တရုတ်ဝန်ကြီးချုပ် လီချန်သည် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများ ငွေရင်း ဆွဲဆောင်မှု ခက်ခဲခြင်း ပြဿနာကို လက်တွဲ ဖြေရှင်းရန် ပန်ကြား
တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်သည် ဒေသစံတော်ချိန် ဇွန်လ ၂၃ ရက်နေ့ နံနက်ပိုင်းက ပါရီမြို့မှာ ကျင်းပသော New Global Financing Compact ထိပ်သီးအစည်းအဝေး၏ ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး မိန့်ခွန်း ပြောကြားရာတွင် တရုတ်နိုင်ငံသည် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံခန့်ခွဲရေးကို အစဉ်တစိုက် မြင့်မားစွာ အလေးထားပါကြောင်း၊ နိုင်ငံတကာ မိသားစုကြီး အနေနှင့် စိတ်ရင်းမှန်ဖြင့် ပူးပေါင်းဆောင်ရွက်ပြီး လက်တွဲ ဆောင်ရွက်ကာ ဖွံ့ဖြိုးဆဲနိုင်ငံများ အထူးသဖြင့် အားနည်းသောနိုင်ငံများ၏ ငွေရင်း ဆွဲဆောင်မှုဆိုင်ရာ ခက်ခဲခြင်း ပြဿနာကို ပူးတွဲ ဖြေရှင်းရန် ပန်ကြားလိုကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။
လီချန်သည် အချက် သုံးချက်ကို အဆိုပြုခဲ့ပါသည်။ ယင်းတို့မှာ နိုင်ငံတကာ ငွေရင်း ဆွဲဆောင်မှု စီမံခန့်ခွဲရေး ပြုပြင်ပြောင်းလဲမှုကို ပြတ်ပြတ်သားသား တွန်းအားပေး၍ တရားမျှတပြီး ထိရောက်မှုထင်ရှားသော နိုင်ငံတကာ ငွေရေးကြေးရေး စီမံခန့်ခွဲမှု အခြေအနေကို လက်တွဲ ဖွဲ့စည်းတည်ထောင်ကာ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် တည်ငြိမ်သော ငွေရင်း ဆွဲဆောင်မှု ပတ်ဝန်းကျင်ကို ဖန်တီးပေးခြင်း၊ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး မိတ်ဖက်ဆက်ဆံမှုကို ပြတ်ပြတ်သားသား ဖွဲ့စည်းတည်ထောင်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများ အတွက် ပိုမိုများပြားသော ဖွံ့ဖြိုးတိုးတက်ရေး အရင်းအမြစ်များကို ဖန်တီးပေးခြင်းနှင့် စီးပွားရေး ဂလိုဘယ်လိုက်ဇေးရှင်း ဖြစ်စဉ်နှင့် လွတ်လပ်စွာ ကုန်သွယ်ရေးကို ပြတ်ပြတ်သားသား တွန်းအားပေးပြီး ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ဖွံ့ဖြိုးတိုးတက်ရေး တွန်းအားသစ်ကို ထည့်သွင်းပေးခြင်းတို့ ဖြစ်ပါသည်။