်ကိုယ်နိုင်ယှဉ်ပြိုင်ခြင်းနှင့် အုပ်စုဖွဲ့ထိပ်တိုက်ရင်ဆိုင်ခြင်း မပြုဘဲ ဒေသတွင်းရေရှည်ဖွံ့ဖြိုးတိုးတက်မှုနှင့် ဘုံသာယာဝပြောမှုအားကောင်းစေသည့် ပူးပေါင်းဆောင်ရွက်ခြင်း မှန်သမျှကို ကြိုဆိုကြောင်း၊ သို့သော် အမေရိကန်၏ အဆိုက တရုတ်ကို ရည်ရွယ်မှုရှိပါသလားဆိုသည်ကိုမူ အမေရိကန်အား မေးမြန်းသင့်ကြောင်း ၎င်းကဆိုသည်။

တရုတ်နှင့် အမေရိကန်တို့သည် အာရှ-ပစိဖိတ်ဒေသတွင်းနိုင်ငံများဖြစ်ကြပြီး တူညီသော မိတ်ဆွေသင်္ဂဟအသိုက်အဝန်းရှိနိုင်သည်။ အဓိကလုပ်ဆောင်သင့်သည်မှာ အာရှ-ပစိဖိတ်ဒေသတွင်း နိုင်ငံများ၏ ငြိမ်းချမ်းရေးထိန်းသိမ်းခြင်း၊ နက်နက်ရှိုင်းရှိုင်းပူးပေါင်းဆောင်ရွက်ခြင်း၊ ဖွံ့ဖြိုးတိုးတက်မှု ရရှိရန် အတူကြိုးပမ်းခြင်း၏ သဘောဆန္ဒကို နားလည်ရန်နှင့်၊ အပြန်အလှန် လေးစားမှု၊ ဘုံအကျိုးဖြစ်ထွန်းမှုကို ခိုင်မာစွာလက်ကိုင်ပြုရမည်ဖြစ်သည်။ ဒေသတွင်း ရေရှည်အကျိုးဖြစ်ထွန်းမှုကို ရှေ့ဆောင်ကာ ဒေသတွင်းတည်ငြိမ်းအေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်ရေးတွင် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်သင့်ကြောင်းနှင့် ကောင်းမွန်သော စိတ်သဘောထားနှင့် အပြုသဘောဆောင်မှုဖြင့် အာရှ-ပစိဖိတ်ဒေသပူးပေါင်းဆောင်ရွက်အတွက် လက်တွေ့ကျသောအရာများ ပိုမိုလုပ်ဆောင်ရမည်ဖြစ်ကြောင်း ကျောက်လိကျန်းက ပြောကြားခဲ့သည်။(Xinhua)

တရုတ်နှင့် အမေရိကန်တို့တွင် ဘုံမိတ်ဆွေသင်္ဂဟအသိုက်အဝန်းရှိနိုင်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနပြော