လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု၏ အဓိကအရေးပါသော အနာဂတ်ဦးတည်ချက် ၆ ချက်ကို ဝမ်ရိပြော

2022-07-06 11:31:02
အရင်းအမြစ်:新华网

ဇူလိုင် ၄ ရက်တွင်ကျင်းပသော လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ၇ ကြိမ်မြောက် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအပြီးတွင် ပူးတွဲသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည့် တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့အား တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဇူလိုင် ၄ ရက်တွင် မြန်မာနိုင်ငံ ပုဂံမြို့၌ ကျင်းပပြုလုပ်သည့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ၇ ကြိမ်မြောက် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။တရုတ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုက စဉ်ဆက်မပြတ်ကောင်းမွန်လာရာ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးရန် ဖွံ့ဖြိုးတိုးတက်မှု အခင်းအကျင်းသစ်ကို အရှိန်အဟုန်မြှင့် တည်ဆောက်လျက်ရှိကြောင်းနှင့် ၎င်းက မဲခေါင်မြစ်ဝှမ်းနိုင်ငံများအတွက် ပိုမိုကြီးမားသော ဈေးကွက်နှင့် အခွင့်အလမ်းများ ပံ့ပိုးပေးမည်ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ လက်ရှိဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု အားကောင်းနေသည့် အခွင့်ကောင်းကို မိမိရရဆုပ်ကိုင်သင့်ပြီး အခြေခံအုတ်မြစ်ကို ခိုင်မာစေသော ရေရှည်ဖွံ့ဖြိုးတိုးတက်မှုများကို ပိုမိုကြံဆကာ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အဆင့်သစ်သို့ တက်လှမ်းနိုင်ရန် တွန်းအားပေးသင့်ကြောင်း ၎င်းကဆိုသည်။ အနာဂတ်တွင် အဓိကထား မြှင့်တင်ရမည့် ပူးပေါင်းဆောင်ရွက်မှု နယ်ပယ် ၆ ခုကို တရုတ်နိုင်ငံက အဆိုပြုထားသည်။

ပထမအချက်မှာ မဟာဗျူဟာမြောက်လမ်းညွှန်မှုကို အားကောင်းစေခြင်းဖြစ်သည်။ နိုင်ငံအသီးသီး၏ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း အပါအဝင် အရည်အသွေးမြင့် “ရပ်ဝန်းနှင့်ပိုးလမ်းမ” သရုပ်ပြဇုန်၊ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအဆိုပြုချက် ရှေ့ပြေးဇုန်၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအဆိုပြုချက် စမ်းသပ်ဇုန် အတူတည်ဆောက်ခြင်း၊ ၊ ပိုမိုခိုင်မာသော လန်ချန်း-မဲခေါင် မြစ်ဝှမ်းဒေသ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ရပ်ဝန်းတည်ဆောက်ခြင်း၊ ပိုမိုနီးကပ်သော လန်ချန်း-မဲခေါင် နိုင်ငံများ ကံကြမ္မာအကျိုးတူအသိုက်အဝန်း တည်ဆောက်ခြင်း စသည်တို့ ဖြစ်သည်။
ဒုတိယအချက်မှာ စီးပွားရေး ပေါင်းစည်းမှု နက်ရှိုင်းစေခြင်းဖြစ်သည်။ တရုတ်-လာအို ရထားလမ်း ဖွင့်လှစ်ပြေးဆွဲမှုအကျိုးကျေးဇူးများ ထုတ်ဖော်ခြင်းအပါအဝင် တရုတ်-လာအို-ထိုင်း ရထားလမ်း တည်ဆောက်မှု မြှင့်တင်ရေး၊ “ကုန်း-ရေ နှစ်သွယ် လမ်းကြောင်းသစ်” ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရေး၊ အကောက်ခွန်ဆိုင်ရာ AI စီမံခန့်ခွဲခြင်း ပူးပေါင်းဆောင်ရွက်မှုပုံစံသစ် တည်ဆောက်‌ရေး၊ ဒေသတွင်း ထုတ်လုပ်မှုနှင့် ထောက်ပံ့ရေးကွင်းဆက်၊ ဘဏ္ဍာရေးနှင့် စွမ်းအင်လုံခြုံရေးတို့ကို ထိန်းသိမ်းကာ အတူပါဝင်နိုင်ပြီး အများအကျိူးဖြစ်ထွန်းစေမည့် လန်ချန်း-မဲခေါင် ဈေးကွက်ကြီးကို ဖန်တီးရမည်ဖြစ်သည်။

တတိယအချက်မှာ ခေတ်မီစိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင်ရမည်ဖြစ်သည်။ ဘေးကင်းလုံခြုံသော လယ်ယာထုတ်ကုန် သရုပ်ပြ အခြေခံအဆောက်အအုံ ပူးပေါင်းတည်ဆောက်ခြင်းအပါအဝင် အစိမ်းရောင်ဂေဟစနစ် စားနပ်ရိက္ခာသိုလှောင်မှုဆိုင်ရာ ပူးပေါင်း‌ဆောင်ရွက်မှုလုပ်ဆောင်ခြင်း၊ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးစသည့် လယ်ယာသုံးပစ္စည်း ထောက်ပံ့မှု၊အရည်အသွေးမြှင့် ထုတ်ကုန်တန်ဖိုးကွင်းဆက် ဖန်တီးခြင်းဖြင့် “ဆန်အိုးကြီး” ၊ “ဟင်းအိုးကြီး” ၊ “သစ်သီးအိုးကြီး” ပိုမိုတိုးတက်လာရန် ပူးပေါင်းလုပ်ဆောင်ရမည်ဖြစ်သည်။
စတုတ္ထအချက်မှာ စိမ်းလန်းသော ဖွံ့ဖြိုးတိုးတက်မှုကို အခိုင်အမာ လိုက်နာခြင်းဖြစ်သည်။ ရေအရင်းအမြစ်၊ သဘာဝပတ်ဝန်းကျင်၊ မိုးလေဝသစသည့် နယ်ပယ်များတွင် အားဖြည့်ပူးပေါင်းဆောင်ရွက်မှု အပါအဝင်၊ လန်ချန်း-မဲခေါင် သဘာဝ‌ဘေးအန္တရာယ် စီမံခန့်ခွဲမှု နှင့် ရေရှည် သစ်တောပူးပေါင်းဆောင်ရွက်မှု ယန္တရား ထူထောင်ရန် ဆွေးနွေးမှုများ ပြုလုပ်ခြင်း၊ အစိမ်းရောင်နှင့် ကာဗွန်လျှော့နည်းသည့် လည်ပတ်နေသော စီးပွားရေးစနစ် (circular economy) ဖန်တီးခြင်း၊ ဒေသတွင်း ဂေဟစနစ် လုံခြုံရေးကို အာမခံခြင်းဖြင့် လှပသော လန်ချန်း-မဲခေါင် မိသားစု ဥယျာဉ်ကို တည်ဆောက်ရမည်ဖြစ်သည်။
ပဉ္စမအချက်မှာ ဒစ်ဂျစ်တယ် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ခြင်းဖြစ်သည်။ ဒစ်ဂျစ်တယ် အခြေခံအဆောက်အအုံများ အားဖြည့်တည်ဆောက်ခြင်း အပါအဝင် စမတ်ကုန်ထုတ်လုပ်ငန်း၊ 5G ၊ စမတ်မြို့နှင့် ကုန်ကြမ်းပစ္စည်းများ၊ မော်တော်ကားစသည့်နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်ခြင်း၊ သဘာဝအရင်းအမြစ် သတင်းအချက်အလက်မျှဝေရေး ပလပ်ဖောင်းနှင့် အာရုံခံဂြိုဟ်တု ပူးပေါင်းဆောင်ရွက်မှု ယန္တရား တည်ဆောက်ခြင်း၊ “ဒစ်ဂျစ်တယ် ကွာဟချက်”ကို ဖြည့်ဆည်းခြင်းစသည်တို့ဖြင့် ဒေသတွင်း အရည်အသွေးမြင့်ဖွံ့ဖြိုးတိုးတက်မှု လုပ်ဆောင်ရမည်ဖြစ်သည်။
ဆဋ္ဌမအချက်မှာ လူမှုယဉ်ကျေးမှု ဖလှယ်ရေး မြှင့်တင်ခြင်းဖြစ်သည်။ လန်ချန်း-မဲခေါင်နိုင်ငံများရှိ အမျိုးသမီးအဖွဲ့အစည်းမှ ခေါင်းဆောင်များ ဗွီဒီယိုလင့်ခ် အစည်းအဝေးများ၊ ဒေသဆိုင်ရာ အစိုးရ ပူးပေါင်းဆောင်ရွက်မှုဖိုရမ်များ၊ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် ဖိုရမ်များစသည်တို့ ကျင်းပခြင်း အပါအဝင် လန်ချန်း-မဲခေါင် ခရီးသွားမြို့တည်ဆောက်ရေး မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုကို ပြီးပြည့်စုံကောင်းမွန်အောင် လုပ်ဆောင်ခြင်း၊ လန်ချန်း-မဲခေါင် တီဗီ၊ မီဒီယာ မိတ်ဖက်ပူးပေါင်းဆောင်ရွက်ရေး နှင့် အမျိုးသမီး၊ ကလေး၊ လူငယ်လူရွယ်၊ ဒေသဆိုင်ရာ၊ အားကစား၊ မီဒီယာ ပူးပေါင်းဆောင်ရွက်မှုကဏ္ဍများကို ဖန်တီးသွားရမည်ဖြစ်သည်။ (Xinhua)

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု၏ အဓိကအရေးပါသော အနာဂတ်ဦးတည်ချက် ၆ ချက်ကို ဝမ်ရိပြော