ရာစုနှစ်တစ်ခုရှိ မာပန်းဟင်း စားသောက်ဆိုင်တွင် “အစားအစာအိပ်မက်”ကို ရှာဖွေ
သြဂုတ်လ(၈)ရက်နေ့ မွန်းလွဲပိုင်းအချိန်တွင် ဖူအော်မြို့ နင်အော်ဟာနီ၊ ရီတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင် နတ်ခေါ်လီမြို့နယ်တွင် ရာစုနှစ်တစ်ခုရှိ မာပန်းဟင်း စားသောက်ဆိုင် တစ်ဆိုင်တွင် လူစည်ကားလျက်ရှိသည်။ ဖူအော်မြို့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် “မာပန်းဟင်း ကျွမ်းကျင်မှုလက်ရာ” ပဉ္စမမျိုးဆက် အမွေဆက်ခံသူဖြစ်သော ကျောက်ရိသည် မီးဖိုဘေးတွင် ဟင်းလျာများဖြစ်သည့် “မာပန်းညီအစ်ကိုသုံးဖော်” နှင့် “မာပန်းညီအစ်မသုံးဖော်”ကို ချက်ပြုတ်လျက် ရှိပါသည်။
“မာပန်းညီအစ်ကိုသုံးဖော်”တွင် အမဲခြောက်မီးကင်၊ ဆားနယ်ဝက်သားခြောက်၊ ဝက်အူချောင်းကင်များ ပါဝင်သည်။ “မာပန်းညီအစ်မသုံးဖော်”တွင် ပဲနို့မုန့်ညင်းဖြူ၊ ပဲပူတင်းတို့ဟွား၊ ပဲအနှစ်တို့ကျား တို့ပါဝင်သည်။
“ဟင်းပွဲတစ်ပွဲကို အိုးတစ်အိုးတည်းဖြင့်ချက်ခြင်း၊ အလွယ်တကူရရှိနိုင်သော ဟင်းသီးဟင်းရွက်ဖြင့် ချက်ပြုတ်ခြင်းတို့သည် မာပန်းဟင်း၏ ထူးခြားချက်ဖြစ်သည်” ဟု ကျောက်ရိက ပြောသည်။ မြင်းတန်းအဖွဲ့(မာပန်း)သည် မြင်းတန်းသယ်ယူပို့ဆောင်ရေးလမ်းဟောင်းပေါ်တွင် အမြဲသွားလာနေကြ ရသောကြောင့် စားသုံးသောအစားအစာများသည် နှပ်ထားသောအစားအစာနှင့် လမ်းတလျှောက်တွင် အလွယ်တကူ ခူးယူစားသုံးနိုင်သောအစားအစာများကို အဓိကစားသုံးကြသည်။ နှပ်ထားသောအစား အစာများသည် တာရှည်ထားသိုနိုင်ပြီး ခံတွင်းမြိန်စေသည်။ လမ်းတလျှောက်တွင် ခူးယူနိုင်သော စားသောက်ကုန်များ ရာသီဥတုအလိုက်အပြောင်းအလဲရှိသည်။ ဥပမာ- မျှစ်မွှေး၊ ကန်စွန်းဥစသည် တို့ဖြစ်သည်။ ဟင်းချက်သည့်အခါ အိုးအဖုံးကို အရွက်ကြော်ရာတွင်အသုံးပြုနိုင်ပြီး အိုးကိုဟင်းရည်ပြုတ် သည့်အခါ အသုံးပြုနိုင်ပါသည်။ ထို့ကြောင့် အိုးတစ်လုံးတည်းဖြင့် ဟင်းလျာများချက်ပြုတ်နိုင်ပေသည်။
တရုတ်-လာအို ရထားလမ်းဖွင့်လှစ်ပြီးနောက် ခေါ်လီရွာသို့ လာရောက်လည်ပတ်သည့် ခရီးသည်အရေအတွက်မှာ များပြားလာသည်။ မာပန်းဟင်းကို လာရောက်စားသုံးသူလည်း ယခင်နှစ်ကထက် နှစ်ဆတိုးပွားလာသည်။ ယခင်က ခရီးသည်အများစုသည် မော်တော်ယာဉ်များ ကိုယ်တိုင်မောင်းနှင်ပြီး လာရောက်လည်ပတ်လေ့ရှိကြသည်။ သို့သော် လမ်းခရီးဝေးလံလှသောကြောင့် အလွန်ပင်ပန်းလှသည်။ ယခုအချိန်တွင် တရုတ်-လာအိုရထားလမ်းဖွင့်လှစ်လိုက်သည့်အတွက်ကြောင့် ခရီးသည်များအတွက် ပိုမိုလွယ်ကူ မြန်ဆန်သော ခရီးသွားနည်းလမ်းကို ထောက်ပံ့ပေးနိုင်ပြီဖြစ်သည်။
(သတင်းရင်းမြစ်၊ ယူနန်နေ့စဥ်သတင်းစာ၊ ဘာသာပြန်၊ Yunnan gateway)