တရုတ်နိုင်ငံခြားရေးဝန်ကြီး ပါကစ္စတန်နိုင်ငံသို့ သွားရောက်ကာ တရုတ်-အာဖဂနစ္စတန်-ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးပွဲ တက်ရောက်မည်

2023-05-05 18:24:17
အရင်းအမြစ်:新华社

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းသည် ပါကစ္စတန်နိုင်ငံသို့ မေ ၅ ရက်မှ ၆ အထိ သွားရောက်မည်ဖြစ်ကာ တရုတ်-အာဖဂနစ္စတန်-ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးပွဲသို့ တက်ရောက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ မော်နင်က မေ ၄ ရက်၌ ကြေညာခဲ့သည်။

အဆိုပါခရီးစဉ်သည် ချင်၏ ပထမဆုံးပါကစ္စတန်ခရီးစဉ်နှင့် တရုတ်နှင့် ပါကစ္စတန်ကြား အဆင့်မြင့်တာဝန်ရှိသူများကြား မကြာသေးမီက အနီးကပ် မကြာခဏ တွေ့ဆုံမှု၏ အရေးပါသော အစိတ်အပိုင်းတစ်ရပ်ဖြစ်လာမည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။ ယင်းခရီးစဉ်အတွင်း ချင်သည် ပါကစ္စတန်နိုင်ငံ ခေါင်းဆောင်နှင့် တွေ့ဆုံမည်ဖြစ်ကာ စတုတ္ထအကြိမ်မြောက် တရုတ်-ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးများ မဟာဗျူဟာမြောက်ဆွေးနွေးပွဲ၌ ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး Bilawal Bhutto Zardari နှင့်အတူ ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်မည်ဖြစ်သည်။

ထို့ပြင် နှစ်နိုင်ငံအနေဖြင့် နှစ်နိုင်ငံဆက်ဆံရေး၊ နိုင်ငံတကာနှင့် ဒေသတွင်းအခြေအနေဆိုင်ရာ လူကိုယ်တိုင်နှင့် နက်ရှိုင်းသော ဆက်သွယ်မှုထားရှိမည်ဟု ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

တရုတ်နိုင်ငံသည် တရုတ်-အာဖဂနစ္စတန်-ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၌ အာဖဂန်နစ္စတန်နိုင်ငံ အခြေအနေ၊ သုံးနိုင်ငံပူးပေါင်းဆောင်ရွက်မှုအပေါ် အာဖဂန်နစ္စတန်၊ ပါကစ္စတန်တို့နှင့် အမြင်ချင်းဖလှယ် ဆွေးနွေးနိုင်မည်ဟု မျှော်လင့်ကြောင်း၊ သို့မှသာ သဘောတူညီမှု ထူထောင်ရေး၊ အပြန်အလှန်ယုံကြည်မှု ခိုင်မာရေးနှင့် ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာဝပြောရေးအတွက် ပူးတွဲပံ့ပိုးကူညီနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ဖြည့်စွက်ပြောခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံခြားရေးဝန်ကြီး ပါကစ္စတန်နိုင်ငံသို့ သွားရောက်ကာ တရုတ်-အာဖဂနစ္စတန်-ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးပွဲ တက်ရောက်မည်