အလ်ဟိုင်ဖိုရမ်တွင် ကမ္ဘာနှင့်အတူ ချမ်းမြေ့သာယာသော အနာဂတ်ကို အတူတကွ ဖော်ဆောင်

2023-06-06 19:00:32
အရင်းအမြစ်:云南日报

မေလ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ ၂၀၂၃ ခုနှစ် ကမ္ဘာ့ ဂေဟယဥ်ကျေးမှုတည်ဆောက်ရေး မြှင့်တင်ခြင်း(အလ်ဟိုင်) ဖိုရမ်ကို ယူနန်ပြည်နယ် တာ့လီ ပိုင်တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ၌ ကျင်းပခဲ့ကြောင်း ယူနန်နေ့စဥ်သတင်းစာမှ သိရပါသည်။

၂၀၂၁ ခုနှစ်က ပထမဆုံးအကြိမ် ဖိုရမ် ကျင်းပသည့်အချိန်မှစ၍ အလ်ဟိုင်ဖိုရမ်သည် ကမ္ဘာ့ ဂေဟယဥ်ကျေးမှု တည်ဆောက်ရေး မြှင့်တင်ခြင်းနှင့် ကမ္ဘာ့ စဥ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု တွန်းအားပေးခြင်း ယန္တရားပလက်ဖောင်း ဖြစ်လာပါသည်။ ယခုနှစ်က အလ်ဟိုင်ဖိုရမ်တွင် “လူသား ယဥ်ကျေးမှုပုံစံသစ် ရှာဖွေ စူးစမ်းခြင်း၊ လူသားနှင့် သဘာဝ အတူယှဥ်တွဲနေထိုင်ရေး မြှင့်တင်ခြင်း”အလ်ဟိုင်အဆိုပြုချက်ကို ထုတ်ပြန်ခဲ့ပါသည်။

တရုတ်နိုင်ငံသည် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်ရေးကို အမျိုးသားမဟာဗျူဟာအဖြစ် ချမှတ်ခဲ့ပြီး "the Belt and Road" စီမံကိန်းနှင့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အဆိုပြုချက်စသည်တို့ကို ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း၊ အဆိုပါ ဆောင်ရွက်ချက်များဖြင့် တစ်ကမ္ဘာလုံးနှင့် ဒေသတွင်းတွင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များ အကောင်အထည်ဖော်ရန် မြှင့်တင်ပေးကြောင်း ကုလသမဂ္ဂ၏ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ် Li Junhua က ပြောကြားခဲ့သည်။

ယူနန်တက္ကသိုလ်၏ သီရိလင်္ကာနိုင်ငံမှ ဧည့်ပါမောက္ခ ဆရာ Sugath Rathnayake သည် Li Junhua ပြောကြားသည့် အကြောင်းအရာများအပေါ် အလွန်စိတ်လှုပ်ရှားမိပါသည်။ တရုတ်နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံများအား ဇီဝမျိုးစုံမျိုးကွဲများ ကာကွယ်စောင့်ရှောက်ရေး သဘောတရားကို လက်တွေ့ကျင့်သုံးရန် စဥ်ဆက်မပြတ် ကူညီထောက်ပံ့ကြောင်း၊ “ the Belt and Road”တစ်လျှောက်ရှိ နိုင်ငံများတွင် ဇီဝမျိုးစုံမျိုးကွဲကာကွယ်ရေးဆိုင်ရာ နားလည်မှုကို မြှင့်တင်ပေးပြီး ကမ္ဘာလုံးဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲ ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ယခုနှစ်သည် "the Belt and Road" စီမံကိန်း အဆိုပြုသည့် (၁၀) နှစ်မြောက် အထိမ်းအမှတ်နှစ်ဖြစ်သည်။ လွန်ခဲ့သည့် ၁၀ နှစ်အတွင်းတွင် တရုတ်နိုင်ငံသည် အဖက်ဖက်တို့နှင့် ပိုမိုနီးကပ်သော ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေးကို တက်ကြွစွာ ထူထောင်ခဲ့ပြီး အစိမ်းရောင်သည် "the Belt and Road" ၏ အထူးခြားဆုံး နောက်ခံအရောင် ဖြစ်လာစေခဲ့သည်။

တရုတ်နိုင်ငံရှိ မြို့ပြအသီးသီးတို့၏ လမ်းဘေးနှစ်ဖက်တွင် သစ်ပင်များ စိုက်ပျိုးကြပြီး ကားလမ်းနှင့် မီးရထားလမ်းများ ဖောက်လုပ်ရာတွင် သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ကို မထိခိုက်စေကြောင်း မြန်မာနိုင်ငံ“The Northern Light ”အယ်ဒီတာချုပ် ဦးဝင်းတင်က ပြောကြားပါသည်။ တရုတ်နိုင်ငံသည် လူနှင့်သဘာဝအကြား အေးအတူ ပူအမျှ ကံကြမ္မာတူ အသိုင်းအဝိုင်းတစ်ခု တည်ဆောက်ရေးကို မြှင့်တင်နိုင်စွမ်းရှိသည်ဟု ၎င်းက ယုံကြည်ပါသည်။

တရုတ်နိုင်ငံ ဂေဟဗေဒနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖလှယ်ရေး စင်တာမှ လက်ထောက် ဒါရိုက်တာ Li Yonghong က သူတို့စင်တာသည် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတကာ ဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခဲ့ကြောင်း ပြောကြားခဲ့သည်။ အထူးသဖြင့် တရုတ်-အာဆီယံ၊ လန်ချန်း-မဲခေါင် မြစ်ဝှမ်းဒေသနှင့် တရုတ်-အာဖရိက စသည့် ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများသည် တိုးတက်မှုအသစ်များ ရရှိခဲ့ကြောင်း ၎င်းက ဆက်လက် ပြောကြားပါသည်။ (ဆောင်းပါးအရင်းအမြစ် - ယူနန်နေ့စဥ်သတင်းစာ။ ဘာသာပြန် - Yunnan gateway)

အလ်ဟိုင်ဖိုရမ်တွင် ကမ္ဘာနှင့်အတူ ချမ်းမြေ့သာယာသော အနာဂတ်ကို အတူတကွ ဖော်ဆောင်