ယူနန်ပြည်နယ်တွင် Lijiashan ရှေးခေတ်သချိုင်းအုတ်ဂူဟောင်းသုတေသနလုပ်ငန်း ပိုမိုနက်ရှိုင်းစွာ ဆောင်ရွက်တော့မည်
တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် လာမည့် ၅ နှစ်အတွင်း Lijiashan သချိုင်းအုတ်ဂူသုတေသနလုပ်ငန်းကို ဖြည်းဖြည်းချင်း တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာသတင်းစာရှင်းလင်းပွဲမှ သိရပါသည်။
Lijiashan ရှေးသချိုင်းဂူဟောင်းများသည် ယူနန်တွင် ရှေးဟောင်း Dian တိုင်းပြည်ဆိုင်ရာ အရေးကြီးဆုံးနေရာများထဲက တစ်ခုဖြစ်သည်။ ၎င်းသည် ယွီရှီးမြို့ ရှင်းယွင်ရေကန်အနီးတွင် တည်ရှိပြီး လက်ရှိတွင် ကြေးထည်ပစ္စည်း အခု ၄၀၀၀ ကျော်ကို ရှာဖွေတွေ့ရှိခဲ့သည်။ ယူနန်ပြည်နယ်ပြတိုက်တွင် တန်ဖိုးအရှိဆုံး ကျက်သရေဆောင်ပစ္စည်းဖြစ်သည့် ယဇ်ပူဇော်ရာတွင်အသုံးပြုသော အသားတင်တန်ဆာဖြစ်သည့် “နွားနှင့်ကျားပုံကြေးထည်ပစ္စည်း”ကို Lijiashan မှ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။
Lijiashan သည် ၁၉၇၂ ခုနှစ်တွင် ပထမဆုံးအကြိမ် သုတေသနပြုသည်မှ လက်ရှိတွင် နှစ် ၅၀ ရှိပြီ ဖြစ်သည်။ Lijiashan ရှေးခေတ်သချိုင်းအုတ်ဂူဟောင်းများ၏ သမိုင်းနှင့်ယဥ်ကျေးမှုဆိုင်ရာတန်ဖိုးကို ပိုမိုနက်ရှိုင်းစွာ တူးဖော်ရန် “Lijiashan ရှေးခေတ်သချိုင်းအုတ်ဂူဟောင်းများရှာဖွေတွေ့ရှိခြင်း နှစ် ၅၀ ပြည့် အထိမ်းအမှတ် အခမ်းအနားနှင့် သုတေသနစာတမ်းဖတ်ပွဲ”ကို သြဂုတ်လ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့အထိ ယွီရှီးမြို့၌ ကျင်းပမည်ဖြစ်ကြောင်း သတင်းအရသိရပါသည်။ ထိုအချိန်တွင် ပြည်တွင်းပြည်ပမှ သုတေသနပညာရှင် ၁၀၀ ကျော်သည် ချင်နှင့်ဟန့်မင်းဆက်ခေတ်ကာလ(ဘီစီ ၂၂၁ ခုနှစ်မှ အေဒီ ၂၂၀ ပြည့်နှစ်အထိ)တရုတ်အနောက်တောင်ပိုင်း၏ ရှေးခေတ်ကာလ သုတေသနပြုခြင်းအကြောင်း၊ ယူနန်ရှေးခေတ်ယဥ်ကျေးမှုဆိုင်ရာသုတေသနပြုခြင်းနှင့်ပတ်သက်ပြီး ဆွေးနွေးကြမည်ဖြစ်ပြီး ယူနန်ပြည်နယ် ယဉ်ကျေးမှုနှင့်ရှေးဟောင်းသုတေသနဌာန၏ Lijiashan ရှေးဟောင်းသုသေသနဆိုင်ရာ လုပ်ငန်းခွင်ကိုလည်း ထုတ်ဖော်ပြသသွားမည်ဖြစ်ကြောင်း သိရပါသည်။
(သတင်းရင်းမြစ် - ယူနန်နေ့စဥ်သတင်းစာ)