လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုက ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုအတွက် “ရွှေရောင်စံပြ” ဖန်တီးပေးကြောင်း ဝမ်ရိပြော

2022-07-05 15:30:57
အရင်းအမြစ်:新华网

ဇူလိုင် ၄ ရက်တွင်ကျင်းပသော လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ၇ ကြိမ်မြောက် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအပြီးတွင် ပူးတွဲသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည့် တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့အား တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဇူလိုင် ၄ ရက်တွင် မြန်မာနိုင်ငံ ပုဂံမြို့၌ ကျင်းပပြုလုပ်သည့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ၇ ကြိမ်မြောက် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။ အစည်းအဝေးအပြီးတွင် ဝမ်ရိက မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။ဒေသခွဲပူးပေါင်းဆောင်ရွက်ရေးယန္တရားသစ်ဖြစ်သည့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုသည် မြစ်ဝှမ်းတစ်လျှောက်ရှိ နိုင်ငံ ၆ နိုင်ငံစလုံး ပထမဆုံးအကြိမ် ပူးပေါင်းပါဝင်သော ယန္တရားဖြစ်ပြီး စတင်ချိန်မှစ၍ ၆ နှစ်တာ ကာလအတွင်း မြန်ဆန်သော ဖွံ့ဖြိုးတိုးတက်မှုဖြင့် သိသာထင်ရှားသည့် အောင်မြင်မှုရလဒ်များရရှိခဲ့ရာ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု၏ “ရွှေရောင်စံပြ” အဖြစ် အောင်မြင်စွာ ဖန်တီးပေးနိုင်ခဲ့ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ လျန်ချန်း-မဲခေါင် ၆ နိုင်ငံသည် လျန်ချန်း-မဲခေါင် အတွေးအမြင်ဖြစ်သည့် “ဖွံ့ဖြိုးတိုးတက်မှုကို ဦးစားပေးခြင်း၊ လက်တွေ့ကျပြီး ထိရောက်ခြင်း၊ တံခါးဖွင့် အများလက်ခံခြင်း” ကို ဆက်လက်ကိုင်ဆောင်ကာ “တန်းတူရည်တူ ဆက်ဆံမှု၊ စစ်မှန်သော စိတ်ဓာတ်ဖြင့် အပြန်အလှန် ကူညီမှု၊ မိသားစုကဲ့သို့ ချစ်ကြည်ရင်းနှီးမှု” ဟူသော လျန်ချန်း-မဲခေါင် ယဉ်ကျေးမှုကို ရှေ့ဆောင်ပြီး ဇွဲလုံ့လဖြင့် ပူးပေါင်းဆောင်ရွက်မှုကို ကြံဆခြင်း၊ အာရုံစူးစိုက်မှုဖြင့် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ကာ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အရည်အသွေးမြင့်၊ အဆင့်မြှင့်တင်ရေးကို စဉ်ဆက်မပြတ် တွန်းအားပေးရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ယခုအကြိမ် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် ရရှိခဲ့သော ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက် အသစ်များကို ဝမ်ရိက “ကဏ္ဍ သုံးခုတွင် အချက် ၆ ချက်” စီဖြင့် ခြုံငုံပြောကြားခဲ့သည်။

ပထမအနေဖြင့် မဟာဗျူဟာမြောက်လမ်းညွှန်မှုကို အားကောင်းစေခြင်း၊ စီးပွားရေး ပေါင်းစည်းမှု နက်ရှိုင်းစေခြင်း၊ စိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လုပ်ဆောင်ခြင်း၊ စိမ်းလန်းသော ဖွံ့ဖြိုးတိုးတက်မှုကို အခိုင်အမာ လိုက်နာခြင်း၊ ဒစ်ဂျစ်တယ် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ခြင်း၊ လူမှုယဉ်ကျေးမှု ဖလှယ်ရေး မြှင့်တင်ခြင်း ဟူသော ပူးပေါင်းဆောင်ရွက်မှုဦးတည်ချက် အချက် ၆ ချက်ဖြစ်သည်။

ဒုတိယအနေဖြင့် “လန်ချန်း-မဲခေါင် စိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှု ရာ၊ ထောင်၊ သောင်း လှုပ်ရှားမှု အစီအစဉ်”၊ “လန်ချန်း-မဲခေါင် ရေအကျိုးခံစားမှုအစီအစဉ်” ၊ “လန်ချန်း-မဲခေါင် ဒစ်ဂျစ်တယ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်” ၊ “လန်ချန်း-မဲခေါင် အာကာသ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်”၊ “လျန်ချန်း-မဲခေါင် လူရည်ချွန် အစီအစဉ်”၊ “လျန်ချန်း-မဲခေါင် ကျန်းမာရေး ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ် ” စသည့် မဲခေါင်မြစ်ဝှမ်း အကျိုးပြု ဆောင်ရွက်ချက် ၆ ချက်ကို အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

တတိယအနေဖြင့် “လန်ချန်း-မဲခေါင် ပူးပေါင်း‌ဆောင်ရွက်မှု ၅ နှစ် စီမံကိန်း(၂၀၂၃-၂၀၂၇)” ကို စိစစ်ဆွေးနွေး အတည်ပြုခဲ့ပြီး ပူးတွဲသတင်းထုတ်ပြန်ချက်၊ အကောက်ခွန်ကုန်သွယ်မှုလုံခြုံရေးနှင့် အဆင်ပြေ ချောမွေ့သော အကောက်ခွန်ရှင်းလင်းရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ စိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှုနှင့် စားနပ်ရိက္ခာဖူလုံရေး၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ ယဉ်ကျေးမှု အပြန်အလှန်ဖလှယ်လေ့လာသင်ယူမှု ပူးတွဲထုတ်ပြန်ချက် စသည့် စာရွက်စာတမ်း ၆ ခုကို ထုတ်ပြန်ခဲ့သည်။ ၎င်းတို့အနက် “လန်ချန်း-မဲခေါင် ပူးပေါင်း‌ဆောင်ရွက်မှု ၅ နှစ် စီမံကိန်း(၂၀၂၃-၂၀၂၇)” ကို စတုတ္ထအကြိမ် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ခေါင်းဆောင်များ အစည်းအဝေးသို့ စိစစ်အတည်ပြုရန် တင်ပြသွားမည်ဖြစ်သည်။

ပူးပေါင်းဆောင်ရွက်မှသာလျှင် ကြီးမြတ်ကောင်းမွန်ပြီး စဉ်ဆက်မပြတ်သော လုပ်ငန်းကို လုပ်နိုင်မည်ဖြစ်သည်ဟု သမ္မတရှီကျင့်ဖိန်က အလေးထားပြောကြားခဲ့ကြောင်း ဝမ်ရိက ဆိုသည်။ တရုတ်နိုင်ငံသည် ချစ်ခင်ရင်းနှီးမှု၊ ရိုးသားမှု၊ အပြန်အလှန်အကျိုးရှိမှုနှင့် အများပါဝင်နိုင်မှု အတွေးအမြင်ကို အစဉ်အမြဲ လိုက်နာကျင့်သုံးပြီး၊ ဖြောင့်မတ်မှုနှင့် အကျိုးစီးပွားများကို ဟန်ချက်ညီညီဖြင့် ရိုးသားဖြောင့်မတ်မှုကို ဦးစားပေးကာ မဲခေါင်မြစ်ဝှမ်းနိုင်ငံများ ဖွံ့ဖြိုးတိုးတက်မှုအတွက် အားအင်များဖြည့်တင်းပေးရန် ပူးပေါင်းဆောင်ရွက်မှု အမြတ်ဝေစုများကို အမြဲမျှဝေကြောင်း၊ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုအတွက် သက်ဝင်အား၊ မောင်းနှင်အားနှင့် ဆွဲဆောင်မှု ပိုမိုတိုးမြှင့်လာကာ ဒေသတွင်းနိုင်ငံအသီးသီးရှိ ပြည်သူများအတွက် ပိုမိုလှပသော အနာဂတ်ကို ဖန်တီးပေးနိုင်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုက ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုအတွက် “ရွှေရောင်စံပြ” ဖန်တီးပေးကြောင်း ဝမ်ရိပြော