ယူကရိန်းစစ်ပွဲတွင်ပါဝင်သည့် အမေရိကန်စစ်မှုထမ်းဟောင်း ၂ ဦး ဖမ်းဆီးခံထားရကြောင်းရုရှားမီဒီယာ အတည်ပြု

2022-06-23 18:01:18
အရင်းအမြစ်:新华网

ယူကရိန်းနိုင်ငံ ခွာကစ်ဗ်ရှိ ပျက်စီးနေသော အဆောက်အအုံနှင့် ယာဉ်များအား ဇွန် ၁ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ရုရှားအစိုးရမီဒီယာက ဇွန် ၁၇ ရက်တွင် ယူကရိန်းစစ်ပွဲတွင် ပါဝင်စဉ် ပျောက်ဆုံးနေသည့် အမေရိကန်စစ်မှုထမ်းဟောင်း ၂ဦး၏ ရုပ်သံဖိုင်ကို ထုတ်လွှင့်ခဲ့ပြီး ၎င်းတို့ ၂ ဦးကို ဒွန်ဘတ်စ်ရှိ ဒေသဆိုင်ရာလက်နက်ကိုင်အဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားကြောင်း ဖော်ပြထားသည်။RT ရုပ်သံလိုင်းက ထိုနေ့တွင်ဗီယက်နမ်နွယ်ဖွားအမေရိကန်နိုင်ငံသား Andy Huangနှင့် တွေ့ဆုံမေးမြန်းခန်းတစ်ခုကို ထုတ်လွှင့်ခဲ့သည်။အမေရိကန် မီဒီယာက Andy Huang နှင့် အခြားအမေရိကန်နိုင်ငံသား AlexanderDeluc တို့သည် ပြီးခဲ့သည့် သတင်းပတ်တွင်ယူကရိန်းအရှေ့မြောက်ပိုင်းခွာကစ်ဗ်အနီးတစ်ဝိုက်၌ ပျောက်ဆုံးသွားခဲ့ကြောင်း ဖော်ပြထားပြီး ၎င်းတို့ ၂ ဦးကအမေရိကန် မရိန်းတပ်နှင့် ကြည်းတပ်တို့တွင် အသီးသီး တာဝန်ထမ်းဆောင်ခဲ့ဖူးကြောင်း သိရသည်။

Huang က ယင်းရုပ်သံဖိုင်တွင် ၎င်းတို့ ၂ ဦးသည် တိုက်ပွဲတစ်ခုတွင် တောထဲသို့ ဆုတ်ခွါစဉ် နာရီအတော်ကြာ ပုန်းခိုပြီးနောက် ရုရှားစစ်တပ်ထံ လက်နက်ချခဲ့ခြင်း ဖြစ်ကြောင်းပြောကြားခဲ့သည်။သို့သော် RT ရုပ်သံလိုင်း၏ အဆိုအရ ၎င်းတို့ ၂ ဦးသည် တပ်မကြီးနှင့်ကွဲထွက်သွားပြီးနောက် တောအုပ်ကိုဖြတ်ကျော်ကာ ရွာတစ်ရွာသို့ရောက်ရှိစဉ် ကင်းလှည့်နေသည့် ရုရှားစစ်တပ်နှင့် ထိပ်တိုက်တွေ့ပြီး လက်နက်ချခဲ့ကြောင်း သိရသည်။

၎င်းတို့ ၂ ဦးကို လက်ရှိတွင် ဒွန်ဘတ်စ်ရှိ ဒေသဆိုင်ရာ လက်နက်ကိုင်တပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားကြောင်း RT ရုပ်သံလိုင်းက ဆိုသည်။ သို့သော် ယင်းထုတ်ပြန်ချက်အပေါ် အမေရိကန်အစိုးရနှင့် ရုရှားအစိုးရက အတည်ပြုခြင်းမရှိသေးကြောင်း သိရသည်။ (Xinhua)

ယူကရိန်းစစ်ပွဲတွင်ပါဝင်သည့် အမေရိကန်စစ်မှုထမ်းဟောင်း ၂ ဦး ဖမ်းဆီးခံထားရကြောင်းရုရှားမီဒီယာ အတည်ပြု