ပါကစ္စတန်နိုင်ငံ ရေဘေးဒဏ်သင့်ပြည်သူများအတွက် တရုတ်နိုင်ငံ၏ လူသားချင်းစာနာထောက်ထားမှုအကူအညီက သံမဏိချစ်ကြည်ရင်းနှီးမှုကို သက်သေပြနေ
ပါကစ္စတန်နိုင်ငံ ကရာချိမြို့ရှိ ကရာချိလေဆိပ်တွင် တရုတ်နိုင်ငံမှ ရောက်ရှိလာသော အကူအညီများကို သယ်ယူပို့ဆောင်နေသည့် ဝန်ထမ်းတစ်ဦးအား ၂၀၂၂ ခုနှစ် ဩဂုတ် ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ပါကစ္စတန်နိုင်ငံ တောင်ပိုင်း ဆိပ်ကမ်းမြို့ဖြစ်သော ကရာချိရှိ လေဆိပ်ဝန်ထမ်းတစ်ဦးဖြစ်သော Ateeq ur Rehman သည် ပါကစ္စတန်ရေဘေးသင့်ပြည်သူများအတွက် တရုတ်နိုင်ငံမှ ပေးပို့သော အကူအညီပစ္စည်းများကို လေယာဉ်ပေါ်မှ အောက်သို့ချကာ ပူပြင်းသောရာသီဥတု၌ပင် စိတ်ကျေနပ်မှုအပြည့်ဖြင့် အပတ်တကုတ် ကြိုးပမ်းလုပ်ကိုင်နေသည်။“တရုတ်နိုင်ငံက ကျွန်တော်တို့ကို အများကြီးကူညီတဲ့အတွက် အလွန်ပဲကျေနပ်ရပါတယ်။ တရုတ်နိုင်ငံက ပါကစ္စတန်နိုင်ငံမှာ ပျက်စီးမှုတွေ ကြုံတွေ့နေရတယ်ဆိုတာ မြင်တွေ့ပြီးတဲ့နောက် အကူအညီအများကြီး ပေးခဲ့တယ်လို့ ကျွန်တော်ကြားသိရတယ်” ဟု ၎င်းက ဆင်ဟွာသို့ ပြောခဲ့သည်။
ပါကစ္စတန်နိုင်ငံ တောင်ပိုင်း Sindh ပြည်နယ်၊ Tando Allahyar ခရိုင်ရှိ ရေဘေးသင့်နေရာမှ ရွှေ့ပြောင်းနေသူများအား ၂၀၂၂ ခုနှစ် ဩဂုတ် ၂၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Str/Xinhua)
ပါကစ္စတန်နိုင်ငံတွင် သဘာဝဘေးအန္တရာယ်ကြောင့် ပြည်သူ ၃၃ သန်းကျော်နှင့် ခရိုင် ၇၂ ခု ထိခိုက်ပျက်စီးခဲ့ကြောင်း ပါကစ္စတန် အမျိုးသား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအာဏာပိုင် (NDMA) အရ သိရသည်။
ပါကစ္စတန်နိုင်ငံ၌ ဇွန်လလယ်ပိုင်းမှစတင်သော ယခု မုတ်သုံရာသီအတွင်း စုစုပေါင်း သေဆုံးသူအရေအတွက်မှာ အနည်းဆုံး ၁,၁၆၂ ဦးနှင့် ဒဏ်ရာရရှိသူ ၃,၅၅၄ ဦး ရှိပြီဖြစ်ကြောင်း NDMA က ဩဂုတ် ၃၀ ရက်က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံက ပါကစ္စတန်နိုင်ငံရှိ ရေဘေးသင့်ပြည်သူများအတွက် အချိန်မီနှင့် မရှိမဖြစ်အလိုအပ်ဆုံး အကူအညီများကို ပံ့ပိုးကူညီခဲ့ကြောင်း စွမ်းအင်ဝန်ကြီး Khurram Dastgir Khan က အကူအညီများလွှဲပြောင်းလက်ခံခြင်း အခမ်းအနား၌ ပြောကြားခဲ့သည်။ (Xinhua)