ရင်ထဲက ချုံချင့်မြို့

2022-11-09 18:30:38
အရင်းအမြစ်:《吉祥》杂志

အချိန်ဆိုသော အရာသည် တရွေ့ရွေ့နှင့် ရွေ့လျားနေသည်။ ဘာလိုလိုနဲ့ ချုံချင့်မှာ ပညာတော်သင်အဖြစ် ၃ နှစ်ကျော်ခဲ့ပြီ ဖြစ်သည်။ ၂၀၁၈ ခုနှစ် တရုတ်နိုင်ငံသို့ မလာခင်က အင်မတန် စိတ်လှုပ်ရှားမိခဲ့သည်။ ထိုအချိန်က ဖေဖေနှင့် ကျွန်မသည် ကမ္ဘာ့မြေပုံပေါ်တွင် ကျွန်မ သွားရမည်ဆိုသော ချုံချင့်၏ တည်နေရာကို ရင်ခုန်စွာနဲ့ ရှာကြည့်ခဲ့ကြဖူးသည်။ ယခုတွင်မူ ချုံချင့်မှာ အနေကြာလာသည်နှင့်အမျှ ချုံချင့်နှင့်လည်း တဖြည်းဖြည်း ရင်းနှီးလာခဲ့သည်။

မြေမျက်နှာသွင်ပြင်အရ ချုံချင့်မြို့တွင် တောင်ကုန်းတောင်တန်း အလွန်ပေါများသော ဒေသပင် ဖြစ်သည်။ ၎င်း အနက် တောင်တန်းဒေသများသည် ချုံချင့်မြို့ စုစုပေါင်း ဧရိယာ၏ ၇၅.၃၃% ပါဝင်ပြီး အမည်ကျော်ကြားသော “တောင်ပေါ်မြို့” ဖြစ်ပေသည်။ ရပ်မြေတစ်ခုရှိ တောတောင်ရေမြေဖြင့် ရပ်သူရပ်သားများအား သီးသန့် ပြုစုပျိုးထောင်သည်ဟု ဆိုလိုသကဲ့သို့ပင် ဤနေရာက တောတောင်ရေမြေသည် ထူးခြားသော ပါယွီ(Bayu)ယဉ်ကျေးမှုကို ထွန်းကားစေခဲ့သည်။ ဤမြေကြီးပေါ်တွင် တရုတ်ရှေးခတ်က နာမည် ကျော်ကဗျာဆရာများ ဖြစ်ကြသည့် လီပိုင်နှင့် ဒူဖူတို့သည် နှစ်ပေါင်းတစ်ထောင်ကျော် လက်ဆင့်ကမ်းလျက်ရှိသည့် လက်ရာမြောက်ကဗျာများကို ချန်ထားခဲ့ကြသည်။ ဘိုးစဉ်ဘောင်ဆက် ရွှေ့ပြောင်းအခြေချနေထိုင်သူများသည် တောတောင်ရေမြေများ ဖြတ်သန်းသွားလာကာ နယ်မြေများ ချဲ့ထွင်ခဲ့ကြပါသည်။ Chuanjiang haozi (လှေသမားများ၏ အလုပ်သီချင်း)သီဆိုသည့် ကြွေးကြော်သံများသည် ချုံချင့်နယ်သူနယ်သားများ၏ ထူးခြားသော ကိုယ်ရည် ကိုယ်သွေးကို ဖော်ပြနေပါသည်။

ဘာသာစကားအရ ချုံချင့်တွင် တရုတ်စံပြဘာသာ စကားထက် အများဆုံးကြားရသည့် စကားမှာ ချုံချင့်ဒေသ စကားပင် ဖြစ်သည်။ ချုံချင့်ဒေသစကားသည် တရုတ်စံပြဘာသာစကားနှင့် လေယူလေသိမ်း(အသံတုံး)အနည်းငယ် ကွဲပြားသည်ဟု ထင်မိသည်။ အစပိုင်းတွင် ဤအချက်သည်


ကျွန်မကို ခက်ခဲစေသော်လည်း ယခုအခါမှာမူ ချုံချင့်ဒေသစကားကို အတော်အသင့် နားလည်လာပြီ ဖြစ်သည်။ ချုံချင့်ဒေသခံများသည် ကျွန်မတို့ကဲ့သို့သော နိုင်ငံခြားကျောင်းသားများအား အထူးပင် ဖော်ရွေသမူ ပြုကြပါသည်။ ကျွန်မ၏ အမြင်အရ ဒေသခံများ၏ ချစ်စရာ ထူးခြားချက်တစ်ခုမှာ စကားပြောသည့်အခါ အသံကျယ်ကျယ်နှင့် ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်ကြသည်။ သူတို့နှင့် စကားပြောချိန်တွင် အလွန် ပျော်ရွှင်ရပါသည်။ ဤသို့ဖြင့် မကြာခဏဆိုသလိုပင် နှစ်နိုင်ငံယဉ်ကျေးမှုများ ပြောဆိုဖလှယ်ဖြစ်ကြသည်။ အထူးသဖြင့် အပြောများကြသည်မှာ အစားအစာအကြောင်းများ ပင် ဖြစ်သည်။

ချုံချင့်အစားအစာသည် စီချွမ်ဟင်းလျာ၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ ချုံချင့်သည် ဤစပ်သော အစားအစာကြောင့် ပြည်တွင်းမှာသာမက ပြည်ပမှာပါ နာမည်ကြီးသည်။ အထူးသဖြင့် ချုံချင့်ဟော့ပေါ့အနှစ်သည် အလွန် နာမည် ကြီးပါသည်။ ချုံချင့်အစားအစာများ ချက်ပြုတ်ရာတွင် ငရုတ်ကောင်းများကို အသုံးပြုထားခြင်းကြောင့် ၎င်းအစားအစာ၏ အရသာသည် ပုံမှန်အားဖြင့် စားသုံးသူများအား ထုံကျဉ်စေတတ်သည်။ ကျွန်မသည် ချုံချင့် ရောက်စအချိန်တုန်းက ထိုအရသာ ထုံထုံကျဉ်ကျဉ်ကို ထူးထူးဆန်းဆန်း အရသာအဖြစ် မစားနိုင်ဖြစ်ခဲ့ဖူးသည်။ သို့ရာတွင် ယခုအခါ၌ နေ့စဉ်အစားအစာထဲမှာ ထုံထုံကျဉ်ကျဉ် အရသာမပါပါက တစ်ခုခု လိုအပ်နေသလိုပင် ခံစားရသည်။ “အစပ်မရှိလျှင် ပျော်ရွှင်မှုမရှိပေ”ဟု ဆိုသလိုပင် ဖြစ်ပါသည်။ ကျွန်မသည် ချုံချင့်၏ မြို့လယ်သို့ သွားလည်ရသည်ကို အကြိုက်ဆုံး ဖြစ်သည်။ ထိုနေရာတွင် လမ်းဘေးစားသောက်ဆိုင်များ အပါအဝင် အစားအသောက်ဆိုင် များစွာရှိသည်။ ဤစားသောက်ဆိုင်များတွင် ကျွန်မသည် ဒေသထွက် အထူးအစားအစာ အမျိုးမျိုးအဖုံဖုံ စားသောက်ခဲ့ဖူးသည်။ အခွင့်အရေးရှိလျှင် ယင်းစားသောက်ဆိုင်များသို့ သွားစားကြရအောင်ဟု ဖိတ်ခေါ်လိုက်ပါသည်။ ဈေးနှုန်းများမှာလည်း သက်သက်သာသာနှင့်ပင် လူတန်းစားမရွေး စားသုံးနိုင်သည်။ ထို့ကြောင့် ချုံချင့်မှာ အနေကြာလာသူတိုင်း ချုံချင့်ဟင်းလျာများကို ခုံမင်စွာ နှစ်ချိုက်လာကြမည်ဟု ကျွန်မ ယုံကြည်ပါသည်။

ယနေ့ခေတ် ညမအိပ်သော မြို့ကြီးများတွင် ချုံချင့်မြို့သည် ထိပ်ဆုံးက ပါဝင်နေမည်ဟု ထင်မိသည်။ အဘယ်ကြောင့်ဆိုသော် ချုံချင့်၏ ညရှုခင်းအလှသည် နေ့ခင်းထက် ကိုပင် ပိုမို ဆွဲဆောင်အား ကောင်းလွန်းနေသောကြောင့် လူအများသည် ညအခါတွင် အပြင်သို့ ပို၍ ထွက်ကြသည်ဟု ထင်မိပါသည်။ “ ညရှုခင်းအလှ မရှုစားခဲ့ဖူးရင် ချုံချင့်မြို့ကို မရောက်ဖူးခဲ့ဘူး”ဟု ဆိုသကဲ့သို့ပင် ချုံချင့်မြို့၏ ညရှုခင်းအလှကို မရှုစားခဲ့ဖူးလျှင် လုံးဝ သနားစရာကြီး ဖြစ်လိမ့်မည်။ မီးအလင်းရောင် ထွန်းလင်းထောက်ပလာသည် နှင့် မြို့ပြ၏ ထိပ်ဆုံးနေရာတွင် ရပ်တည်ကာ ချုံချင့်မြို့ ၏ ညရှုခင်းအလှကို အပေါ်စီးမှ ရှုမြင်နိုင်သည့်အတွက် ကြောင့် တိမ်ပေါ်တွင် ရပ်နေသကဲ့သို့ ရှုစားနိုင်သည့် ရင်သပ်ရှုမောဖွယ်ကောင်းသော မြင်ကွင်းကို ခံစားရသည်။ မြို့လယ်ခေါင် ယန်စီမြစ်ကမ်းအလှနှင့် တံတားပေါ်တွင် ဖြတ်သန်းသွားလာနေသော လူများ၊ ကမ်းနားလမ်းရှိ လျှပ်စစ်မီး ထိန်ထိန်လင်းနေသော အဆောက်အဦးများ၊ အဆက် မပြတ် သွားလာနေသော မော်တော်ယဉ်များကြောင့် ချုံချင့် သည် ညအခါ ပိုမို စည်ကားနေတတ်သည်။ ကျွန်မနှင့် အတူတကွ လည်ပတ်သည့် သူငယ်ချင်းတို့သည် မည်သည့်နေရာမဆို ရပ်ကာ မတူကွဲပြားသော အလင်းရောင်ကို ရှုစားနိုင်မည် ဖြစ်ပါသည်။ ကိုယ်တိုင် လက်တွေ့ရှုစားပြီးမှသာ ချုံချင့်၏ ညရှုခင်းအလှမှာ မည်မျှ အံ့ဩဖွယ်ကောင်း သည်ကို နားလည်နိုင်လိမ့်မည် ဖြစ်ပါသည်။

ကျွန်မ အိမ်ပြန်ရောက်သည့်အခါ မိဘဆွေမျိုးများနှင့် သူငယ်ချင်းများကို ချုံချင့်အကြောင်း ဂုဏ်ယူစွာ တစ်ဝကြီး ပြန်ပြောပြချင်မိသည်။ အကယ်၍ မိမိနိုင်ငံ၊ မိမိဒေသသို့ ပြန်လည်ရောက်ရှိချိန်မှာပင် ချုံချင့်၏ အငွေ့အသက်များ ကား ရင်ထဲတွင် စွဲကျန်နေပေဦးမည်။

စာရေးသူ ။ ။ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း တက္ကသိုလ်မှ မြန်မာနိုင်ငံမှ ပညာတော်သင်ကျောင်းသူ ချောစုဝင်း

ရင်ထဲက ချုံချင့်မြို့