ကန်ဒေါ်လာ ၁၉၂ သန်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ရန်ကုန်မြို့၌ မီးရှို့ဖျက်ဆီး

2022-06-27 18:43:49
အရင်းအမြစ်:新华网

အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဖမ်းဆီးရမိမူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်းများနှင့်ဆက်စပ်ပစ္စည်းများအား ယနေ့ ဇွန် ၂၆ ရက်တွင် ရန်ကုန်မြို့၌ မီးရှို့ဖျက်ဆီးစဉ် (ဆင်ဟွာ)

၃၅ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှု နှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ ဖြစ်သည့် ယနေ့ ဇွန် ၂၆ ရက်တွင် အမေရိကန်ဒေါ်လာ ၁၉၂ သန်းကျော် တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများ နှင့် ဓာတုပစ္စည်းများအား ရန်ကုန်အနောက်ပိုင်းကုန်တင်ယာဉ်ရပ်နားကွင်း၌ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။အဆိုပါ မီးရှို့ဖျက်ဆီးခဲ့သည့် မူးယစ်ဆေးဝါးများမှာ ရန်ကုန်တိုင်းဒေသကြီး အပါအဝင် တနင်္သာရီတိုင်းဒေသကြီး ၊ ပဲခူးတိုင်းဒေသကြီး ၊ ဧရာဝတီတိုင်းဒေသကြီး နှင့် ရခိုင်ပြည်နယ် ၊ မွန်ပြည်နယ် ၊ ကရင်ပြည်နယ် ၊ အမှတ်(၁) နယ်ခြားစောင့် ရဲကွပ်ကဲမှုအဖွဲ့ ၊ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့တို့မှ ဖမ်းဆီးရမိခဲ့ပြီး တရားရုံး ပြီးပြတ်ချက် ရရှိပြီးသည့် မူးယစ်ဆေးဝါးများ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မူးယစ်ဆေးဝါး နှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ အတွင်းရေးမှူး ၊ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်မျိုးမင်းထိုက်က အခမ်းအနားတွင် ပြောကြားခဲ့သည်။

 

မြန်မာနိုင်ငံအနေဖြင့် ခေတ်အဆက်ဆက်အစိုးရများက မူးယစ်ဆေးဝါးပပျောက်ရေးကို ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ယနေ့အချိန်အထိ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ကျဆင်းလာခဲ့သော်လည်း ဓာတုပစ္စည်းများဖြင့်သာ ထုတ်လုပ်ထားသည့် စိတ်ကြွရူးသွပ်ဆေး၊ အိုက်စ် (မက်အဖက်တမင်း)၊ ကတ်တမင်း စသည့် လူလုပ်မူးယစ်ဆေးဝါးများ (Synthetic Drugs)ပြဿနာများမှာ ပိုမိုကြီးထွားလာမှုကြောင့် စိန်ခေါ်မှုတစ်ရပ်အနေဖြင့် ရင်ဆိုင်ကြုံတွေ့နေရဆဲဖြစ်ကြောင်း မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံသည် မူးယစ်ဆေးဝါးပြဿနာ ဖြေရှင်းနိုင်ရေးအတွက် ကုလသမဂ္ဂကွန်ဗင်းရှင်း ၃ ခု၌ ပါဝင်လက်မှတ်ရေးထိုးထားပြီး ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၊ အာဆီယံနိုင်ငံများ၊ အိမ်နီးချင်း နိုင်ငံများ၊ မဟာမဲခေါင်ဒေသခွဲနိုင်ငံများ၊ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ၎င်းအပြင် ကုလသမဂ္ဂနှင့် နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး(UNODC)၊ ဩစတြေးလျ ပြည်ထောင်စုရဲတပ်ဖွဲ့(AFP)၊ အမေရိကန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး စီမံခန့်ခွဲမှုအဖွဲ့ (DEA)၊ တရုတ်နိုင်ငံ အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးကော်မရှင်(NNCC)၊ ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့(ONCB) စသည့် အဖွဲ့အစည်းများနှင့်လည်း မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။

“ယနေ့ ကျွန်တော်တို့ နိုင်ငံရဲ့ မျိုးဆက်သစ် လူငယ်တွေကို လူညွန့်တုံးစေမယ့် မူးယစ်ဆေးဝါးအန္တရာယ်ကို တားဆီးကာကွယ်ဖို့ နိုင်ငံနဲ့အဝှမ်း မှီတင်းနေထိုင်ကြတဲ့ ပြည်သူတစ်ရပ်လုံးအနေနဲ့ အမျိုးသားရေး တာဝန်ကြီး တစ်ရပ်အဖြစ် အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်ကြဖို့ အထူးပဲ အရေးကြီးလှပါတယ်။”ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက ရန်ကုန်အနောက်ပိုင်းကုန်တင်ယာဉ်ရပ်နားကွင်း၌ ကျင်းပပြုလုပ်သည့် မီးရှို့ဖျက်ဆီးပွဲအခမ်းအနား၌ ပြောကြားခဲ့သည်။

ရန်ကုန်အနောက်ပိုင်းကုန်တင်ယာဉ်ရပ်နားကွင်း၌ မီးရှို့ဖျက်ဆီးခဲ့သည့် မူးယစ်ဆေးဝါးအမျိုးအစားပေါင်း ၃၃ မျိုး ပါဝင်ပြီး စုစုပေါင်းတန်ဖိုးကျပ် ၃၅၆ ဒသမ ၆၈၈၄၃ ဘီလီယံ(အမေရိကန်ဒေါ်လာ ၁၉၂ ဒသမ ၀၀၄ သန်း) ဖြစ်ကြောင်း သိရသည်။

ယနေ့ ၂၀၂၂ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် တစ်နိုင်ငံလုံး ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါးများနှင့် ဓာတုပစ္စည်းများ မီးရှို့ဖျက်ဆီးပွဲ အစီအစဉ်များကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့တို့တွင် တစ်ပြိုင်တည်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ (Xinhua)

ကန်ဒေါ်လာ ၁၉၂ သန်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ရန်ကုန်မြို့၌ မီးရှို့ဖျက်ဆီး