"တရုတ်လက်ဖက်ခြောက်" ကို ကမ္ဘာ့အမွေအနှစ်အဖြစ် အောင်မြင်စွာ လျှောက်ထားနိုင်ပြီ၊ အချဉ်လက်ဖက်ရည်ကြမ်း သောက်ဖူးပါသလား

2022-12-02 21:35:39
အရင်းအမြစ်:德宏州文化和旅游局

၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် တရုတ်နိုင်ငံမှ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ရန် လျှောက်ထားသည့် “တရုတ်ရိုးရာ လက်ဖက်ခြောက်ပြုလုပ်မှုအတတ်ပညာနှင့် ဆက်နွှယ်သော ဓလေ့ထုံးတမ်းများ”သည် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို) ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေးဆိုင်ရာ အစိုးရချင်းကော်မတီမှ အကဲဖြတ်စိစစ်မှု အောင်မြင်ခဲ့ပြီး ယူနက်စကို၏ လူသားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များစာရင်းတွင် ထည့်သွင်းခံရသည်။ မန်စီမြို့၏ "တယ်အောင်းတိုင်းရင်းသား အချဥ်လက်ဖက်ခြောက် ကစော်ဖောက် ထုတ်လုပ်မှုအတတ်ပညာ"ကို ပရောဂျက်ခွဲအဖြစ် ရွေးချယ်ခဲ့ပါသည်။

တယ်အောင်းတိုင်းရင်းသား အချဥ်လက်ဖက်ခြောက်ကို စားသုံးနိုင်သော လက်ဖက်ရွက်နှင့် သောက်သုံးနိုင်သော လက်ဖက်ခြောက်ဟူ၍ နှစ်မျိုးပိုင်းခြားထားသည်။ စားသုံးနိုင်သော လက်ဖက်ရွက်ကို အများအားဖြင့် ဟင်းပွဲအဖြစ် စားသုံးလေ့ရှိပြီး ထူးခြားရှားပါးသော တယ်အောင်းလူမျိုးတို့ စားကောင်းသောက်ဖွယ် ဖြစ်ပါသည်။ သောက်သုံးသော လက်ဖက်ခြောက်သည် ချဉ်ပြီး ချိုမြိန်ကာ လက်ဖက်ကြမ်း၏ အရောင်မှာ ရွှေဝါရောင်ဖြစ်ပြီး သန့်စင်ပါသည်။ အချဉ်လက်ဖက်ခြောက်ကို ကစော်ဖောက် ထုတ်လုပ်ရာတွင် အဏုဇီဝသက်ရှိများ၊ အပူနှင့် စိုထိုင်းဆများနှင့် ၎င်းတို့ထွက်ပေါ်လာသော ဓာတုပြောင်းလဲမှုများကြောင့် ထူးခြားသောအရောင်၊ ရနံ့၊ အရည်အသွေးနှင့် ကျန်းမာရေးထိန်းသိမ်းကာကွယ်ရေး မြှင့်တင်ပေးနိုင်သည့် အစိတ်အပိုင်းများအဖြစ် တုံ့ပြန်မှုများ ဆက်တိုက် ဖြစ်ပေါ်နိုင်ပါသည်။

အချဉ်လက်ဖက်ခြောက်သည် တယ်အောင်းလူမျိုးတို့၏ နေထိုင်မှုဘဝတွင် အလွန်အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။ “အချဉ်လက်ဖက်ခြောက်ဟာ သောက်သုံးနိုင်တဲ့ ရေနွေးကြမ်းဖြစ်ပြီး ဘဝအတွက် ဆေးဝါးအနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။ ကျွန်ုပ်တို့ ပေါင်းသင်းဆက်ဆံမှုမှာလည်း မရှိမဖြစ် လိုအပ်ပါတယ်"ဟု အဆိုပါဒေသမှ တယ်အောင်းတိုင်းရင်းသား အချဥ်လက်ဖက်ခြောက် ကစော်ဖောက် ထုတ်လုပ်မှုအတတ်ပညာ အမွေဆက်ခံသူက ပြောပါသည်။ တယ်အောင်းလူမျိုးတို့သည် နှစ်ထောင်ပေါင်းများစွာ ထိန်းသိမ်းဆက်ခံပြီးနောက် လက်ဖက်ယဉ်ကျေးမှုသည် ၎င်းတို့၏ လူမှုရေးနေထိုင်မှုဘဝနှင့် အလွန် နီးကပ်စွာ ဆက်စပ်နေပါသည်။ အိမ်ထောင်ရေးဘဝ၊ မိတ်ဆွေပေါင်းသင်းဆက်ဆံမှု၊ ဧည့်ခံကြိုဆိုမှုနှင့် ဘာသာရေးဆိုင်ရာပူဇော်မှုများစသည့် လှုပ်ရှားမှုများတွင်လည်း ကြားခံအဖြစ် အလွန် အရေးကြီးသော သက်ရောက်မှု ရှိပါသည်။


(ဆောင်းပါးအရင်းအမြစ် - တယ်ဟုန်ပြည်နယ်ခွဲ ယဥ်ကျေးမှုနှင့် ခရီးသွားညွှန်ကြားရေးဌာန။ ဘာသာပြန် - Yunnan gateway)

"တရုတ်လက်ဖက်ခြောက်" ကို ကမ္ဘာ့အမွေအနှစ်အဖြစ် အောင်မြင်စွာ လျှောက်ထားနိုင်ပြီ၊ အချဉ်လက်ဖက်ရည်ကြမ်း သောက်ဖူးပါသလား