လောင်စီနှင့်ရေ
လောင်စီ (Laozi) သည် တရုတ်ရှေးဟောင်း ချွန်းချိုးခေတ် (ဘီစီ ၇၇၀ မှ ဘီစီ ၄၇၆ အထိ) အတွေးအခေါ်မျိုးစုံ ထုတ်ဖော်မှုတွင် အရေးပါသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး ရေကို အလွန် အလေးထားသူ ဖြစ်ပါသည်။ လောင်စီ၏ ဒဿနအယူအဆများကို သူ၏ “Tao Te Ching” ကျမ်းတွင် တွေ့မြင်နိုင်ပါသည်။ သူသည် ရေကို ဥပမာပြု စံပြုပြီး လှပထိရှစွာ ရှင်းပြညွှန်းဆိုတတ်ပါသည်။
တာအိုအတွေးအခေါ်၏ အထင်ကရလက်ရာ“Shenzi” ကျမ်းတွင် ဒဿနဒဏ္ဍာရီတစ်ပုဒ်ရှိပြီး ဆန်းရုံ (Shang Rong)နှင့် လောင်စီတို့၏ အပြန်အလှန် ပြောဆိုမှုများကို မှတ်တမ်းတင်ထားပါသည်။ တစ်နေ့တွင် ဆန်းရုံသည် ရောဂါနှင့် မမာမကျန်း ဖြစ်ခဲ့ရာ လောင်စီက သူ၏ရောဂါကို စိုးရိမ်ပြီး ပြန်ခါနီးတွင် ဘာများဆုံးမလိုပါသနည်းဟု မေးမြန်းခဲ့ပါသည်။
လောင်စီ။ ။ ဆရာ့တပည့်ဖြစ်တဲ့ ကျွန်တော်ကို ပညာအဆုံးအမ ချီးမြှင့်ပါဦး။ ဘယ်လို စကားအမွေတွေ ပေးချင်မှာချင်တာ ရှိသေးလဲဆရာကြီး။
ဆန်းရုံ။ ။ ကိုယ့်ရပ်ကိုယ့်ရွာကို ဖြတ်တဲ့အခါ လှည်းပေါ်က ဆင်းရမယ်။ သိလား။
လောင်စီ။ ။ ဇာတိမမေ့ ဘဝမမေ့ဖို့အတွက်လား ဆရာကြီး။
ဆန်းရုံ။ ။ သစ်ပင်ကြီးရှေ့က ဖြတ်တဲ့အခါ ဦးငုံ့ခါး ညွှတ်ပြီး သွားရမယ်နော်။ သိလား။
လောင်စီ ။ ။ အသက်အရွယ်ကြီးသူကို ရိုသေလေးစားရမယ်လို့ ဆိုလိုတာလား ဆရာကြီး။
ဆန်းရုံ ။ ။ (သူ့ပါးစပ်ကို ဟပြကာ မေးလိုက်ပါသည်။) ငါ့ကို ကြည့်စမ်း ငါ့လျှာရှိသေးလား။
လောင်စီ။ ။ ရှိတယ်။
ဆန်းရုံ။ ။ (ဒုတိယအကြိမ် ပါးစပ်ကို ဟပြကာ ထပ် မေးလိုက်သည်။) သွားရောရှိသေးလား။
လောင်စီ။ ။ မရှိပါဘူး ဆရာကြီး။
ဆန်းရုံ။ ။ မင်းသဘောပေါက်ရဲ့လား။ သိပြီလား။
လောင်စီ။ ။ ဆရာကြီး “မာတဲ့ အရာဟာ ပျက်စီးလွယ်ပြီး ပျော့တဲ့အရာက ကြာရှည် တည်တံ့တယ်”လို့ သွန်သင်ဆုံးမချင်တာလား။ ကျွန်တော် မှတ်သား နှလုံးသွင်းပါမယ် ဆရာကြီး။
အထက်ပါပုံပြင်လေးကား အမှန်တကယ်ပင် ရှိခဲ့သလားဆိုသည်ကို အသေအချာမသိပါ။ သို့သော် အမာကို အမာနှင့် ထိပ်တိုက်မတွေ့ရဟု အသိပေး သတိပေးထားခြင်းပင် ဖြစ်သည်။ အကယ်၍ စည်းစိမ်ဥစ္စာ၊ အာဏာရမက်အတွက် အမာတစ်ခုက အခြားအမာတစ်ခုကို ထိပ်တိုက်တွေ့ပြီး အနိုင်ယူချင်လျှင် အဆိုးသံသရာလည်နေကာ သူကြေကိုယ်ကြေဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ကြာရှည်တည်တံ့လိုလျှင်၊ ငြိမ်းအေးလိုလျှင်၊ လျှော့တတ်ရမည်၊ ပျော့တတ်ရမည်၊ နှိမ့်ချမာန်ချတတ်ရမည်ဟု ဆရာကြီးက သင်ပြညွှန်းဆိုလိုခြင်းဖြစ်သည်။
မာတောင့်မာကျစ်သည့် အရာသည် ပျက်စီးလွယ်သည်။ ပျော့ပျောင်းကွေးညွတ်နိုင်သည့် အရာသည် ကြာရှည်တည်တံ့သည်။ ပြည့်မောက်လွန်းလျှင် လျှံကျပါသည်။ ခြေဖျားထောက်ပြီး မတ်တပ်ရပ်လျှင် ကြာကြာရပ်နိုင်မည်မဟုတ် စသော အတွေးအခေါ်များကို တရုတ်စာလုံး ၅၀ဝဝ ကျော်၊ အခန်း ၈၁ ခန်းပါသော လောင်စီ၏ “Tao Te Ching” ကျမ်းတွင် ရှင်းလင်းစွာ ဖော်ပြထားပါသည်။
အမှန်ပင် မိုးအောက်မြေပြင်၌ အပျော့ဆုံး၊ အနူးညံ့ဆုံးသော အရာမှာ ရေ ဖြစ်သည်။ အလားတူ အမာဆုံး အခိုင်ဆုံး အရာများကို ဖျက်ဆီးနိုင်သော စွမ်းပကားရှိသူမှာလည်း ရေပင် ဖြစ်သည်။ အလွန်မာကျစ်ခိုင်ခန့်သော တောင်နံရံကြီးဖြစ်စေ၊ ရေကာတာကြီးဖြစ်စေ ဧရာမရေကြောင်းကြီး၏ အရှိန်အဟုန်နှင့် စီးဆင်းတိုက်စားမှုအောက်တွင်၊ ကြာမြင့်သည့် အချိန်နေ့ရက်များ၏ တိုက်စားမှုအောက်တွင် ထိုအရာတို့သည် ပျက်စီးကြွေလွင့်ရလေသည်။ ပြိုပျက်လဲကျရလေသည်။ အပျော့ဆုံး အနူးညံ့ဆုံးဖြစ်သည့် ရေ၏ အစွမ်းကား ကြီးမားထက်မြက်လှပါသည်။ ရေပေါက်ရေစက်၊ ကြိမ်ဖန်သက်၍၊ တစ်စက်ကျများ၊ မရပ်နားက၊ ကျောက်သားကျောက်ဆိုင်၊ ထွင်းဖောက်နိုင်၏” ဟူသော ထိုကဗျာတိုစာတိုလေးသည် ရေ၏ ဂုဏ်အစွမ်းသတ္တိကို ပြသနေခြင်းပင်ဖြစ်ပါသည်။
အဘယ်ကြောင့် ပျော့သည့်အရာ၊ ကွေးညွှတ်နိုင်သည့် အရာသည် မာကျောသည့်အရာထက် ကြာရှည်တည်တံ့ရသနည်း။ “Wu Wei - တမင်ရည်ရွယ်ချက်ပါသော စိတ် သဘောထားစိတ်ဆန္ဒနှင့် မပြုမူခြင်းကြောင့် ဖြစ်သည်။” “Wu Yu-အစွဲမကြီး အလိုမကြီးခြင်းကြောင့် ဖြစ်သည်။” “Wu Shi-ပြဿနာမရှိ ပြဿနာရှာမှု မရှိခြင်းကြောင့် ဖြစ်သည်။” “Bu Zheng-အနိုင်အထက်လုယူရယူခြင်း မပြုခြင်းကြောင့် ဖြစ်သည်။” “Shun Qi Zi Ran - သူ့သဘောသူဆောင်စေလို့၊ သူ့ဥပဒေသနှင့်သူဖြစ်တည်စေလို့ ဖြစ်သည်” ဟု “တာအိုဝါဒ” အတွေးအခေါ်က ဆိုပေသည်။
ရေ၏ သဘောသဘာဝက ပျော့ပျောင်းသည်။ အနိမ့်ကို စီးဆင်းသည်။ အနိမ့်မှာ နေသည်။ ခေါင်ထိပ်အမြင့်ကို မလုမယူ သူတစ်ပါးကို ပေးသည်။ မြစ်ချောင်းအင်းအိုင်၊ ရေတွင်းရေကန်၌ စီးဆင်းသောရေ၊ စုဝေးနေသော ရေသည် အေးမြချိုမြခြင်းကို ပေးစွမ်းသည်။ ရှင်သန်စိမ်းလန်းခြင်းကို ပေးသည်။ အများတကာ အရာခပ်သိမ်းကို ရေက ကြည့်ရှုစောင့်ရှောက်သည်။ သူ့ကျေးဇူးကို ပြန်လည်ရယူ၊ ပြန်လည်တောင်းခံခြင်း မရှိ။ ထိုဂုဏ်အရည်အသွေးကို လောင်စီက “ရေသည် အများက မနှစ်သက်သော ဆိုးဝါးသော အရပ်၌ နေ၏ရှိ၏။ ခပ်သိမ်းသော အရာတို့ အားကောင်းမှုအတွက် အကျိုးပြု၏။ သို့သော် မိမိအတွက် ပြန်လည်လုယူ ရယူခြင်းမရှိ” ဟု ညွှန်းဆိုပါသည်။ ထို့ကြောင့် တရုတ်လို “Shang Shan Ruo Shui”ဟု လှပထိရှစွာ ရေးသားတင်စားထားခြင်း ဖြစ်ပါသည်။ အနက်အဓိပ္ပာယ်မှာ “အမြင့်ဆုံး အမြတ်ဆုံးသော အရာသည် ရေနှင့် ဆင်တူ၏။ အကောင်းဆုံး အသင့်ဆုံး အနေအထားသည် ရေလိုဖြစ်၏”ဟူ၍ ဖြစ်သည်။ ကျွန်ုပ်တို့အတွက် ရေ၏ လှုံ့ဆော်မှုသည် အလွန် ကြွယ်ဝကျယ်ပြန့်ပေသည်။ ထို့ကြောင့် တရုတ်ရှေးဟောင်းဒဿနပညာရှင်လောင်စီက “Shang Shan Ruo Shui ”ဟု ချီးကျူးခြင်းမှာ အံ့သြစရာ မဟုတ်ပေ။