တရုတ်-မြန်မာနယ်စပ်ရှိ ထိန်ချုံးဟုတ်ချောင်နယ်စပ်ဂိတ်တွင် အကောက်ခွန်ရှင်းလင်းရေး အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိ

2023-03-20 18:59:50
အရင်းအမြစ်:云南日报

ယခုရက်ပိုင်းတွင် ထိန်ချုံးဟုတ်ချောင်နယ်စပ်ဂိတ်၌ ငှက်ပျောသီးများအပြည့် တင်ဆောင်ထားသည့် ကုန်တင်ကားများ အဆုံးမရှိ စီးဆင်းသွားလာနေပါသည်။ ဟုတ်ချောင်နယ်စပ်ဂိတ်နှင့် မနီးမဝေးရှိ ဟေးနီထန် ကုန်တင်ကုန်ချဂိုဒေါင်တွင် ငှက်ပျောသီးများ တင်ဆောင်ထားသည့် ကုန်တင်ကားကြီး ၃၀ ကျော်သည် ဝင်ထွက်လာပြီး အလုပ်သမား တစ်ရာနီးပါးတို့သည် ထုပ်ပိုးသေတ္တာများ တင်ဆောင်ခြင်းဖြင့် အလုပ်များနေကြသည်။

ထိန်ချုံးဟုတ်ချောင်နယ်စပ်ဂိတ်သည် တရုတ်-မြန်မာနယ်စပ်တွင် တည်ရှိပြီး တရုတ်နိုင်ငံ၏ အမျိုးသားပထမအဆင့် နယ်စပ်ဂိတ်တစ်ခုဖြစ်သည်။ သွင်းကုန်များမှာ အဓိကအားဖြင့် ငှက်ပျောသီး၊ ဖရဲသီးနှင့် ဟင်းသီးဟင်းရွက်စသည့် စိုက်ပျိုးရေးထွက်ကုန်များနှင့် အခြားသော ပစ္စည်းများဖြစ်ပါသည်။ ပို့ကုန်များမှာ နေ့စဉ်သုံးပစ္စည်းများ၊ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ၊ ဆောက်လုပ်ရေးသုံး စက်ယန္တရားများ၊ ဆောက်လုပ်ရေးသုံးပစ္စည်းများနှင့် ဓာတ်မြေသြဇာ စသည့် ပစ္စည်းများဖြစ်ပါသည်။ "အခုနှစ် ဇန်နဝါရီ ၈ ရက်နေ့က အကောက်ခွန်ရှင်းလင်းရေးလုပ်ငန်း အပြည့်အ၀ ပြန်လည်စတင်ပြီးကတည်းက ဟုတ်ချောင်နယ်စပ်ဂိတ်ဟာ အကောက်ခွန်ရှင်းလင်းရေး ဘက်ပေါင်းစုံကနေ အရှိန်မြှင့် ဆောင်ရွက်လျက်ရှိပါတယ်။ ခွန်အားသစ်တွေ ပြန်လည် ဖြစ်ထွန်းစေနေပါတယ်"ဟု ထိန်ချုံးနယ်စပ်ဂိတ် စီမံအုပ်ချုပ်မှုစင်တာမှ ဝန်ထမ်းလီကျန့်ဖိန်က ပြောကြားပါသည်။ ဇန်နဝါရီလနှောင်းပိုင်းမှစတင်၍ နေ့စဉ် ၀င်ထွက်သည့် မော်တော်ယာဉ်အစီးရေ ၉၀ မှ ၁၅၀ရှိပြီး နေ့စဥ် ၀င်ထွက်သည့် လူဦးရေမှာ ၂၀၀ မှ ၃၀၀ ရှိကြောင်း၊ ကုန်စည်စီးဆင်းမှု ၂,၁၀၀ တန် မှ ၂,၅၀၀ တန်အထိ ရှိကြောင်း၊ ထို့အပြင် အကောက်ခွန်ရှင်းလင်းရေးအတွက် နေ့စဉ် ကုန်တင်ယာဉ်အစီးရေ ၃၀ မှ ၅၀ အထိ စောင့်ဆိုင်းလျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောပါသည်။

ထိန်ချုံးမြို့ ကူးသန်းရောင်းဝယ်ရေး ညွှန်ကြားရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၏ ပြောကြားချက်အရ လက်ရှိအချိန်တွင် ထိန်ချုံးမြို့ သည် ဟုတ်ချောင်စမတ်နယ်စပ်ဂိတ်စီမံကိန်းကို မြှင့်တင်ဆောင်ရွက်လျက်ရှိပြီး ၂၀၂၃ ခုနှစ်နှစ်ကုန်တွင် ပြီးစီးရန် စီစဉ်ထားကြောင်း၊ ထိုအချိန်တွင် အကောက်ခွန်ရှင်းလင်းရေး ပို၍ အဆင်ပြေလာမည်ဖြစ်ကြောင်း သိရပါသည်။ (ဆောင်းပါးအရင်းအမြစ် - ယူနန်နေ့စဥ်သတင်းစာ။ ဘာသာပြန် - Yunnan gateway)

တရုတ်-မြန်မာနယ်စပ်ရှိ ထိန်ချုံးဟုတ်ချောင်နယ်စပ်ဂိတ်တွင် အကောက်ခွန်ရှင်းလင်းရေး အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိ