မဲခေါင်မြစ်ဝှမ်းကို အကျိုးပြုမည့် တရုတ်နိုင်ငံ၏ နောက်တစ်ဆင့် စီမံချက် ၆ ချက် ဝမ်ရိ ပြောကြား

2022-07-06 11:28:31
အရင်းအမြစ်:新华网

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ၊ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ လာအိုနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဆလမ်မုဆေ ကိုမာဆစ်၊ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ပရက်ဆွန်ခွန်၊ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမူဝီနိုင်းနှင့် ဗီယက်နမ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဗူရီသိုင်စွန်း တို့ မြန်မာနိုင်ငံ ပုဂံမြို့တွင် ကျင်းပသော ၇ ကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (LMC) နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်လာသည်ကို ဇူလိုင် ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

 

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဇူလိုင် ၄ ရက်တွင် မြန်မာနိုင်ငံ ပုဂံမြို့၌ ကျင်းပပြုလုပ်သည့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ၇ ကြိမ်မြောက် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်ပြီး ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်စဉ် မဲခေါင်မြစ်ဝှမ်းကို အကျိုးပြုမည့် တရုတ်နိုင်ငံ၏ နောက်တစ်ဆင့် စီမံချက် ၆ ချက်ကို ကြေညာခဲ့သည်။ ထို့ပြင် တရုတ်နိုင်ငံက မဲခေါင်မြစ်ဝှမ်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှု အမြတ်ဝေစုများ မျှဝေကာ ဖွံ့ဖြိုးတိုးတက်မှုအတွက် အားအင်များဖြည့်သွင်းပေးသွားမည်ဟု ပြောကြားခဲ့သည်။

ပထမအချက်မှာ “လန်ချန်း-မဲခေါင် စိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှု ရာ၊ ထောင်၊ သောင်း လှုပ်ရှားမှု အစီအစဉ်” ကို အကောင်အထည်ဖော်ရန် ဖြစ်သည်။ မဲခေါင်မြစ်ဝှမ်းရှိနိုင်ငံများအတွက် စိုက်ပျိုးရေးနည်းပညာ တိုးချဲ့ရေး စီမံကိန်း ၁၀၀ ခုဆောင်ရွက်ခြင်း၊ စိုက်ပျိုးရေးလုပ်ငန်းမှ သာယာဝပြောရန်အတွက် စွန့်ဦးတီထွင်သူ ၁,၀၀၀ ဦးကို လေ့ကျင့်သင်ကြားပေးခြင်း၊ သရုပ်ပြမြေယာကောင်း ၁၀,၀၀၀ ဟက်တာကို တည်ဆောက်ခြင်း စသည်တို့ ဆောင်ရွက်သွားမည်ဖြစ်သည်။

ဒုတိယအချက်မှာ “လန်ချန်း-မဲခေါင် ရေအရင်းအမြစ်အကျိုးခံစားမှုအစီအစဉ်”ကို အကောင်အထည်ဖော်ရန်ဖြစ်သည်။ မိုးလေဝသနှင့် ဇလဗေဒ သတင်းအချက်အလက်များ အားဖြည့်မျှဝေခြင်း၊ ဇလဗေဒ နှင့် မိုးလေဝသ ခန့်မှန်းရေး အဆောက်အအုံသစ်များ တည်ဆောက်ခြင်း၊ နေရောင်ခြည်စွမ်းအင်သုံး (photovoltaic) ရေပေးဝေရေးစနစ်ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်း၊ ကျေးလက်ရေပေးဝေရေး သရုပ်ပြခြင်းနှင့် အသေးစား မြစ်ဝှမ်းဒေသ စီမံခန့်ခွဲမှု သရုပ်ပြ တည်ဆောက်ခြင်း၊ ဆည်ရေသိုလှောင်ကန် ၂၀ ခုအတွက် စစ်ဆေးမှုများ ပြုလုပ်ပေးခြင်း၊ မြစ်ဝှမ်းဒေသရှိ လူဦးရေ သန်း ၇၀ အတွက် ရေဘေးအန္တရာယ်၊ စားနပ်ရိက္ခာ၊ ရေပေးဝေမှုနှင့် ဂေဟစနစ် လုံခြုံရေးတို့ကို အာမခံရန် လုပ်ဆောင်သွားမည်ဖြစ်သည်။

တတိယအချက်မှာ “လန်ချန်း-မဲခေါင် ဒစ်ဂျစ်တယ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်”ကို အကောင်အထည်ဖော်ရန်ဖြစ်သည်။ မဲခေါင်မြစ်ဝှမ်းနိုင်ငံများ၌ cloud computing ဆန်းသစ်တီထွင်မှုဌာနများ တည်ဆောက်ခြင်း၊ ဒစ်ဂျစ်တယ်တီဗီ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး သရုပ်ပြမှုမြှင့်တင်ခြင်း၊ ခေတ်မီသော သတင်းနည်းပညာစနစ်များ ဖော်ဆောင်ခြင်းနှင့် ဒစ်ဂျစ်တယ်စီးပွားရေး ကျွမ်းကျင်မှု အဆင့်မြှင့်တင်ရေး ပူးပေါင်းဆောင်ရွက်မှုများကို လုပ်ဆောင်သွားမည်ဖြစ်သည်။

စတုတ္ထအချက်မှာ “လန်ချန်း-မဲခေါင် အာကာသ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်”ကို အကောင်အထည်ဖော်ရန် ဖြစ်သည်။ မဲခေါင်မြစ်ဝှမ်းနိုင်ငံများနှင့် ကမ္ဘာမြေလေ့လာရေး ဂြိုဟ်တုများ ပူးတွဲထုတ်လုပ်ခြင်း၊ ပြန်လည်တွေ့ရှိရသော ဂြိုဟ်တုများ တင်ဆောင်ရေးဆိုင်ရာ အခွင့်အလမ်းများ ပံ့ပိုးပေးခြင်း၊ အာကာသတွင် မျိုးစေ့ပြုစုပျိုးထောင်ခြင်း ပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင်သွားမည်ဖြစ်သည်။ တရုတ်နိုင်ငံမှ ပါဝင်ပြီး ဥက္ကဌအဖြစ် ဆောင်ရွက်သော နိုင်ငံတကာ လကမ္ဘာသိပ္ပံသုတေသနဌာန ပူးပေါင်းဆောင်ရွက်မှုတွင် လနှင့် အာကာသစူးစမ်းလေ့လာရေး၊ ဂြိုဟ်တုမြေပြင်စခန်းများနှင့် အာကာသအပျက်အစီးများကို စောင့်ကြည့်လေ့လာရေး ပူးပေါင်းဆောင်ရွက်မှုများတွင် ပါဝင်ရန် အဖွဲ့ဝင် ၅ နိုင်ငံအား ကြိုဆိုကြောင်း ပြောကြားခဲ့သည်။

ပဉ္စမအချက်မှာ “လန်ချန်း-မဲခေါင် လူရည်ချွန် အစီအစဉ်” ကို အကောင်အထည်ဖော်ရန်ဖြစ်သည်။ မဲခေါင်မြစ်ဝှမ်းနိုင်ငံများအတွက် ပညာသင်ဆု ၂,၀၀၀ ခု၊ လူဦးရေ ၂,၀၀၀ ဦး အတွက် သင်တန်းပို့ချပေးခြင်း၊ မြို့ပြနျူကလီးယားစွမ်းအင်၊ ဂေဟဗေဒ၊ စိုက်ပျိုးရေးနှင့် သစ်တောရေးရာ ထူးချွန်သူများကို ပျိုးထောင်ပေးခြင်း၊ “လန်ချန်း-မဲခေါင်ကောလိပ်” တည်ဆောက်ကာ ရေအရင်းအမြစ်ဆိုင်ရာ ပထမတန်းစား စွမ်းရည်မြှင့်လေ့ကျင့်ရေး အဆောက်အအုံများ တည်ဆောက်ခြင်းတို့ လုပ်ဆောင်သွားမည်ဖြစ်သည်။

ဆဋ္ဌမအချက်မှာ “လန်ချန်း-မဲခေါင် ပြည်သူ့ကျန်းမာရေး ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်” ကို အကောင်အထည်ဖော်ရန် ဖြစ်သည်။ မဲခေါင်မြစ်ဝှမ်းနိုင်ငံများ လိုအပ်ချက်အရ ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထောက်ပံ့ပေးမည်ဖြစ်ပြီး ဆေးဝါးဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု အားဖြည့်လုပ်ဆောင်ခြင်း၊ တိုင်းရင်းဆေးကုသမှုဆိုင်ရာ အဆောက်အအုံများ တည်ဆောက်ကာ ပြည်သူ့ကျန်းမာရေးစနစ်ကို ပူးပေါင်းတည်ဆောက်သွားမည်ဖြစ်သည်။ (Xinhua)

မဲခေါင်မြစ်ဝှမ်းကို အကျိုးပြုမည့် တရုတ်နိုင်ငံ၏ နောက်တစ်ဆင့် စီမံချက် ၆ ချက် ဝမ်ရိ ပြောကြား