RCEP တွန်းအားပေးမှုကြောင့် တရုတ်ဈေးကွက်သို့ ပိုမိုများပြားသောအာဆီယံထုတ်ကုန်များ တင်ပို့ ရောင်းချလျက်ရှိ

2022-07-26 11:28:43
အရင်းအမြစ်:新华网

ထိုင်းကုန်ပစ္စည်းများကို မြှင့်တင်ရန်အတွက် “Thailand Carnival – 2022 Thailand Shopping Festival” ကို တရုတ်နိုင်ငံ နန်နင်းမြို့၌ ကျင်းပခဲ့စဉ်(ဆင်ဟွာ)

 

အာဆီယံနိုင်ငံများမှ ထွက်ကုန်ကောင်းများဖြစ်သည့် ထိုင်းနိုင်ငံမှ ဒူးရင်းသီး ၊ မင်းကွတ်သီး ၊ ဗီယက်နမ်မှ ကော်ဖီ၊ အင်ဒိုနီးရှားမှ ဝေဖာ စသည်တို့က ပူပြင်းသော နွေရာသီတွင် တရုတ်နိုင်ငံ စားသုံးသူများ၏ အာသီသပြင်းပြမှုကို ဖြည့်ဆည်းနိုင်ခဲ့သည်။ RCEP စတင်အသက်ဝင်ချိန်မှစ၍ အာဆီယံနိုင်ငံများမှ တင်ပို့သော လယ်ယာထွက်ကုန် ၊ အစားအစာ ၊ စက်မှုထုတ်ကုန်စသည့်ကုန်ပစ္စည်းများသည် ပိုမိုများပြားသော ပမာဏဖြင့် တရုတ်ဈေးကွက်သို့ အဆင်ပြေချောမွေ့စွာ ဝင်ရောက်လာခဲ့သည်။ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP) သည် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် စတင်အသက်ဝင်ခဲ့ပြီး နှစ်ဝက်ကျော်ရှိပြီဖြစ်ရာ မူဝါဒဆိုင်ရာ အကျိုးခံစားခွင့်များ တဖြည်းဖြည်း ခွင့်ပြုပေးခဲ့သောကြောင့် တရုတ်နှင့် အာဆီယံနိုင်ငံများအကြား စီးပွားရေး ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်မှုကို ထိရောက်စွာ မြှင့်တင်ပေးခဲ့သည်။ တရုတ်နိုင်ငံ နိုင်ငံခြားကုန်သွယ်မှုသည် ယခုနှစ် ပထမနှစ်ဝက်တွင် တည်ငြိမ်သော ဖွံ့ဖြိုးတိုးတက်မှုကို အကောင်အထည်ဖော်နိုင်ခဲ့ရာ သွင်းကုန်ပို့ကုန် စုစုပေါင်းတန်ဖိုးမှာ ယွမ် ၁၉.၈ ထရီလီယံဖြစ်ပြီး ကာလတူထက် ၉.၄ ရာခိုင်နှုန်းတိုးလာခဲ့ကြောင်းနှင့် ၎င်းအနက် အာဆီယံနိုင်ငံ၏ သွင်းကုန်ပို့ကုန် ကုန်သွယ်မှုမှာ ယွမ် ၂.၉၅ ထရီလီယံဖြစ်ပြီး ၁၀.၆ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း တရုတ်နိုင်ငံ အကောက်ခွန်ရုံးချုပ်က ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။

တရုတ်နိုင်ငံ၏ အနောက်တောင်ပိုင်းဒေသတွင် တည်ရှိသော ကွမ်ရှီးပြည်နယ်သည် အာဆီယံနိုင်ငံများနှင့် ကုန်းကြောင်းရေကြောင်း အပြန်အလှန်ချိတ်ဆက်လျက်ရှိရာ တရုတ်နှင့် RCEP နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု၏ အရေးကြီးသော အစိတ်အပိုင်းဖြစ်ကြောင်း သိရသည်။ မကြာသေးမီနှစ်များတွင် အနောက်ဘက် ကုန်းကြောင်း ရေကြောင်းစင်္ကြံသစ်တည်ဆောက်ရေး အခွင့်အလမ်းကို အမှီပြု၍ အအေးကွင်းဆက်နှင့် အအေးခန်းစသော ဝန်ဆောင်မှုပေး အခြေခံအဆောက်အအုံများ စဉ်ဆက်မပြတ် တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ခဲ့ပြီး အာဆီယံနိုင်ငံများမှ သစ်သီးဝလံ၊ အစားအစာ နှင့် လယ်ယာထွက်ကုန်စသည်တို့ကို တရုတ်နိုင်ငံဈေးကွက်သို့ မြန်ဆန်စွာ တင်ပို့ရောင်းချနိုင်ခဲ့သည်။

မကြာသေးမီက နန်နင်းမြို့ရှိ ထိုင်းကောင်စစ်ဝန်ရုံးချုပ်သည် ထိုင်းကုန်ပစ္စည်းများကို မြှင့်တင်ရန်အတွက် “Thailand Carnival – 2022 Thailand Shopping Festival” ကို တရုတ်နိုင်ငံ နန်နင်းမြို့၌ ကျင်းပခဲ့သည်။ အဆိုပါ ဈေးဝယ်ပြပွဲသည် တရုတ်နိုင်ငံ ပြည်သူလူထုများအကြား ရေပန်းစားလာသဖြင့် ပွဲတော်၏ ကျင်းပချိန်ကို မူလသတ်မှတ်ချိန်ဖြစ်သည့် ၉ ရက်မှ ၁၅ ရက်အထိ တိုးမြှင့်ခဲ့ရကြောင်း သိရသည်။

ထိုင်းနိုင်ငံ စီးပွားရေးဌာနသည် တရုတ်ဈေးကွက်ကို အထူးအလေးထားပြီး ကွမ်ရှီးပြည်နယ်နှင့် ပူးပေါင်းကာ ဈေးဝယ်ပြပွဲကို နှစ်စဉ်ကျင်းပခဲ့ရာ ယခုချိန်အထိဆိုလျှင် ၁၀ နှစ်တိုင်တိုင် ကျင်းပခဲ့ပြီဖြစ်ကြောင်း သိရသည်။ ထိုင်းနိုင်ငံ ဆန်မွှေးများ၊ မုန့်ပဲသရေစာများ ၊ တုန်ယမ်းအနှစ်စသည့် ရိုးရာအစားအစာများနှင့် ရွှေခေါင်းအုံးဒူးရင်း၊ မင်းကွတ်သီး ၊ သရက်သီးစသည့် အရည်အသွေးမြင့် ထွက်နှုန်းကောင်းသည့် ပင်ရင်းသစ်သီးဝလံများ အပါအဝင် ရာနှင့်ချီသော ထိုင်းနိုင်ငံမှ တင်သွင်းသည့် ကုန်ပစ္စည်းများသည် တရုတ်နိုင်ငံဈေးကွက်သို့ ဝင်ရောက်‌ရောင်းချလျက်ရှိကြောင်း သိရသည်။

“စားသုံးသူတွေဟာ အာဆီယံထုတ်ကုန်တွေအပေါ် ပိုမိုအသိအမှတ်ပြုလာကြပြီး ဝယ်လိုအားလည်း ဆက်လက်မြင့်မားနေပါတယ်။” ယခုနှစ်များအတွင်းတွင် အာဆီယံထုတ်ကုန်များသည် စားသုံးသူများအကြား အထူးပင်ရေပန်းစားလာခဲ့သဖြင့် အရောင်းမြှင့်တင်ရန်အတွက် ကျင်းပသော ဈေးဝယ်ပြပွဲမှာ ထူးထူးခြားခြား ရလဒ်များရရှိခဲ့သည့်အပြင် ဒူးရင်းသီးရောင်းချမှုမှာ တစ်ခါတစ်ရံတွင် တစ်ရက်အတွင်း ယွမ် ၁၀၀,၀၀၀ ခန့်အထိ ရောင်းချနိုင်ခဲ့သည်ဟု နန်နင်း Crystal City ရှိ ဖုန်းရွင့်စူပါမားကတ် အထွေထွေမန်နေဂျာ လီဝန်ချင်းက မိတ်ဆက်ပြောကြားခဲ့သည်။

ကွမ်ရှီးရှိ Ant Foreign Goods သည် နယ်စပ်ဖြတ်ကျော် e-commerce အဖြစ် နှစ်ပေါင်းများစွာ ဆောင်ရွက်လာရာ နယ်စပ်ဖြတ်ကျော် ကုန်ပစ္စည်းအမျိုးအစားများမှာ ပိုမိုပေါများ ကြွယ်ဝလာခဲ့သည်။ မလေးရှားမှ Musang King ဒူးရင်း၊ ဗီယက်နမ်မှ ကော်ဖီ၊ ထိုင်းမှ ရာဘာစေးဖြင့် ပြုလုပ်သော အိပ်ရာအသုံးအဆောင်ပစ္စည်း စသည်တို့အနက် ဌက်သိုက်နှင့် ဒူးရင်းသည် လူကြိုက်အများဆုံး အမျိုးအစားများဖြစ်ကြောင်းနှင့် ယခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ တန်ဖိုး ယွမ် သန်း ၆၀ ကျော်ရှိသည့် ငှက်သိုက် ၄.၉ တန်ကို တင်သွင်းခဲ့ကြောင်း သိရသည်။

“RCEP ဟာ ကျွန်တော်တို့ကုမ္ပဏီ ဖွံ့ဖြိုးတိုးတက်မှုအတွက် အပြုသဘောဆောင်တဲ့ အကျိုးသက်ရောက်မှုတွေ ဆောင်ကြဉ်းပေးခဲ့တယ်။ RCEP ကြောင့် အာဆီယံကုန်ပစ္စည်းတင်သွင်းမှုက တစ်နေ့တစ်ခြားပိုမို အဆင်ပြေလာပြီး အမျိုးအစားမှာလည်း စုံလင်လာပါတယ်။ လက်ရှိ ကုမ္ပဏီဟာ အာဆီယံ အရည်အသွေးမြင့် ထုတ်ကုန်တွေ တရုတ်နိုင်ငံသို့ ပိုမိုတင်ပို့နိုင်ဖို့အတွက် အာဆီယံနိုင်ငံရှိ ကုန်ပစ္စည်းအမှတ်တံဆိပ် အများအပြားနှင့် တက်ကြွစွာ အဆက်အသွယ်ပြုလုပ်နေတယ်” ဟု Ant Foreign Goods ထောက်ပို့မှုကွင်းဆက်ဆိုင်ရာ စီမံခန့်ခွဲမှု ကုမ္ပဏီတာဝန်ရှိသူက ပြောကြားခဲ့သည်။

ယခုနှစ်များအတွင်းတွင် တရုတ်-အာဆီယံ နယ်စပ်ဖြတ်ကျော် e-commerce သွင်းကုန်ပို့ကုန် ပမာဏသည် တစ်နေ့တစ်ခြား တိုးတက်လျက်ရှိကြောင်း၊ RCEP အသက်ဝင်ပြီးနောက် အာဆီယံနယ်စပ်ဖြတ်ကျော် e-commerce ဖွံ့ဖြိုးတိုးတက်မှု အလားအလာသည် ထပ်ဆင့်တိုးအားကောင်းခဲ့ပြီး ပိုမိုများပြားသော အာဆီယံထုတ်ကုန်များသည် e-commerce မှတစ်ဆင့် တရုတ်ပြည်သူလူထုများဆီသို့ ရောက်ရှိလာခဲ့သည်။

တရုတ်စားသုံးသူများက ထိုင်းနိုင်ငံထုတ်ကုန်များအပေါ် အမြဲနှစ်သက်မှုရှိကြောင်း၊ RCEP အသက်ဝင်အကောင်အထည်ဖော်မှုနှင့်အမျှ ဒေသတွင်းကုန်သွယ်မှု၏ ပိုမိုအဆင်ပြေချောမွေ့မှု၊ လွတ်လပ်မှုမှာ ထိုင်း-တရုတ်၊ အာဆီယံ-တရုတ် အကြား ကုန်သွယ်မှု အလားအလာ ပိုမိုကျယ်ပြန့်စေခဲ့ကြောင်း နန်နင်းမြို့ရှိ ထိုင်းကောင်စစ်ဝန်ချုပ်ရုံး၏ စီးပွားရေးဆိုင်ရာ ကောင်စစ်ဝန် Wanda Ratanapani က ပြောကြားခဲ့သည်။ (Xinhua)

RCEP တွန်းအားပေးမှုကြောင့် တရုတ်ဈေးကွက်သို့ ပိုမိုများပြားသောအာဆီယံထုတ်ကုန်များ တင်ပို့ ရောင်းချလျက်ရှိ