“တရုတ်စာပေ ပေါင်းကူးတံတား” ကမ္ဘာ့တက္ကသိုလ်နှင့် အလယ်တန်း၊ အထက်တန်း ကျောင်းသား/သူများ တရုတ်စာ စွမ်းရည်ပြ နောက်ဆုံးအဆင့်ပြိုင်ပွဲ(ရန်ကုန်) ကျင်းပ

2023-06-26 17:29:21
အရင်းအမြစ်:国际在线

ကမ္ဘာ့တက္ကသိုလ်နှင့် အလယ်တန်း၊ အထက်တန်းကျောင်းသား/သူများ “တရုတ်စာပေ ပေါင်းကူးတံတား” တရုတ်စာစွမ်းရည်ပြ ပြိုင်ပွဲ(Chinese Bridge) (ရန်ကုန်) နောက်ဆုံးအဆင့် ပြိုင်ပွဲကို ဇွန်လ ၂၄ ရက်နေ့က ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ တရုတ်ကုန်သည်များအသင်းချုပ်တွင် ကျင်းပခဲ့သည်။

ယခုပြိုင်ပွဲတွင် ပြိုင်ပွဲဝင် စုစုပေါင်း ၂၈ ယောက်ရှိပြီး တက္ကသိုလ်ကျောင်းသား/သူ ၁၄ ယောက်နှင့် အလယ်တန်း၊အထက်တန်းကျောင်းသား/သူ ၁၄ ယောက် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ပြိုင်ပွဲဝင်များသည် “One World One Family”နှင့် “Chase Dreams in Chinese, Live Up to Your Youth”စသည့် ခေါင်းစဉ်များ အောက်တွင် အမှာစကားပြောကြားခြင်း၊ တရုတ်ယဉ်ကျေးမှု သီချင်းများမှတစ်ဆင့် ဆိုကရေးတီး စွမ်းရည်များ၊ တရုတ်ယဉ်ကျေးမှု ဗဟုသုတများ ရေးဖြေခြင်းများကို ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါပြိုင်ပွဲတွင် တက္ကသိုလ်ကျောင်းသား/သူများနှင့် အလယ်တန်း၊အထက်တန်းကျောင်းသား/ သူများအတွက် ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ အနုပညာ ထူးချွန်ဆု၊ စာပေထူးချွန်ဆု ၊ နှစ်သိမ့်ဆုနှင့် ဆရာ ဆရာမအတွက် သင်ကြားပေးဆုဟူ၍ ဆုများပေးအပ်ခဲ့သည်။

ပြိုင်ပွဲတွင် Myanmar International Education Centerမှ ပြိုင်ပွဲဝင် ကိုမင်းခန့်အောင်က ပထမဆု ရရှိခဲ့ပြီး ELBC ( Eastern Language and Business Center, Confucius Classroom)မှ မသင်းကြူလှိုင် က ပထမဆု ရရှိခဲ့ပါသည်။ အဆိုပါပထမဆုရရှိသည့် ပြိုင်ပွဲဝင် ၂ ယောက်သည် မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ကျင်းပသည့် Chinese Bridge ပြိုင်ပွဲဝင်များအဖြစ် ကိုယ်စားပြုပြီး တရုတ်နိုင်ငံသို့ ဆက်လက်သွားရောက် ယှဉ်ပြိုင် ရမည်ဖြစ်သည်။

အဆိုပါပြိုင်ပွဲကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး ယဉ်ကျေးမှုဌာနမှ ဦးစီးကျင်းပပြီး မြန်မာနိုင်ငံ ဖူရှင်း ကွန်ဖူးရှပ်ကျောင်းမှ တာဝန်ယူ ကျင်းပခဲ့ ပြီး၊ မြန်မာနိုင်ငံရှိ တရုတ်စာသင်ကျောင်းများမှ ဆရာ၊ဆရာမများ၊ ကျောင်းသား/သူများနှင့် တရုတ်-မြန်မာ နယ်ပယ်အသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်ဟု China Media Group မှ သတင်းရရှိပါသည်။

“တရုတ်စာပေ ပေါင်းကူးတံတား” ကမ္ဘာ့တက္ကသိုလ်နှင့် အလယ်တန်း၊ အထက်တန်း ကျောင်းသား/သူများ တရုတ်စာ စွမ်းရည်ပြ နောက်ဆုံးအဆင့်ပြိုင်ပွဲ(ရန်ကုန်) ကျင်းပ