တရုတ်နိုင်ငံ စီချွန်းပြည်နယ် ငလျင်လှုပ်ခတ်မှုကြောင့် လူပေါင်း ၁၄,၄၂၇ ဘေးသင့်ခဲ့

2022-06-06 18:58:10
အရင်းအမြစ်:新华网

တရုတ်နိုင်ငံ၊ စီချွမ်းပြည်နယ်၊ လူဆန်းခရိုင်ရှိ ပြန်လည်နေရာချထားရေးနေရာကို ဇွန် ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

 

ဇွန် ၃ ရက် နံနက် ၅ နာရီအထိ တရုတ်နိုင်ငံ စီချွမ်းပြည်နယ်တွင် ငလျင်လှုပ်ခတ်မှုကြောင့် လူ ၄ ဦးသေဆုံးပြီး ၄၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယာအန်းမြို့ ငလျင်အန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ကယ်ဆယ်ရေး ပူးတွဲဌာနချုပ် သတင်းစာရှင်းလင်းပွဲမှ သိရသည်။ ကနဦးအချက်အလက်များအရ ငလျင်ကြောင့် စီချွမ်းပြည်နယ် ယာအန်းမြို့တွင် လူပေါင်း ၁၄,၄၂၇ ဦး ဘေးသင့်ခဲ့ကြောင်း သိရသည်။

ဆေးရုံတင်ကုသသည့် ဒဏ်ရာရရှိသူ ၃၁ ဦးက ဒဏ်ရာအနည်းငယ်သာရရှိပြီး လက်ရှိတွင် ၂၆ ဦးက ဆေးရုံဆင်းခဲ့ပြီး ကျန်ရစ် ၅ ဦးကိုမူ ဆေးရုံတွင် ဆက်လက်စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။ လက်ရှိတွင် ဆေးရုံရှိ အခြားဒဏ်ရာရရှိသူ ၁၀ ဦးအနက် ၇ ဦးက စိုးရိမ်ဖွယ်မရှိကြောင်းနှင့် ၂ ဦးမှာ ဒဏ်ရာပြင်းထန်သော်လည်း အသက်အန္တရာယ်မရှိကြောင်း၊ ကျန်ရစ် ၁ ဦးမှာမူ စိုးရိမ်ရသည့် အခြေအနေတွင်ရှိပြီး ယာအန်းမြို့ ပြည်သူ့ဆေးရုံတွင် ကုသမှု ခံယူနေကြောင်း သိရသည်။

ငလျင်လှုပ်ခတ်ပြီးနောက် စီချွမ်းပြည်နယ်ရှိ မြို့ခရိုင်အဆင့် ၃ အရေးပေါ် ကယ်ဆယ်ရေး၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ဆေးဘက်ဆိုင်ရာဝန်ထမ်း၊ ပြည်သူ့လုံခြုံရေး၊ ပြည်သူ့စစ်စသည့် ကယ်ဆယ်ရေးအင်အား ၇,၈၀၀ ကျော်နှင့် ကယ်ဆယ်ရေး ကိရိယာ ၄,၃၀၀ ကျော်ကို ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်ရန် စုစည်းခဲ့သည်။ လက်ရှိတွင် ယာအန်းမြို့၌ ပျက်စီးမှု ပြင်းထန်သည့် အိမ်ခြေ ၁၃၅ လုံး၊ သာမန် ပျက်စီးသည့် အိမ်ခြေ ၄,၄၄၇ လုံး ရှိရာ ယာအန်းမြို့ အလယ်တန်းကျောင်း၊ အားကစားကွင်း၊ ကျေးရွာကော်မတီတို့၌ ပြောင်းရွေ့နေထိုင်နိုင်သည့် နေရာ ၆၁ ခု ဖွင့်လှစ်ကာ လူပေါင်း ၁၃,၀၂၈ ဦးကို အရေးပေါ် ပြန်လည်နေရာချထားပြီး၊ လူပေါင်း ၇,၂၁၅ ဦးကို စုစည်းနေရာချထားကြောင်း သိရသည်။

နောက်တစ်ဆင့်အနေဖြင့် ယာအန်းမြို့သည် ကယ်ဆယ်ရေးအင်အားများကို ဆက်လက်စုစည်းစေလွှတ်ကာ ကယ်ဆယ်ရေး ရွှေရောင်ကာလတွင် ဘေးသင့်သည့် ဒေသတစ်ခုလုံး၌ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အမြန်ဆုံး ပြီးဆုံးနိုင်အောင် ကြိုးပမ်းသွားမည်ဖြစ်သည်။ တစ်ချိန်တည်းတွင် ငလျင်ဘေးသင့်သူများကို ကောင်းမွန်စွာ နေရာချပေးခြင်း၊ လမ်းများ၊ လျှပ်စစ်ဓာတ်အား ထောက်ပံ့ခြင်း၊ ဆက်သွယ်ရေးဆိုင်ရာ အဆောက်အအုံများကို အားဖြည့်ပြုပြင်သွားမည်နှင့် ငလျင်နှင့် ဘူမိဗေဒဆိုင်ရာ ဘေးအန္တရာယ် စောင့်ကြည့်ရေးနှင့် မိုးလေဝသ ခန့်မှန်းချက်များကို အားကောင်းစေပြီး အရေးပေါ် စီမံခန့်ခွဲမှုနှင့် ဘေးအန္တရာယ် ကင်းရှင်းရေး၊ လူအုပ်စုများကို ဘေးကင်စွာရွှေ့ပြောင်းရေး လမ်းညွှန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ စီချွန်းပြည်နယ် ငလျင်လှုပ်ခတ်မှုကြောင့် လူပေါင်း ၁၄,၄၂၇ ဘေးသင့်ခဲ့