ငါးများ “သင်္ဘောတက်”

2023-04-21 13:39:59
အရင်းအမြစ်:《吉祥》杂志

မွန်းတည့် ၁၂ နာရီတွင် ကျူးဟိုင်၏ ဟောင်ကောင်-ကျူးဟိုင်-မကာအို အမှတ်(၁)ဆိပ်ကမ်းမှ ပစ္စည်းထောက်ပံ့ရေးသင်္ဘောဖြင့် ကမ်းရိုးတန်းမှ ရေမိုင် ၁၀၀ အကွာတွင် ရှိသော ငါးမွေးမြူရေးသင်္ဘောရပ်နားရာဆီသို့ ထွက်ခွာလာခဲ့သည်။ ပင်လယ်ထဲတွင် ၅ နာရီကြာ ခရီးနှင်လာခဲ့ပြီးနောက် အဆိုပါ ပင်လယ်ရေပေါ် ငါးမွေးမြူရေးသင်္ဘောထံသို့ ရောက်ရှိလာခဲ့သည်။ ၎င်းမှာ ကမ္ဘာ့ပထမဆုံးသော တန်ချိန် ၁ သိန်း အကြီးစား စမတ်ရေလုပ်ငန်းသင်္ဘောကြီး ဖြစ်သည်။ အဆိုပါသင်္ဘောသည် အလျား ၂၄၉.၉ မီတာ ရှည်လျား၍ သင်္ဘောအလေးတန်ချိန် တန် ၁၃၀,၀၀၀ ရှိသောကြောင့် ငါးမွေးမြူရေး၏ လေယာဉ်တင်သင်္ဘောအဆင့် ရှိသည်။


သင်္ဘောပေါ်က ငါးမွေးမြူရေးရာ အင်ဂျင်နီယာ မုံ့ကွမ်ဝေက အဆိုပါ သင်္ဘောကြီးသည် “စူပါစွမ်းအား”မျိုးစုံ ပိုင်ဆိုင်ထားသည်ဟု မိတ်ဆက်ရှင်းပြပါသည်။ သင်္ဘောတစ်စင်းလုံးတွင် ငါးမွေးမြူသည့် သင်္ဘောဝမ်းခန်း ၁၅ ခု ပါရှိသည်။ ကုဗမီတာ ၉၀,၀၀၀ နီးပါး ရှိ၍ စံချိန်မီ ရေကူးကန် ၃၆ ကန်စာ အရွယ်ရှိသည်ဟု မုံ့ကွမ်ဝေက ပြောပြသည်။ တရုတ်ပြည်မှာ ရေလုပ်ငန်းနိုင်ငံကြီးဖြစ်သည်နှင့်အညီ ရေထွက်ကုန်ပမာဏမှာ တစ်ကမ္ဘာလုံး ရေထွက်ကုန် မွေးမြူထုတ်လုပ်မှု ပမာဏ၏ ၆၀% ကျော်ရှိသည်။ ယခင်က မိရိုးဖလာ ပင်လယ်ရေဖြင့် မွေးမြူကြခြင်းသည် ကမ်းနီးတွင်သာ မွေးမြူခဲ့ကြခြင်းဖြစ်ရာ၊ ယခုနှစ်ပိုင်းတွင် ယေဘုယျအားဖြင့် မွေးမြူနိုင်သည့် အမြင့်ဆုံးပမာဏကို ရောက်ရှိသွားပြီဖြစ်သည်။ ထို့ပြင် အများစု မွေးမြူထားသည်မှာ အခွံမာရှိသော ရေသတ္တဝါများ၊ ရေညှိရေမှော်များ စသည့် ပင်လယ်ထွက်ကုန်များ ဖြစ်လေသည်။ ယခင်က နည်းပညာအဆင့် မပြည့်မီသောကြောင့် ကမ်းဝေးမှာ မွေးမြူနိုင်ရန် မဖော်ဆောင်နိုင်ဘဲ ရှိခဲ့သည်။ လိုအပ်ချက်ရှိလာခြင်းက နည်းပညာကို ဖွံ့ဖြိုးတိုးတက်လာစေခဲ့သောကြောင့် ယခုအခါ မွေးမြူရေးကို ကမ်းဝေးပင်လယ်အထိ ချဲ့ထွင်လာနိုင်ခဲ့၍ ညစ်ညမ်းမှုကို တော်တော်များများ လျှော့ချနိုင်ခဲ့သည်။ သင်္ဘောသွားနေရင်းလည်း မွေးမြူနိုင်သည်။ ထိုမျှမက သဘာဝဘေးအန္တရာယ်များကိုလည်း ရှောင်လွှဲလာနိုင်ခဲ့သည်။

စတင်အသုံးပြုလာခဲ့သည်မှ ယခုအထိ အဆိုပါသင်္ဘောသည် ပင်လယ်ရေနက်တွင် မွေးမြူသည့် ငါးသင်ဝါကြီး တန်ချိန် ၁၀၀၀ နီးပါး ထွက်ရှိလာနိုင်ခဲ့ပြီ ဖြစ်သည်။ ဤမျှထိအောင် အမျိုးကောင်းသည့် ငါးသင်ဝါကြီးကို မွေးမြူရာမှာ ရေအရည်အသွေးက သော့ချက်ဖြစ်သည်။ ပင်လယ်ရေစုပ်စက်မှတစ်ဆင့် ငါးမွေးမြူသည့် သင်္ဘောဝမ်းခန်းထဲသို့ အဆက်မပြတ် ရေသွင်းခြင်းဖြင့် ငါးမွေးမြူသည့် သင်္ဘောဝမ်းခန်းတွင် ၂၄ နာရီပတ်လုံး အဆက်မပြတ် ရေလဲပေးနိုင်သောကြောင့် ရေအရည်အသွေးအား လတ်ဆတ်သော ကမ်းဝေးပင်လယ်ရေ ဖြစ်အောင် တောက်လျှောက်ထိန်းပေးနိုင်သည်။ မိရိုးဖလာ ပင်လယ်ကမ်းနီးတွင် ရေအောက်ပိုက်ကွန်လှောင်အိမ်ဖြင့် မွေးမြူသည့် ငါးသင်ဝါကြီးများနှင့်ယှဉ်လျှင် ပင်လယ်ကမ်းဝေးတွင် မွေးမြူသည့် ငါးသင်ဝါကြီးများ၏ အရသာမှာ ပင်လယ်ထဲမှ ဖမ်းယူရရှိသည့် ငါး၏အရသာနှင့် ပို၍ နီးစပ်မှု ရှိသည်။

ထိုသို့သော အလုံးစုံအသစ်ဖြစ်သည့် ငါးမွေးမြူရေးပုံစံသာမက အဆိုပါသင်္ဘောတွင် အလိုအလျောက်စနစ် စက်ပစ္စည်းတွေ အများကြီး တပ်ဆင်ပေးထားသေး၏။ သင်္ဘောပေါ်တွင် သင်္ဘောအဖွဲ့သား စုစုပေါင်း ၃၅ ယောက်သာ ရှိသော်လည်း တစ်နှစ်လျှင် ငါးထွက်ရှိမှု ပမာဏ တန် ၃,၇၀၀ အထိ ရှိသဖြင့် ပျမ်းမျှ လူတစ်ဦးလျှင် တစ်နှစ်ငါး တန် ၁၀၀ ကျော် မွေးမြူရခြင်း ဖြစ်သည်။ မိရိုးဖလာ ငါးမွေးမြူ ရေးလုပ်ငန်းသည် အဓိကအားဖြင့် တံငါသည်များ အစဉ်အဆက် လက်ဆင့်ကမ်းလာခဲ့သည့် အတွေ့အကြုံများအရ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း၊ မိမိတို့ကမူ အဓိကအားဖြင့် သိပ္ပံပညာဆိုင်ရာ အချက် အလက်အချို့ စုဆောင်း၍ မွေးမြူရေးလုပ်ငန်းစဉ်ကို အဆင့်မြှင့်တင်မှု အချို့ ပြုလုပ်ပြီး စံချိန်စံညွှန်းနှင့်အညီ မွေးမြူနိုင်အောင် ဆောင်ရွက်ခြင်းဖြစ်ကြောင်း မုံ့ကွမ်ဝေက ပြောပြပါသည်။

စုံစမ်းသိရှိချက်အရ၊ ငါးမွေးမြူရေးသင်္ဘောတစ်စင်း၏ တစ်နှစ်ထုတ်လုပ်မှု တန်ဖိုးမှာ ယွမ် သန်း ၃၀၀ ဝန်းကျင် ရှိ၍ အရင်းအနှီးများအားလုံးကို နုတ်ပြီးနောက် တစ်နှစ်လျှင် ယွမ် သိန်း ၆၀၀ ဝန်းကျင် အသားတင် မြတ်စွန်းနိုင်သည်။ ငါးမွေးမြူရေးသင်္ဘောတစ်စင်း၏ သက်တမ်းမှာ နှစ် ၂၀ သတ်မှတ်ထားသဖြင့် ၎င်းက ထုတ်လုပ်ပေးနိုင်သည့် စီးပွားရေးတန်ဖိုးမှာ အတော်ကလေး မက်လောက်စရာ ဖြစ်ပေသည်။

ငါးများ “သင်္ဘောတက်”