အာဖဂန် ငလျင်ဒဏ်သင့်သူများအတွက် တရုတ်ကုမ္ပဏီလုပ်ငန်းမှ စားနပ်ရိက္ခာများ လှူဒါန်းကူညီ

2022-06-29 13:47:41
အရင်းအမြစ်:新华网

အာဖဂန်နစ္စတန်နိုင်ငံ ခို့စ်ထ်ပြည်နယ်တွင် တရုတ်ကုမ္ပဏီလုပ်ငန်းမှ လှူဒါန်းသော စားနပ်ရိက္ခာများ လက်ခံရယူနေသော ပြည်သူများအား ဇွန် ၂၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်ကုမ္ပဏီလုပ်ငန်းမှ ကူညီလှူဒါန်းသော ပထမအသုတ် စားနပ်ရိက္ခာများကို အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း ငလျင်ဒဏ်သင့်ဒေသများသို့ ရောက်ရှိပြီဖြစ်ကြောင်း အာဖဂန် သဘာဝဘေးန္တရာယ်စီမံခန့်ခွဲရေးအရာရှိက ဇွန် ၂၇ ရက်တွင် ပြောကြားခဲ့သည်။

အာဖဂန်နစ္စတန်နိုင်ငံ ခို့စ်ထ်ပြည်နယ်တွင် တရုတ်ကုမ္ပဏီလုပ်ငန်းမှ လှူဒါန်းသော စားနပ်ရိက္ခာများကို ဇွန် ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

MCC-JCL Aynak Minerals Company Ltd. (MJAM) မှ လှူဒါန်းသော စားနပ်ရိက္ခာများမှာ အရှေ့ပိုင်း ခို့စ်ထ်ပြည်နယ် မြို့တော် ခို့စ်ထ်သို့ ဇွန် ၂၆ ရက်က ရောက်ရှိခဲ့ကြောင်း အာဖဂန် ဘေးအန္တရာယ် စီမံခန့်ခွဲမှုနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝန်ကြီးဌာန၊ စီမံကိန်းနှင့်မူဝါဒရေးရာ တာဝန်ခံအရာရှိ Mohammad Salim Haqqani က ပြောကြားခဲ့သည်။

“ကျွန်တော်တို့အခက်အခဲ ကြုံတွေ့နေချိန်မှာ ကူညီပေးတဲ့ အေဂျင်စီ၊ ပြည်တွင်းပြည်ပ နိုင်ငံတကာအဖွဲ့များအားလုံးကို ကျေးဇူးတင်ပါတယ်။ အကူအညီတွေ အများကြီးပေးတဲ့အတွက် သူတို့ကို ကျွန်တော်တို့အထူးကျေးဇူးတင်မိပါတယ်” ဟု Haqqaniက ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ဇွန် ၂၂ ရက်ကလှုပ်ခတ်ခဲ့သည် ပြင်းအား ၅.၉ အဆင့်ရှိ ငလျင်သည် အာဖဂန်နစ္စတန်နိုင်ငံ၌ နှစ်ပေါင်း ၂၀ ကျော်အတွင်း အဆုံးဝါးဆုံးဖြစ်ခဲ့ရာ အနည်းဆုံးလူပေါင်း ၁,၅၀၀ သေဆုံးပြီး ၂,၀၀၀ ကျော် ဒဏ်ရာရရှိခဲ့သလို နေအိမ်ပေါင်း ၃,၀၀၀ကျော်လည်း ပျက်စီးခဲ့ရသည်။

ကပ်ဘေးသင့်ပြည်သူများအတွက် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာနက ရွက်ဖျင်တဲ၊ ကောဇော၊ အောက်ခံအခင်း၊ တာပေါ်လင်၊ စောင်၊ ဆေးဝါးနှင့် စားစရာများအပါအဝင် ကူညီထောက်ပံ့ရေးပစ္စည်များ ပို၍ လိုအပ်ကြောင်း Haqqaniက ဆိုသည်။

ကူညီကယ်ဆယ်ရေးပစ္စည်းများကို ငလျင်ဒဏ်အဆိုးဝါးဆုံးခံရသည့် ခို့စ်ထ်နှင့် ၎င်းအနီး ပါသီကာပြည်နယ် ဝေးလံခေါင်ဖျားသည့် ဒေသများသို့ အစောဆုံး ပေးပို့သွားမည် ဖြစ်ကြောင်း Haqqaniက ပြောကြားခဲ့သည်။

ယခုအကြိမ် စားနပ်ရိက္ခာအကူအညီများတွင် ဂျုံအိတ် ၈၀၀ ၊ ဆန်အိတ် ၈၀၀ ၊ စားသုံးဆီ ပုလင်း ၈၀၀ ၊ လက်ဖက်ရည် အထုပ် ၈၀၀ တို့ ပါဝင်ကြောင်း တရုတ် MJAM ကုမ္ပဏီ၏ Ahmad Jawad Saleh ၏ ပြောကြားချက်များအရ သိရသည်။

ငလျင်ဒဏ်အဆိုးဝါးဆုံးခံရသည့် ပါသီကာနှင့် ခို့စ်ထ်ပြည်နယ်များကို အရေးပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယွမ် သန်း ၅၀ (ကန်ဒေါ်လာ ၇ ဒသမ ၅ သန်းခန့်) ပံ့ပိုးပေးရန် တရုတ်နိုင်ငံက ကတိပြုခဲ့သည်။ ရွက်ဖျင်တဲနှင့်ခေါက်ကုတင်များ တင်ဆောင်လာသည့် တရုတ်နိုင်ငံ၏ ကူညီထောက်ပံ့ရေးပစ္စည်း ပထမအသုတ်မှာ ဇွန် ၂၇ ရက်တွင် အာဖဂန်နစ္စတန်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။ (Xinhua)

အာဖဂန် ငလျင်ဒဏ်သင့်သူများအတွက် တရုတ်ကုမ္ပဏီလုပ်ငန်းမှ စားနပ်ရိက္ခာများ လှူဒါန်းကူညီ