တရုတ်နိုင်ငံ စီချွမ်းပြည်နယ်တွင် ရှေးဟောင်းသင်္ချိုင်းဂူပေါင်း ၁,၁၀၀ ကျော် တွေ့ရှိ

2022-06-21 18:38:40
အရင်းအမြစ်:新华网

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် ယန်ယွမ်ခရိုင် လောင်လုံးထိုရှေးဟောင်းအမွေအနှစ်ပစ္စည်းများတူးဖော်သည့်နေရာမှ တွေ့ရှိရသော ကြေးထည်ပစ္စည်းများအား ဇွန် ၁၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ရှေးဟောင်းသုတေသနပညာရှင်များက တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် ယန်ယွမ်ခရိုင်တွင် ဆန်းမင်းဆက်(၁၆၀၀ ဘီစီ – ၁၀၄၆ ဘီစီ)နှင့် ဟန်မင်းဆက်အစောပိုင်းကာလ (၂၀၂ ဘီစီ – ၂၅ အေဒီ)က သင်္ချိုင်းဂူပေါင်း ၁,၁၀၀ ကျော်တွေ့ရှိခဲ့ကြောင်း သိရသည်။၂၀၂၀ပြည့်နှစ် ဧပြီလမှစတင်၍ လောင်လုံးထို ရှေးဟောင်းအမွေအနှစ်နေရာ၌ တူးဖော်တွေ့ရှိရသော ရှေးဟောင်းအမွေအနှစ်ပစ္စည်း ၅,၀၀၀ ကျော်တွင် မြေထည်၊ ကြေးထည်၊ သံထည်၊ ရွှေထည် နှင့် ငွေထည်ပစ္စည်းများပါဝင်ကြောင်း စီချွမ်းပြည်နယ် မြို့တော် ချိန်တူး၏ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်နှင့်သုတေသနဌာန၏ ပြောကြားချက်များအရ သိရသည်။

တွေ့ရှိရသော မြေထည်ခရားအိုးအများစုတွင် လက်ကိုင်ပါရှိကြောင်း၊ ကြေးထည်များ၏ ထူးခြားချက်က ပြည့်စုံသော ယက်ကန်းသုံးပစ္စည်းများဖြစ်ပြီး တရုတ်နိုင်ငံ၏ အစောဆုံးသော ကြေးထည် သုံးဘီးမြင်းလှည်းဟု ယူဆရသော ကြေးထည်နှင့် သစ်ကိုင်းသဏ္ဍာန် ကြေးထည်ပစ္စည်းများကို တွေ့ရှိရရာ ၎င်းတို့မှာ ယင်းဒေသ၏ယုံကြည်မှုနှင့်ကိုးကွယ်မှုကို ဖော်ညွှန်းမှုများဖြစ်ကြောင်း ရှေးဟောင်းသုတေသနပညာရှင်များက ဆိုသည်။

“ဒီတူးဖော်တွေ့ရှိမှုက စီချွမ်းပြည်နယ် အနောက်တောင်ပိုင်းနှင့် ယူနန်ပြည်နယ်အနောက်ပိုင်း ကြေးထည်ယဉ်ကျေးမှု၏ဖွံ့ဖြိုးတိုးတက်ရေးကို လေ့လာရာတွင် အရေးကြီးသော အနက်အဓိပ္ပါယ်ရှိပြီး တရုတ်နိုင်ငံ အနောက်တောင်ပိုင်း တိုင်းရင်းသားလူမျိုးများ၏ ကူးလူးဖလှယ်မှုရဲ့ သက်သေ ဖြစ်ပါတယ်”ဟု အင်စတီကျု၏ ဒုတိယအကြီးအကဲ ကျိုးကျစ်ချင်းက ဆိုသည်။ (Xinhua)

တရုတ်နိုင်ငံ စီချွမ်းပြည်နယ်တွင် ရှေးဟောင်းသင်္ချိုင်းဂူပေါင်း ၁,၁၀၀ ကျော် တွေ့ရှိ