၂၀၂၂ ခုနှစ် နိုင်ငံတကာ ယောဂနေ့နှင့် တရုတ်-အိန္ဒိယ လူမှုယဥ်ကျေးမှု အပြန်အလှန်ဖလှယ်ရေး လှုပ်ရှားမှုများ ကျင်းပ

2022-06-22 17:07:28
အရင်းအမြစ်:云南日报

ဇွန်လ ၂၁ ရက်နေ့သည် ၈ ကြိမ်မြောက် နိုင်ငံတကာယောဂနေ့ဖြစ်ပြီး ၂၀၂၂ ခုနှစ် နိုင်ငံတကာယောဂနေ့နှင့် တရုတ်-အိန္ဒိယ လူမှုယဥ်ကျေးမှု အပြန်အလှန်ဖလှယ်ရေးလှုပ်ရှားမှုအစီအစဥ်များကို “အွန်လိုင်းနှင့် မြေပြင်ပေါ်အော့်ဖ်လိုင်း”ပုံစံနှစ်မျိုးဖြင့် ယူနန်ပြည်နယ် တောင်အာရှ အရှေ့တောင်အာရှ နိုင်ငံတကာသတင်းပြန်ကြားရေးစင်တာတွင် ကျင်းပခဲ့ကြောင်း သတင်းအရသိရပါသည်။

အဆိုပါလှုပ်ရှားမှုအစီအစဥ်သည် ယူနန် Minzu တက္ကသိုလ် တရုတ်-အိန္ဒိယဌာနနှင့် အိန္ဒိယနိုင်ငံတို့အကြား အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုအတွက် တွန်းအားပေးရန်၊ တရုတ်ယူနန်နှင့် အိန္ဒိယစသည့် တောင်အာရှနိုင်ငံများအကြား အပြန်အလှန် ဖလှယ်ရေးကို မြှင့်တင်ရန်၊ တရုတ်နှင့်အိန္ဒိယယဥ်ကျေးမှု အပြန်အလှန်ဖလှယ်ခြင်းနှင့် အပြန်အလှန် သင်ယူမှု အားကောင်းလာစေရန် စသည့် ရည်ရွယ်ချက်တို့ဖြင့် ကျင်းပခြင်း ဖြစ်သည်။

ယခုအကြိမ်လှုပ်ရှားမှုတွင် တရုတ်-အိန္ဒိယယဥ်ကျေးမှု အပြန်အလှန်ဖလှယ်ရေးဖိုရမ်ကို အဓိကဖိုရမ်အဖြစ် ကျင်းပသည့်အပြင် အခြားအထူးခေါင်းစဥ်များဖြင့် ဖိုရမ်ခွဲ၊ တရုတ်ဝူရှူးသိုင်းပညာနှင့် ယောဂတင်ဆက်ပြသခြင်း စသည့်အစီအစဥ်တို့ကိုလည်း ကျင်းပခဲ့သည်။ ပြည်တွင်းပြည်ပမှ ကျွမ်းကျင်ပညာရှင် ၅၀ ကျော်သည် အွန်လိုင်းမှတစ်ဆင့်၎င်း၊ လက်တွေ့မြေပြင်စခန်းမှတစ်ဆင့်၎င်း ပါဝင်ခဲ့ကြပြီး ယောဂနှင့် တရုတ်ထိုက်ကျိသိုင်းပညာ၊ တရုတ်-အိန္ဒိယယဥ်ကျေးမှု အပြန်အလှန်ဖလှယ်ခြင်းနှင့် အပြန်အလှန်သင်ယူ လေ့လာခြင်း၊ ယောဂနှင့်တရုတ်ကျန်းမာရေးမြှင့်တင်ခြင်း စသည့်အကြောင်းအရာကို ဝိုင်းဝန်း ဆွေးနွေးဖလှယ်ခဲ့ပါသည်။ ယူနန် Minzu တက္ကသိုလ်မှ ဆရာဆရာမများနှင့် ကျောင်းသူကျောင်းသား တို့သည်လည်း တရုတ်ဝူရှူးနှင့် ယောဂ ကျန်းမာရေးလေ့ကျင့်ခန်းများကို တင်ဆက်ပြသခဲ့ရာ ပရိသတ်များ၏ လက်ခုပ်တီး ချီးကျူးမှုများစွာ ရရှိခဲ့ပါသည်။

ထိုနေ့တွင် ယူနန် Minzu တက္ကသိုလ်နှင့် အိန္ဒိယ တယ်ဖော်ယဥ်ကျေးမှုတက္ကသိုလ်တို့အကြား နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြပြီး “Incredible India”အွန်လိုင်းဓာတ်ပုံပြပွဲကိုလည်း ကျင်းပခဲ့ပါသည်။

 

သတင်းအရ တရုတ်-အိန္ဒိယဌာနကို ယူနန် Minzu တက္ကသိုလ်တွင် ၂၀၁၅ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး အိန္ဒိယနိုင်ငံက အခြားသောနိုင်ငံတွင် တည်ဆောက်သော ပထမဆုံး ယောဂဌာန ဖြစ်သည်။ ယခုအချိန်ထိတိုင် ယောဂပညာဆိုင်ရာ ဘွဲ့ရကျောင်းသား ၁၀၀ ဦးနှင့် မဟာဘွဲ့လွန်ကျောင်းသူကျောင်းသား ၃၆ ဦး မွေးထုတ်ပေးခဲ့ကြောင်း သိရသည်။
(သတင်းရင်းမြစ် - ယူနန်နေ့စဥ်သတင်းစာ)

၂၀၂၂ ခုနှစ် နိုင်ငံတကာ ယောဂနေ့နှင့် တရုတ်-အိန္ဒိယ လူမှုယဥ်ကျေးမှု အပြန်အလှန်ဖလှယ်ရေး လှုပ်ရှားမှုများ ကျင်းပ