တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ ဗဟို နိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိနှင့် ဗြိတိန် ဝန်ကြီးချုပ်၏ အမျိုးသားလုံခြုံရေးအကြံပေးTim Barrowတို့ ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေး

2023-05-10 13:18:19
အရင်းအမြစ်:新华社

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ ဗဟို နိုင်ငံခြားရေးရာ ကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိသည် ဖိတ်ကြားချက်အရ ဗြိတိန် ဝန်ကြီးချုပ်၏ အမျိုးသားလုံခြုံရေးအကြံပေး Tim Barrow နှင့် မေ ၈ ရက်က ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့သည်။

ထိုသို့ ဆက်သွယ်ဆွေးနွေးရာတွင် ဝမ်ရိက တရုတ်နိုင်ငံ အနေဖြင့် တရုတ်-ဗြိတိန် ဆက်ဆံရေးကို အထူးအလေးထားကြောင်း ပြောကြားခဲ့သည်။ မကြာသေးမီကာလများက ဗြိတိန်အနေဖြင့် တရုတ်နိုင်ငံအပေါ် တံခါးဖွင့်၊ အပြုသဘောဆောင်၍ တည်ငြိမ်သော ဆက်ဆံရေးကို ထိန်းသိမ်းကာကွယ်လိုကြောင်း၊ “စစ်အေးခေတ်သစ်”နှင့် တရုတ်နိုင်ငံကို ဖယ်ကြဉ်ခြင်းသည် မှားယွင်းကြောင်း ကြေညာခဲ့ရာ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအား ဓမ္မဓိဋ္ဌာန်ကျစွာ ရှုမြင်သွားလိုမှုအား ဖော်ပြခဲ့သည်ကို မိမိတို့အနေဖြင့် ဂရုပြုမိပါကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ နှစ်နိုင်ငံအနေဖြင့် စိတ်တူကိုယ်ကူ ရှေ့သို့လျှောက်လှမ်းသွားမည်ဟု မျှော်လင့်ကြောင်း၊ တရုတ်-ဗြိတိန် ဆက်ဆံရေးကို ထိန်းသိမ်းကာ အနှောင့်အယှက်များကို ဖယ်ရှားပြီး ပူးပေါင်းဆောင်ရွက်မှုများကို အားထား၍ ကွဲလွဲမှုများကို သင့်လျော်မှုရှိစွာ ဖြေရှင်းခြင်းဖြင့် အခြေအနေသစ်တွင် နှစ်နိုင်ငံ ဆက်ဆံရေး မှန်ကန်သော ဦးတည်ချက်သို့ ရောက်ရှိအောင် တွန်းအားပေးဆောင်ရွက်သွားမည် ဟု မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများတွင် အပြည့်အဝပေါင်းစည်းရေးကို မဖော်ဆောင်ရသေးသည့် တစ်ခုတည်းသော နိုင်ငံကြီး ဖြစ်ကြောင်း ၊ ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ တစ်စိတ်တစ်ပိုင်းဆိုသည်မှာ သမိုင်းဖြစ်ရပ်မှန် ဖြစ်သလို နိုင်ငံတကာအသိုက်အဝန်း၏ တူညီသော သဘောထား ဖြစ်ကြောင်း ၊ ငြိမ်းချမ်းစွာ ပေါင်းစည်းရေးသည် တရုတ်ပြည်သူ သန်းပေါင်း ၁,၄၀၀ နှင့် ကမ္ဘာတစ်ဝန်း တရုတ်လူမျိုးများ၏ တူညီသော စိတ်ဆန္ဒဖြစ်ကြောင်း ဝမ်ရိက အလေးထား ပြောကြားခဲ့သည်။ ဗြိတိန်အနေဖြင့် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ဆက်လက် လိုက်နာမည်ဟု မျှော်လင့်သလို တရုတ်နိုင်ငံ၏အချုပ်အခြာအာဏာနှင့်နယ်မြေပိုင်နက်ပြည့်စုံမှုကို လေးစားပြီး အပြန်အလှန် ပြည်တွင်းရေး မစွက်ဖက်ရေးမူကို ခိုင်မာစွာ လက်ကိုင်ထားကာ အပြန်အလှန်အားဖြင့် ဗဟိုအကျိုးစီးပွားနှင့် အရေးကြီး ဂရုပြုမှုများကို လေးစားစေလိုကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

Tim Barrowက ဗြိတိန်နှင့်တရုတ် နှစ်နိုင်ငံလုံးသည် လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများဖြစ်ကြရာ ကမ္ဘာအပေါ် သက်ရောက်မှုရှိကြသော နိုင်ငံကြီးများ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဗြိတိန်အနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ဆက်လက် ကျင့်သုံးသွားမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ တွေ့ဆုံဆွေးနွေးမှုများ ဆက်လက်ထားရှိကာ ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစွာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ တည်ငြိမ်ကောင်းမွန်၍ရင့်ကျက်သော နှစ်ဖက်ဆက်ဆံရေးကို တွန်းအားပေး၍ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို အတူရင်ဆိုင်သွားလို ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ ဗဟို နိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိနှင့် ဗြိတိန် ဝန်ကြီးချုပ်၏ အမျိုးသားလုံခြုံရေးအကြံပေးTim Barrowတို့ ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေး