ဤနေရာ၏လေကောင်းလေသန့် (၁)တန်ကို တရုတ်ငွေ(၅၀)ယွမ်ဖြင့် အဘယ်ကြောင့်ရောင်းနေရ သနည်း

2022-06-17 18:55:44
အရင်းအမြစ်:中新网

နွေရာသီတွင် တရုတ်နိုင်ငံကျန်းရှီးပြည်နယ်ကန်းနန်တောင်ဒေသ ချုံရီခရိုင် လျင်ထန်ကျေးရွာအုပ်စု လုံဖုန်းသစ်တောကွင်းသည် စိမ်းစိုသောရာသီဥတုကို ရောက်ရှိလာပြန်သည်။

နံနက်စောစောတွင် တရုတ်ကွန်မြူနစ်ပါတီ လျင်ထန်ကျေးရွာအုပ်စု တုစစ်ရွာ ပါတီကော်မတီ အတွင်း ရေးမှူး ဟွမ်တယ်ရွှင်နှင့် သစ်တောစောင့်ဝန်ထမ်း(၂)ဦးတို့သည် တောင်ပေါ်တက်ပြီး ကင်းလှည့်စစ်ဆေး နေသည်။ “အခုတော့ ဒီသစ်တောကွင်းကို ကျွန်တော်တို့ ပိုပြီး ဂရုစိုက်လာရပါတယ်။ ဒီနေရာက လေကောင်းလေသန့် တန်ချိန်(၁)တန်ကို (၅၀)ယွမ်နဲ့ ရောင်းလို့ရတယ်လေ”ဟု ဟွမ်တယ်ရွှင် က ပြောသည်။

ချုံရီခရိုင်တွင် သစ်တောလွှမ်းခြုံမှုနှုန်းသည် (၈၈.၃%)ရှိသည်။ လုံဖုန်းသစ်တောကွင်းသည် စုစုပေါင်း မျက်နှာပြင်ဧရိယာ ၅၆၀၁ ဧက ရှိပြီး အဓိကမှာ ထင်းရူးတောနှင့်ရွက်လှတောများ ဖြစ်ကြသည်။ ယခင်က ပြည်သူများသည် စိမ်းလန်းသောတောင်တန်းများကို ဆင်းရဲစွာထိန်းသိမ်းခဲ့ရပါသည်။

ဟွမ်တယ်ရွှင်ပြောသည့် လေကောင်းလေသန့်ကို “ရောင်း”သည်ဆိုသည်မှာ ကျန်းရှီးပြည်နယ်မှ သစ်တောလုပ်ငန်း Carbon sink ရောင်းဝယ်ရေးကို စမ်းသပ်လုပ်ဆောင်နေပြီး စူးစမ်းလေ့လာနေခြင်း ဖြစ်ပါသည်။

“၂၀၂၁ ခုနှစ် ချုံရီခရိုင်သည် ကျန်းရှီးပြည်နယ်သစ်တောလုပ်ငန်း carbon sink စီမံကိန်း ရှေ့ပြေးဒေသ များအနက် တစ်ခုအဖြစ်သတ်မှတ်ခဲ့သည်။ အစောပိုင်းတွက်ချက်မှုအရ ‌ဒေသတွင်း စုစုပေါင်း ၆၂၆၀ ဧက ကျော်သောသစ်တောကွင်းကို စမ်းသပ်လည်ပတ်ရန် စုစည်းလိုက်သည်။ လာမည့်(၁၀)နှစ်အတွင်း carbon fixation ပမာဏသည် တန်ချိန်(၃)သိန်း ရောက်ရှိနိုင်မည်ဖြစ်သည်” ဟု ချုံရီခရိုင် သစ်တော လုပ်ငန်းညွှန်ကြားမှုဦးစီးဌာန ဦးစီးမှူး ဟွမ်ရွှေဖုန်က ပြောသည်။

လေကောင်းလေသန့်ကို မည်သို့ရောင်းဝယ်သနည်း? သတင်းထောက်သည် ကျန်းရှီးပြည်နယ် ပြည်သူ့အရင်းအမြစ်ရောင်းဝယ်ရေးအုပ်စုသို့ စူးစမ်းလေ့လာရန် ရောက်ရှိခဲ့သည်။ Display screen ကြီး တစ်ခုပေါ်တွင် ချုံရီခရိုင် စသည့်နေရာသုံးနေရာ၏ အရောင်းအဝယ်ပြုနိုင်သော သစ်တောလုပ်ငန်း carbon sink ပမာဏကို ထင်ရှားစွာ အမှတ်အသားပြု ဖော်ပြထားသည်ကို တွေ့မြင်ရသည်။ နောက်တစ်ဖက်တွင် အရောင်းအဝယ်စျေးနှုန်း “တစ်ကီလိုဂရမ်လျှင် (၀.၀၅)ယွမ်” ဟူ၍ ဖော်ပြထား ပါသည်။

“လက်ရှိ နိုင်ငံတကာ ကာဗွန်အရောင်းအဝယ်စျေးကွက်နှင့် ပြည်တွင်းကာဗွန်ခွဲတမ်းလုပ်ငန်း၏ ထုတ်လွှတ်မှုလျှော့ချရေးစရိတ်များအရ ကျွန်တော်တို့သည် ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးနှင့် သစ်တောဝန်ကြီးဌာနတို့နှင့်အတူ တစ်ကီလိုဂရမ် (၀.၀၅)ယွမ်၊ တစ်တန်လျှင် (၅၀)ယွမ်ဖြင့် carbon sink အရောင်းအဝယ်စျေးနှုန်းကို သတ်မှတ်ရန် ညှိနှိုင်းထားသည်” ဟု ကျန်းရှီးပြည်နယ် ပြည်သူ့ အရင်းအမြစ် ရောင်းဝယ်ရေးအုပ်စု ဒုတိယအထွေထွေမန်နေဂျာ ဝမ်ဟိုင်ထောင်းက ပြောသည်။ ယခုအထိ ကျန်းရှီးပြည်နယ်မှ မိမိဆန္ဒအလျောက် ထုတ်လွှတ်မှုလျှော့ချရေးစျေးကွက်တွင် carbon sink ရောင်းဝယ်ရေး (၁၂၁)ခုဖြစ်မြောက်ပြီး ရောင်းဝယ်ရေးပမာဏသည် တန်(၅)သောင်းခန့် ရောက်ရှိနေပြီ ဖြစ်ပါသည်။
(သတင်းရင်းမြစ်၊ Chinanews၊ ဘာသာပြန်၊ မင်္ဂလာ)

 

ဤနေရာ၏လေကောင်းလေသန့် (၁)တန်ကို တရုတ်ငွေ(၅၀)ယွမ်ဖြင့် အဘယ်ကြောင့်ရောင်းနေရ သနည်း