ဧကရာဇ်ဘုရင် ချင်ရှီဟွမ် ဂူသင်္ချိုင်း မြေရုပ်တုစစ်သည် အမှတ်(၁)တွင်းကြီးတွင် စစ်သည်ရုပ်တု ၂၀ ကျော် ထပ်မံတွေ့ရှိရ

2022-01-24 18:06:26 |သတင်းအရင်းအမြစ် 新华网

၂၀၂၁ ခုနှစ်က ရှေးဟောင်းသုတေသနပညာရှင်များက “ချင်” စစ်သည် မြေရုပ်တု အမှတ်(၁) တွင်း၏ တွင်းနှစ်တွင်းကို သုတေသနပြုတူးဖော်ကြည့်ရာတွင် မြေထည်စစ်သည်ရုပ်တု ၂၅ ခုကို တွေ့ရှိရကြောင်း ချင်ရှီဟွမ်ဂူဗိမာန်ပြတိုက်မှ သိရသည်။ ၎င်းတို့အနက် တူးဖော်ရရှိသည့် အလယ်အလတ်အဆင့်နှင့် အဆင့်မြင့်စစ်သည်အရာရှိရုပ်တုများသည် အမှတ်(၁)တွင်း စစ်တပ်ဖြန့်ကျက်စီရင်မှုကို လေ့လာရာတွင် လေးနက်သည့်အဓိပ္ပါယ်ရှိကြောင်း သိရသည်။ယခုအကြိမ် တူးဖော်ရရှိသည့်နေရာမှာ အမှတ်(၁)တွင်းကြီး၏ မြောက်ဘက်ခြမ်း အလယ်ပိုင်းရှိ G8၊ G10 တွင်းနှစ်တွင်း၌ ဖြစ်သည်။ G8 မှ မြေရုပ်တု ၁၅ ခုတွေ့ရှိရပြီး ၎င်းတို့အနက် ၁၀ ခုကို ရွေးထုတ်ကာ ပြန်ဆက်ပုံဖော်ထားမှု ပြီးစီးသည်က ၈ ခု ရှိကြောင်း ၊ G10 တွင် မြေရုပ်တု ၁၀ ခု တွေ့ရှိခဲ့ရာ ၎င်းတို့အနက် ၇ ခုကို ရွေးထုတ်ပြီး ပြန်ဆက်ပုံဖော်ထားမှုပြီးစီးသည်က ၄ ခု ရှိကြောင်း သိရသည်။

ဤအကြိမ်တူးဖော်ရရှိသော မြေရုပ်တုများသည် အရောင်အသွေး ထိန်းသိမ်းထားနိုင်မှုအခြေအနေ အလွန်ကောင်းမွန်ကြောင်း ၊ လက်ရှိတွင် တွေ့ရှိရသည့် စစ်သည်ရုပ်တုများကို ရှေးဟောင်းသုတေသီများက ပြန်လည်ပြင်ဆင်ထိန်းသိမ်းရေးဌာနသို့ ပို့ဆောင်ကာ ပြင်ဆင်မှုများပြုလုပ်နေရာ တွင်းမှထွက်လာသောရုပ်တုရှိ မှိုဖားဥများကို သိပ္ပံနည်းကျ ရှင်းလင်းမှုများပြုလုပ်လျက်ရှိရာ ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းနှင့် သဘာဝပတ်ဝန်းကျင်လုံခြုံရေးကို အာမခံထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါသုတေသနပြု တူးဖော်မှုတွင် စစ်သူကြီးရုပ်တု တစ်ခုနှင့် အလယ်အလတ်အဆင့်ရှိအရာရှိစစ်သည်၏ ရုပ်တုတစ်ခုကိုလည်း တွေ့ရှိရကြောင်း သိရသည်။ ရှေးဟောင်းသုတေသနပညာရှင်များက “ချင်”မြေရုပ်တုတွင်းတွင် တွေ့ရှိရသော အလယ်အလတ်အဆင့်နှင့် အဆင့်မြင့်အရာရှိစစ်သည်များ၏ ရုပ်တုများကို လေ့လာကြည့်သည့်အခါ အထူးသဖြင့် အမှတ်(၁) တွင်းကြီးကို လေ့လာကြည့်သည့်အခါ စစ်သည်များ စီရင်ခင်းကျင်းပုံသည် တောင်-မြောက်၊ အရှေ့-အနောက် ဘက်ညီထားရှိသည့်လက္ခဏာရှိကြောင်း ၊ ယခုတွေ့ရှိမှုက အမှတ်(၁)တွင်းကြီးရှိ စစ်သည်အင်အားခင်းကျင်းပုံကို လေ့လာသုတေသနပြုရာ၌ လေးနက်သည့်အဓိပ္ပါယ်ကို ဖော်ဆောင်ကြောင်း ဆိုသည်။


“ချင်” စစ်သည်ရုပ်တုသင်္ချိုင်းသည် ဧကရာဇ်ဘုရင် ရှီဟွမ်တိ (ချင်ရှီဟွမ်) ဥယျာဉ်သင်္ချိုင်း၏ပြင်ပ ဘုရင်နှင့်အတူမြုပ်နှံရာ ပမာဏကြီးမားသောတွင်းများဖြစ်သည်။ ၎င်းတို့အနက် အမှတ်(၁)တွင်းကြီးသည် စတုဂံပုံသဏ္ဍာန်ရှိပြီး အရှေ့-အနောက် အရှည် ၂၃၀ မီတာ၊ တောင်-မြောက် အကျယ် ၆၂ မီတာ၊ အနက် ၅ မီတာ ဖြင့် စုစုပေါင်း ဧရိယာ ၁၄,၂၆၀ စတုရန်မီးတာ ရှိရာ အခင်းအကျင်းစီရင်ပုံအရ အလုံးစုံတူးဖော်ပြီးလျှင် မြေရုပ်တုစစ်သည်၊ မြေရုပ်တုစစ်မြင်း ၆,၀၀၀ ကျော် ရှိနိုင်မည်ဟု ခန့်မှန်းရကြောင်း သိရသည်။ (Xinhua)