အမေရိကန်-ဗြိတိန်-သြစတြေးလျ နျူကလီးယား ရေငုပ်သင်္ဘောပူးပေါင်းဆောင်ရွက်မှုနှင့် အာရှ-ပစိဖိတ်ဒေသတွင် “နျူကလီးယားလက်နက်မျှဝေသုံးစွဲရေး” ပုံတူပွားမှုများကို အခိုင်အမာ ကန့်ကွက်ကြောင်း တရုတ်နိုင်ငံ လက်နက်လျှော့ချရေး သံအမတ်က ပြောကြား

2022-08-10 11:51:54
အရင်းအမြစ်:新华社

ဗြိတိန်နိုင်ငံ ရေတပ်မှ Astute-class ရေငုပ်သင်္ဘောအား တွေ့ရစဉ် (ဓာတ်ပုံ- Xinhua/AFP)

တရုတ်နိုင်ငံ လက်နက်လျှော့ချရေး သံအမတ် Li Song က 《နျူကလီးယား မပြန့်ပွားရေး စာချုပ်》ဒသမအကြိမ်မြောက် စိစစ်ဆွေးနွေးခြင်း ညီလာခံတွင် မိန့်ခွန်းပြောကြားရာ၌ တရုတ်နိုင်ငံ၏ နျူကလီးယားမပြန့်ပွားရေး ကိစ္စရပ်အပေါ် ရပ်တည်ချက်ကို ဘက်စုံရှင်းလင်းပြောကြားခဲ့ပြီး အမေရိကန်-ဗြိတိန်-သြစတြေးလျ နျူကလီးယား ရေငုပ်သင်္ဘောပူးပေါင်းဆောင်ရွက်မှုနှင့် အာရှ-ပစိဖိတ်ဒေသတွင် “နျူကလီးယားလက်နက်မျှဝေသုံးစွဲရေး” ပုံတူပွားမှုများကို အခိုင်အမာ ကန့်ကွက်ကြောင်း ပြောကြားခဲ့သည်။နျူကလီးယားမပြန့်ပွားရေးစာချုပ်သည် နိုင်ငံတကာ နျူကလီးယားမပြန့်ပွားရေးစနစ်၏ အခြေခံအုတ်မြစ်ဖြစ်ကြောင်း Li Song က ဆိုသည်။ ကိုယ်ကျိုးဆန်သည့် ပထဝီဝင်နိုင်ငံရေး အကျိုးစီးပွားအတွက် နျူကလီးယား ပြန့်ပွားရေးကို အသုံးချသည့် မည်သည့်လုပ်ရပ်မဆို နျူကလီးယားမပြန့်ပွားရေးစာချုပ်၏ မူလရည်ရွယ်ချက်နှင့် ဆန့်ကျင်ပြီး စာချုပ်၏ ထိရောက်မှုနှင့် အခွင့်အာဏာရှိမှုကို ဆိုးဆိုးဝါးဝါး ထိခိုက်စေကြောင်း၊ အမေရိကန်နိုင်ငံက အုပ်စုဖွဲ့နိုင်ငံရေး၊ အဖွဲ့ခွဲ ထိပ်တိုက်ရင်ဆိုင်မှု၊ အခြားသူအား ဖယ်ကြဉ်သည့် “အသိုက်အဝန်းငယ်” ၊ “အုပ်စုငယ်”များ အကြီးအကျယ်ဖွဲ့ကာ အာရှ-ပစိဖိတ်ဒေသ၌ လှိုင်းလုံးကြီးများ ဖန်တီးနေခြင်းက နိုင်ငံတကာ နျူကလီးယား မပြန့်ပွားရေးစနစ်အပေါ် ရိုက်ခတ်မှုနှင့် စိန်ခေါ်မှု အသစ် ဖြစ်ပေါ်စေကြောင်း ၎င်းကဆိုသည်။ အမေရိကန်-ဗြိတိန်-သြစတေးလျ နျူကလီးယားရေငုပ်သင်္ဘောပူးပေါင်းဆောင်ရွက်မှုနှင့် အာရှ-ပစိဖိတ်ဒေသတွင် “နျူကလီးယားလက်နက်မျှဝေသုံးစွဲရေး” ဆိုင်ရာ အငြင်းပွားမှုက နိုင်ငံတကာ နျူကလီးယားမပြန့်ပွားရေးစနစ်၏ အဓိကပြဿနာသစ်နှစ်ခု ဖြစ်ကြောင်း Li Song က ဆိုသည်။

အမေရိကန်-ဗြိတိန်-သြစတြေးလျ နျူကလီးယားရေငုပ်သင်္ဘော ပူးပေါင်းဆောင်ရွက်မှုသည် မကြုံစဖူးဖြစ်ပြီး စံတင်လောက်သော နျူကလီးယားပြန့်ပွားမှုဖြစ်ကြောင်း၊ ယင်း ၃ နိုင်ငံ၏ ပထဝီဝင်မဟာဗျူဟာ ကြံစည်မှုများမှာ “အလွန်သိသာထင်ရှားကာ လူတိုင်းပင်သိနေကြောင်း” Li Song က အလေးထားပြောကြားခဲ့သည်။ အမေရိကန်နှင့် ဗြိတိန်က စာချုပ်၏ သဘောတူလက်ခံသူများဖြစ်ပြီး နျူကလီးယားလက်နက် ပိုင်ဆိုင်မှုမရှိသည့် နိုင်ငံအား နျူကလီးယားရေငုပ်သင်္ဘောမောင်းနှင်သည့် ဓာတ်ပေါင်းဖိုနှင့် လက်နက်အဆင့်ရှိသော ယူရေနီယံ တန်ချိန်ပေါင်းများစွာကို လွှဲပြောင်းပေးရန် ဆုံးဖြတ်ခြင်းက နျူကလီးယားပြန့်ပွားမှုအန္တရာယ်ကို တိုးမြှင့်စေပြီး ၎င်းတို့၏ “စံနှုန်းနှစ်မျိုး” ကိုလည်း အပြည့်အ၀ ထုတ်ဖော်ပြသခဲ့ခြင်းဖြစ်ကြောင်း၊ သုံးနိုင်ငံ၏ နျူကလီးယားရေငုပ်သင်္ဘော ပူးပေါင်းဆောင်ရွက်မှုသည် အာရှ-ပစိဖိတ်နိုင်ငံအသီးသီး၏ လုံခြုံရေးကို ခြိမ်းခြောက်နေပြီး မပြန့်ပွားရေးစာချုပ်၏ ရည်ရွယ်ချက်ကို ပြောင်ပြောင်တင်းတင်း နင်းချေခြင်းပင်ဖြစ်သည်။ ယင်း ၃ နိုင်ငံအနေဖြင့် လမ်းကြောင်းပြောင်းရန်၊ အထက်ဖော်ပြသည့် နျူကလီးယားရေငုပ်သင်္ဘော ပူးပေါင်းဆောင်ရွက်မှုများကို ဖျက်သိမ်းရန်၊ အာရှ-ပစိဖိတ်ဒေသ ငြိမ်းချမ်းတည်ငြိမ်ရေးအတွက် အပြုသဘောဆောင်သည့်အရာများ လုပ်ဆောင်ရန် တရုတ်နိုင်ငံက တိုက်တွန်းခဲ့သည်။

“နျူကလီးယားလက်နက်မျှဝေသုံးစွဲရေး” သည် နျူကလီးယားပြန့်ပွားမှုဖြစ်ရာ စာချုပ်ပါ ရည်ရွယ်ချက်၊ အခြေခံမူများနှင့် ဆန့်ကျင်နေကြောင်း၊ ယင်းမူဝါဒကို ဖျက်သိမ်းရန်နှင့် အခြားနိုင်ငံများ၌ ဖြန့်ကျက်ထားသည့် နျူကလီးယားလက်နက်အားလုံးကို ရုပ်သိမ်းပေးရန် အမေရိကန်အား တရုတ်နိုင်ငံက တိုက်တွန်းကြောင်း Li Song က ပြောကြားခဲ့သည်။ “နျူကလီးယားလက်နက်မျှဝေသုံးစွဲရေး” က အာရှ-ပစိဖိတ်သို့ ပြန့်ပွားလာသည့် လက္ခဏာပေါ်ထွက်နေသည်ကို အထူးသတိပြုရမည်ဖြစ်သည်။ ဂျပန် စသည့်နိုင်ငံများက အမေရိကန်နှင့် နျူကလီးယားလက်နက်မျှဝေသုံးစွဲရန် အကြိမ်ကြိမ် တောင်းဆိုခဲ့သည့် သတင်းများ မကြာသေးမီက ထွက်ပေါ်ခဲ့သည့်အပြင် ဂျပန်က ယခုအကြိမ် စိစစ်ဆွေးနွေးခြင်း ညီလာခံသို့ တင်ပြသည့် အစီရင်ခံစာတွင် ယခင်အစီရင်ခံစာများ၌ ပါဝင်သည့် “နျူကလီးယားကင်းရှင်းရေးမူ ၃ ချက်”ကို ဖျက်သိမ်းခဲ့သည်။ ယင်းလုပ်ရပ်က ဂျပန်၏ နျူကလီးယားမပြန့်ပွားရေးမူဝါဒ အကြီးအကျယ်ပြုပြင်ပြောင်းလဲမှုရှိလာနိုင်သည်ဟု ဆိုလိုခြင်း ရှိ၊ မရှိအပေါ် ဂျပန်က နိုင်ငံတကာအသိုင်းအဝန်းအား ရှင်းလင်းချက်ပေးရန်လိုအပ်နေကြောင်း ၎င်းကဆိုသည်။

“နျူကလီးယားလက်နက်မျှဝေသုံးစွဲရေး” ပုံစံကို အာရှ-ပစိဖိတ် ဒေသသို့ ပုံတူပွားရန် ကြိုးစားသည့် ကြံစည်မှုအားလုံးက နျူကလီးယားပြန့်ပွားမှုဖြစ်ပြီး ဒေသတွင်းနိုင်ငံများ၏ ပြတ်ပြတ်သားသား ဆန့်ကျင်မှုနှင့် လိုအပ်ပါက ပြင်းထန်သည့် တန်ပြန်အရေးယူမှုများ ခံရမည်ဖြစ်ကြောင်း Li Song က အလေးထားပြောကြားခဲ့သည်။ (Xinhua)

အမေရိကန်-ဗြိတိန်-သြစတြေးလျ နျူကလီးယား ရေငုပ်သင်္ဘောပူးပေါင်းဆောင်ရွက်မှုနှင့် အာရှ-ပစိဖိတ်ဒေသတွင် “နျူကလီးယားလက်နက်မျှဝေသုံးစွဲရေး” ပုံတူပွားမှုများကို အခိုင်အမာ ကန့်ကွက်ကြောင်း တရုတ်နိုင်ငံ လက်နက်လျှော့ချရေး သံအမတ်က ပြောကြား