ကင်ဆာရောဂါခံစားနေရသော အသက်(၇)နှစ်အရွယ်ကလေးမလေးက အကြီးစားဆိုင်ကယ်စီးချင်သည်ကို ယာဉ်ထိန်းရဲများက စီစဉ်ပေးခဲ့
သြဂုတ်လ(၂၀)ရက်နေ့ တရုတ်နိုင်ငံစန်းတုံးကျီနန်ယာဉ်ထိန်းရဲမှ ဆိုင်ကယ်များကိုတန်းစီပြီး မောင်းနှင်လာခဲ့သည်။ သူတို့သည် အထူးမစ်ရှင်တစ်ခုကို လုပ်ဆောင်မည်ဖြစ်သည်။ ကင်ဆာရောဂါခံစားနေရသော အသက်(၇) နှစ်အရွယ်ကလေးမ၏ “ဆိုင်ကယ်စီး”လိုသည့်အိပ်မက်ကို အကောင်အထည်ဖော်ပေးရန်အတွက် ဖြစ်သည်။
နင်နင်သည် ၂၀၁၈ ခုနှစ်တွင် neuroblastic ကင်ဆာဖြစ်ပွားနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ပါသည်။ အဆိုပါရောဂါသည် ဆက်လက်အသက်ရှင်နိုင်မူရာခိုင်နှုန်း အလွန်နည်းပါးသည်။ ယခုနှစ်တွင် နင်နင်၏ ရောဂါအခြေအနေသည် ပြန်လည်ဖြစ်ပွားလာသဖြင့် ဆေးကုသမှုခံယူရန်အတွက် မိခင်ဖြစ်သူက နင်နင်ကို ကျီနန်းသို့ ခေါ်ဆောင်လာခဲ့သည်။ နင်နင်က အကြီးစားဆိုင်ကယ်ကို တွေ့မြင်လိုက်သည့်အခါ “ဟယ်၊ မိုက်လိုက်တာ။ သမီးကြီးလာရင် ဒီလိုမျိုး အကြီးစား ဆိုင်ကယ် စီးချင်တယ်” ဆိုပြီး အကြီးစားဆိုင်ကယ်ကို စွဲလန်းခဲ့သည်။
ထို့နောက် ဆိုင်ကယ်သမား မိတ်ဆွေများက နင်နင်အိပ်မက်ဖြစ်မြောက်လာရန် စုစည်းတိုင်ပင်ကြသည်။ ထိုသတင်းသည် ဒေသခံယာဉ်ထိန်းရဲအဖွဲ့အထိ ပြန့်သွားခဲ့သည်။ သူတို့တတွေသည်လည်း ကလေးမ၏ အိပ်မက်ကိုဖြည့်စည်းပေးရန် ဆန္ဒဖြစ်လာကြသည်။ သြဂုတ်လ(၂၀)ရက်နေ့တွင် ရဲတပ်ဖွဲ့သုံး မော်တော်ဆိုင်ကယ် (၂၅)စီးဖြင့် နင်နင်တို့ငှားရမ်းနေထိုင်သည့်နေရာသို့ မောင်းနှင်လာခဲ့သည်။ နင်နင်အသက်ငယ်ရွယ်ခြင်းကြောင့် ဆိုင်ကယ်စီးနင်းလိုက်ပါရန် ကန့်သတ်ချက်ရှိနေသဖြင့် သူမကို ရပ်နားထားသည့် ဆိုင်ကယ်ပေါ်သို့ ပွေ့ချီခေါ်ဆောင်ပြီး ဆိုင်ကယ်ပေါ်ထိုင်ခြင်းကို ခံစားစေခဲ့သည်။ နင်နင်သည် ဆိုင်ကယ်ပေါ်ရှိခလုတ်များကို စူးစမ်းလေ့လာနေသည်။ ယာဥ်ထိန်းရဲများထံ ၎င်းခလုတ်များ၏ လုပ်ဆောင်ချက်များကို မေးမြန်းနေသည်။
ထိုနေ့တွင် ဆိုင်ကယ်သမားမိတ်ဆွေအယောက်(၅၀)ကျော်သည် နင်နင်နှင့်အတူ အပြင်ထွက် လျှောက်လည် အပန်းဖြေအနားယူခဲ့ကြသည်။
သတင်းရင်းမြစ်၊ ပြည်သူ့နေ့စဉ်သတင်း၊ ဘာသာပြန်၊ Yunnan gateway)