ဒုတိယကမ္ဘာစစ်နောက်ပိုင်း အမေရိကန်၏သမိုင်းက စစ်မက်မီးလျှံ၏ သမိုင်းတစ်ရပ်ဖြစ်

2022-06-29 13:58:05
အရင်းအမြစ်:新华网

အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့ရှိ အမေရိကန်-ဗြိတိန် ပူးတွဲစစ်တပ် ယာယီဌာန အရှေ့၌ ရာနှင့်ချီသော အီရတ်ဆန္ဒပြသူများအရှေ့ ပိတ်ရပ်နေသည့် အမေရိကန် လက်နက်ကိုင်တပ်ဖွဲ့ဝင်များအား ၂၀၀၃ ခုနှစ် ဇွန် ၁၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တိုက်ရိုက် ထိုးစစ်ဆင် စစ်တိုက်ရာမှ ကြားခံစစ်ပွဲ အားပေးခြင်း၊ အခြားနိုင်ငံ ပြည်တွင်းစစ်ဖြစ်ပွားစေရန် လှုံ့ဆော်ရာမှ နိုင်ငံအချင်းချင်း ပဋိပက္ခဖြစ်ပွားစေရန် ဖန်တီးခြင်းစသည့် ဒုတိယကမ္ဘာစစ်နောက်ပိုင်း ကမ္ဘာ့အဓိကစစ်ပွဲများ သို့မဟုတ် လက်နက်ကိုင်ပဋိပက္ခများတွင် အမေရိကန်နိုင်ငံ၏အရိပ်အာဝါသနှင့် မကင်းခဲ့ချေ။

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်လေဆိပ်တွင် အာဖဂန်မှထွက်ခွာရန် ကြိုးပမ်းနေသော ပြည်သူလူထုအား ၂၀၂၁ ခုနှစ် ဩဂုတ် ၁၆ ရက်က တွေ့ရစည် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံ မြို့တော် ဟနွိုင်းရှိ ဗီယက်နမ်စစ်သမိုင်းပြတိုက်၌ ပြသထားသော အမေရိကန် ဗုံးကြဲလေယာဉ် B-52 ၏ အပိုင်းအစများအား မတ် ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ယင်းအချက်အပေါ် ယခုရက်ပိုင်းတွင် သက်ဆိုင်ရာနိုင်ငံတကာရေးရာပညာရှင်များအား မေးမြန်းခဲ့ရာ ၎င်းတို့က မြောက်ကိုရီးယားစစ်ပွဲ၊ ဗီယက်နမ်စစ်ပွဲ၊ အာဖဂန်စစ်ပွဲ၊ အီရတ်စစ်ပွဲ … စသည့် ဒုတိယကမ္ဘာစစ်နောက်ပိုင်း အမေရိကန်ဆင်နွှဲခဲ့သည့် စစ်ပွဲနှင့် လှုံ့ဆော်ခဲ့သော ပဋိပက္ခများကို အသေးစိတ်ပြန်လည်ကြည့်ရှုမည်ဆိုပါက ဒုတိယကမ္ဘာစစ်နောက်ပိုင်း အမေရိကန်၏သမိုင်းသည် စစ်မက်မီးလျှံသမိုင်းတစ်ရပ်ဖြစ်သည်ကို ထင်ရှားစွာ တွေ့မြင်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အပြည့်အစုံမဟုတ်သော စာရင်းများအရ ဒုတိယကမ္ဘာစစ်ပြီးဆုံးချိန်မှ ၂၀၀၁ ခုနှစ်အထိ ကမ္ဘာတစ်ဝန်း ဒေသ ၁၅၃ ခုတွင် လက်နက်ကိုင် ပဋိပက္ခ ၂၄၈ ကြိမ် ဖြစ်ပွားခဲ့ရာ၌ စစ်ပွဲ ၂၀၁ ခု သည် အမေရိကန်မှစတင်ခြင်း ဖြစ်သည်။ ၂၀၂၁ ခုနှစ် မတ်လ၏ စာရင်းကိန်းဂဏန်းများတွင် ၂၀၀၁ ခုနှစ်မှစပြီး အမေရိကန်နှင့်၎င်း၏မဟာမိတ်နိုင်ငံများက အခြားနိုင်ငံသို့ ပစ်လွှတ်ခဲ့သော ဗုံးနှင့် ဒုံးကျည် စုစုပေ

ါင်း ၃၂၆,၀၀၀ ခု ရှိရာ ၎င်းမှာ နေ့စဉ် ပျမ်းမျှအားဖြင့် ဗုံးနှင့်ဒုံးကျည် အလုံး ၄၀ ရှိကြောင်း တွေ့ရှိရသည်။ ထို့အပြင် အမေရိကန်၏ ကြားခံစစ်ပွဲ အားပေးမှု၊ အခြားနိုင်ငံ၏ပြည်တွင်းစစ် လှုံ့ဆော်မှု ၊ လက်နက်ခဲယမ်း ပံ့ပိုးမှု စသည်တို့သည် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်သောနည်းလမ်းဖြင့် အခြားနိုင်ငံ၏ပြည်တွင်းရေးကို ကြိမ်ဖန်များစွာ စွက်ဖက်နေခြင်းဖြစ်သည်။

အမေရိကန်အနေဖြင့် အဘယ်ကြောင့် စစ်မက်ကို ခုံမင်ရသနည်း။ နောက်ကွယ်တွင် မည်ကဲ့သို့သော နိုင်ငံရေး၊ စီးပွားရေး၊ သမိုင်းနှင့် ယဉ်ကျေးမှုဇစ်မြစ်များ ရှိပါသနည်း။

တရုတ်နိုင်ငံ Renmin University ၏ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့်မဟာဗျူဟာသုတေသနဌာန သုတေသီ တျောင်းတာ့မင်က နိုင်ငံရေးရှုထောင့်ကကြည့်မည်ဆိုလျှင် အမေရိကန်တွင် “နယ်သစ်၌ အခြေချနေထိုင်သည့်ဝါဒ” နိုင်ငံရေးဗီဇရှိပြီး အမေရိကန် ဦးဆောင်မှု သို့မဟုတ် သက်ရောက်မှုရှိကြသော အခြားနိုင်ငံများရှိ ဒေသကို “အခြားသူ” အဖြစ်သဘောထားရာ “အခြားသူ” ကို ပြုပြင်ပြောင်းလဲခြင်းသည် အမေရိကန်၏ရည်မှန်းချက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“ထိုသို့သော နိုင်ငံရေးဗီဇရဲ့ နက်ရှိုင်းတဲ့သက်ရောက်မှုကြောင့် အမေရိကန်က စစ်တိုက်ခြင်း သို့မဟုတ် ပဋိပက္ခ လှုံ့ဆောင်ခြင်းဖြင့် ၎င်း၏ ‘အခြားသူ’ အား ပြုပြင်ပြောင်းလဲခြင်းနှင့် ထိန်းချုပ်ခြင်းကို အားဖြည့်စေသလို မိမိအင်အားချဲ့ထွင်ရာမှာလည်း အကျိုးဖြစ်စေတယ်လို့ ယူဆတယ် ” ဟု ၎င်းက ဆိုသည်။

စီးပွားရေးကဏ္ဍတွင် စစ်ပွဲ အဆက်မပြတ် ဖြစ်ပွားခြင်း သို့မဟုတ် ပဋိပက္ခ လှုံ့ဆော်ခြင်းသည် အမေရိကန် စစ်တပ်၊ လက်နက်လုပ်ငန်းကုန်သည်နှင့်နိုင်ငံရေးသမားများ “စစ်မက်နှင့်စက်မှုပူးတွဲ”သော အမြတ်အစွန်း အပြည့်ဝရရှိစေကြောင်း၊ သမိုင်းယဉ်ကျေးမှုကဏ္ဍတွင် အမေရိကန်သည် အစောပိုင်းကာလ ကိုလိုနီချဲ့ထွင်ပြီး အနောက်ဘက်သို့ ဝင်ရောက်ခြင်းလှုပ်ရှားမှု(Westward Movement) စသည့် သမိုင်းဖြစ်စဉ်၌ အကြမ်းဖက်မှုဖြင့်ပြဿနာကို ဖြေရှင်းသော အတွေးအခေါ် ပုံသေဖြစ်နေခြင်းနှင့် သမိုင်းအစဉ်အလာရှိခဲ့ရာ ၎င်းမှာ အမေရိကန် ယဉ်ကျေးမှု၏နောက်ခံတစ်ခု ဖြစ်ကြောင်း တျောင်းတာ့မင်က ဆိုသည်။

“အမေရိကန်ရဲ့ မိမိအနေအထား သတ်မှတ်မှုက ‘ကမ္ဘာတစ်ဝန်း စိုးမိုးမှုရှိ နိုင်ငံ’ ဖြစ်တယ်၊ ဒီလိုသတ်မှတ်မှုမျိုးရဲ့လမ်းညွှန်မှုအောက်မှာ တက်တက်ကြွကြွ ဝင်ရောက်စွက်ဖက်မှုဝါဒဟာ အမေရိကန် အမျိုးသားလုံခြုံရေးနှင့်နိုင်ငံခြားရေးရာမူဝါဒ ရေးဆွဲတဲ့ပညာရှင်တွေရဲ့ အဓိကအမြင် ဖြစ်လာတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ရှန်ဟိုင်း နိုင်ငံတကာရေးရာသုတေသနဌာန အမေရိကန်စင်တာ လက်ထောက်သုတေသီ ရှောက်ယွိချွင်က အမေရိကန်၏ စစ်တိုက်ခြင်းသည် နိုင်ငံတကာနှင့်ပြည်တွင်းတွင် ထိရောက်သော တားဆီးမှု၊ထိန်းချုပ်မှုမခံရခြင်းကြောင့် ၎င်း၏ ဗိုလ်ကျအနိုင်ကျင့် စိုးမိုးသည့် လုပ်ရပ်များက ပို၍ထပ်တိုးလာခြင်း ဖြစ်ကြောင်း ဆိုသည်။

စစ်တိုက်ခြင်း သို့မဟုတ် အခြားနိုင်ငံ၏ပြည်တွင်းရေးကို စွက်ဖက်ရာတွင် အမေရိကန်သည်“အကြမ်းဖက်တိုက်ဖျက်ခြင်း”၊ “လူ့အခွင့်အရေး ကာကွယ်ခြင်း”၊ “ဒီမိုကရေစီ ထိန်းသိမ်းကာကွယ်ခြင်း”ဟူသော သုံးနေကျစကားလုံးများဖြင့် အကြောင်းပြလေ့ရှိသည်။ သို့သော် အမေရိကန်သည် “ကမ္ဘာ့ရဲတပ်ဖွဲ့” လော သို့မဟုတ် “ကမ္ဘာ့အကြမ်းဖက်မှု၏ ဦးသျှောင်” လော သို့မဟုတ် “လစ်ဘရယ် ဒီမိုကရေစီ လူ့အခွင့်အရေး၏ ကာကွယ်သူ” လော သို့မဟုတ် “လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်း၏ ဖန်တီးသူ” လော ဆိုသည်မှာ မေးခွန်းထုတ်ဖွယ်ဖြစ်သည်။

ကိန်းဂဏန်းများအရ “၉/၁၁ အကြမ်းဖက်မှု နောက်ပိုင်းကာလ” အမေရိကန် ဆင်နွှဲခဲ့သည့် စစ်ပွဲကြောင့် စစ်သားနှင့်အရပ်သားသေဆုံးမှုအရေအတွက်မှာ စုစုပေါင်း ၉၂၉,၀၀၀ ဦး၊ အိုးမဲ့အိမ်မဲ့ဖြစ်ပွားသူ ၃၈ သန်းရှိခဲ့ကြောင်း ဖော်ပြထားသည်။ ယင်းကိန်းဂဏန်းများသည် ထိန်းထိန်းသိမ်းသိမ်းထည့်သွင်းခန့်မှန်းတွက်ချက်ထားခြင်းသာ ဖြစ်သည်။ ထို့အပြင် အမေရိကန်သည် ကမ္ဘာတစ်ဝန်းတွင် အစိုးရဆန့်ကျင်ရေးလက်နက်ကိုင်အများအပြားကို မွေးမြူထားရာ ၎င်းလက်နက်ကိုင်များအနက် အများအပြားသည် အကြမ်းဖက်အဖွဲ့အစည်းသို့ အသွင်ပြောင်းလဲသွားခဲ့သည်။

“အမေရိကန်ရဲ့ စစ်ပွဲဖန်တီးမှုက ဆိုးဝါးလှတဲ့ လူ့အခွင့်အရေးအကျပ်အတည်း ဖြစ်စေတယ်”၊ မိမိ၏ကမ္ဘာ့စိုးမိုးမှုနေရာအတွက် အမေရိကန်သည် ဒေသတွင်းနိုင်ငံများ၏ လူသန်းပေါင်းများစွာသော အခြေခံအသက်ရှင်နေထိုင်ခွင့်နှင့် ဖွံ့ဖြိုးတိုးတက်ခွင့် ဖျက်သိမ်းလိုက်ခြင်း ဖြစ်သည်ဟု တျောင်းတာ့မင်က ဆိုသည်။

စစ်တိုက်ခြင်း သို့မဟုတ် ခွာပြဲရေးလှုံ့ဆော်ခြင်းသည် နိုင်ငံတကာစနစ်ကို နင်းချေဖျက်ဆီးခြင်းဖြစ်ရာ ကမ္ဘာ့ငြိမ်းချမ်းတည်ငြိမ်ရေးအပေါ် ဆိုးဝါးသည့်ခြိမ်းခြောက်မှုဖြစ်ကြောင်း တျောင်းတာ့မင်က ပြောကြားခဲ့သည်။ “ကမ္ဘာရဲ့ တစ်ခုတည်းသော စူပါ ပါဝါအင်အားကြီးနိုင်ငံအဖြစ် အမေရိကန်ဟာ ထိုက်လျောက်သော တာဝန်ဝတ္တရာများကို ထမ်းဆောင်သင့်သော်လည်း ဆန့်ကျင်ဘက်လားရာကိုသာ ဖော်ဆောင်နေခြင်းဟာ ကမ္ဘာ့လုံခြုံရေးစီမံခန့်ခွဲမှုအတွက် လျှို့ဝှက်အန္တရာယ်ကြီး ဖြစ်စေတယ်” ဟု ၎င်းက ဆိုသည်။

အမေရိကန်၏ စစ်ပွဲဆင်နွှဲခြင်းက ဒေသတွင်းနိုင်ငံများကို ဆိုးဝါးသောအန္တရာယ်ကျရောက်စေသလို တစ်ချိန်တည်းတွင်ပင် မိမိကိုယ်ကိုလည်း တိုက်စားမှုဖြစ်စေကြောင်း ပညာရှင်များက ထောက်ပြသည်။ ကိန်းဂဏန်းများတွင် ၂၀၀၈ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ နှစ်စဉ် အမေရိကန်တွင် မိမိကိုယ်ကို အဆုံးစီရင်သော စစ်မှုထမ်းဟောင်း ၆,၀၀၀ ကျော်ရှိခြင်း၊ အာဖဂန်စစ်ပွဲ၌ ကန်ဒေါ်လာ ၂.၂၆ ထရီလီယံ အသုံးပြုမှုခဲ့မှုကြောင့် ကြီးမားသော စီးပွားရေးဝန်ဖိအားရှိနေခြင်း၊ ရုရှား-ယူကရိန်းပဋိပက္ခ မီးလောင်ရာလေပင့်မှုကြောင့် ကမ္ဘာ့စားနပ်ရိက္ခာနှင့်စွမ်းအင်ဈေးနှုန်းများ ခုန်တက်သွားခြင်း၊ အမေရိကန်ပြည်တွင်း ငွေကြေးဖောင်းပွမှု မြင့်မားနေခြင်း စသည်တို့ ရှိကြောင်း ဖော်ပြထားသည်။

အမှန်စစ်စစ်တွင်မူ အမေရိကန်၏ တစ်ဖက်သတ်ဝါဒ ၊ ဗိုလ်ကျစိုးမိုးရေးလုပ်ဆောင်မှုများနှင့်အတူ ၎င်းကြောင့်ဖြစ်ပွားသော ဆိုးဝါးသည့်နောက်ဆက်တွဲရလဒ်များက အမေရိကန် ပြည်သူများအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးပြည်သူများ၏ မကျေနပ်မှုဖြစ်ပေါ်လာစေရာ ဒေသအသီးသီး၌ စစ်ဆန့်ကျင်ရေးဆန္ဒပြမှုများလည်း ဖြစ်ပွားခဲ့သည်။

“အမေရိကန်ရဲ့လုပ်ရပ်အသွယ်သွယ်ဟာ နိုင်ငံအသီးသီး ပြည်သူလူထုရဲ့ ပိုမိုတရားမျှတသော နိုင်ငံတကာစနစ်ကို တည်ဆောက်ဖို့၊ ပို၍ငြိမ်းချမ်းလုံခြုံသောကမ္ဘာကို ကြိုဆိုနိုင်ဖို့ မျှော်လင့်ချက်နဲ့ မကိုက်ညီတာက ထင်ရှားပါတယ်”ဟု ရှောက်ယွိချွင်က ပြောကြားခဲ့သည်။ (Xinhua)

ဒုတိယကမ္ဘာစစ်နောက်ပိုင်း အမေရိကန်၏သမိုင်းက စစ်မက်မီးလျှံ၏ သမိုင်းတစ်ရပ်ဖြစ်