RCEP စီးပွားကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုရလဒ်များကို နိုင်ငံများစွာမှ ပုဂ္ဂိုလ်များ တန်ဖိုးထားချီးကျူး

2023-06-30 18:42:15
အရင်းအမြစ်:国际在线

၂၀၂၃ ခုနှစ် RCEP စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု အဆင့်မြင့်ဖိုရမ်ကို တရုတ်နိုင်ငံ စန်းတုံးပြည်နယ် Qingdao မြို့တွင် ဇွန်လ ၂၈ ရက်နေ့မှ ၃၀ရက်နေ့အထိ ကျင်းပခဲ့ပါသည်။ ယင်းဖိုရမ်သို့ RCEP အဖွဲ့ဝင်နိုင်ငံများမှ အစိုးရအရာရှိများ၊ တရုတ်နိုင်ငံဆိုင်ရာ သံတမန်အရာရှိများ၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး အေဂျင်စီများနှင့် စီးပွားရေး အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ တက်ရောက်ပြီး RCEP စီးပွား ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုရလဒ်များကို တန်ဖိုးထားချီးကျူးခဲ့ကြပါသည်။

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေက RCEP သည် ကမ္ဘာ့လူဦးရေ ၏ ၃ ပုံ ၁ ပုံနှင့် ကမ္ဘာ့ GDP ၏ ရာခိုင်နှုန်း ၃၀ ကို လွှမ်းခြုံထားကြောင်း၊ RCEP အကောင်အထည်ဖော်ခြင်းနှင့် RCEP နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုများ နက်ရှိုင်းလာ ခြင်းမှာ RCEP အဖွဲ့ဝင်နိုင်ငံများအား ပိုမိုသာယာသော အနာဂတ်ကို ဖန်တီးပေးမည် ဖြစ်ပြီး ကိုဗစ်-၁၉ အပြီးကာလတွင် တရုတ်နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ပြည်သူများအား အကျိုးကျေးဇူးများကို ဆောင်ကြဉ်းပေးမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အခြား RCEP အဖွဲ့ဝင်နိုင်ငံများနှင့်အတူ ပူးပေါင်းဆောင်ရွက်ပြီး RCEP သဘောတူစာချုပ်၏ တန်ဖိုးများကို အပြည့်အဝ အသုံးပြုရန် ဆန္ဒရှိကြောင်း၊ တစ်ချိန်တည်းတွင် ဒေသအပြင် နိုင်ငံများ၏ အနှောင့်အယှက်ပေးမှုများကို ရင်ဆိုင်ရာတွင် အဆင့်အတန်းပိုမြင့်သော တံခါးဖွင့်ရေးနှင့် တစ်ပြေးညီဖြစ်ရေးကို အကောင်အထည်ဖော် ရန်အတွက် မြန်မာနိုင်ငံသည် အခြား RCEP အဖွဲ့ဝင်နိုင်ငံများနှင့်အတူ RCEP လွတ်လပ်မှုနှင့် တံခါးဖွင့်ရေးကုန်သွယ်မှုဆိုင်ရာ ဦးလည်မသုန် ဖြစ်သည့် ကတိပြုချက်များကို ထပ်လောင်းအတည်ပြုလိုပါကြောင်း ပြောကြားခဲ့ပါသည်။

တရုတ်နိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားသံအမတ်ကြီး Khek M. Caimealy က RCEP အဖွဲ့ဝင်နိုင်ငံအနေနှင့် ကမ္ဘောဒီးယားနိုင်ငံသည် RCEP မှ အကျိုးများစွာကို ရရှိကြောင်း၊ RCEP သည် ပိုမိုများပြားသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ကမ္ဘောဒီးယားနိုင်ငံသို့ ဝင်ရောက်စေရန်၊ အခြား RCEP အဖွဲ့ဝင်နိုင်ငံများနှင့် ကုန်သွယ်မှု တိုးများလာစေရန် ကောင်းမွန်သောအခြေအနေများကို ဖန်တီးပေးကြောင်း၊ ကမ္ဘောဒီးယား ကုန်သွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော စာရင်းအရ ၂၀၂၂ ခုနှစ်က ကမ္ဘောဒီးယားနိုင်ငံနှင့် အခြားRCEP အဖွဲ့ဝင်နိုင်ငံ ၁၄နိုင်ငံအကြား ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၃၁.၁ ဘီလီယံ ရှိခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံခြားကုန်သွယ်မှုစုစုပေါင်းပမာဏ၏ ရာခိုင်နှုန်း ၆၀ ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

RCEP စီးပွားကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုရလဒ်များကို နိုင်ငံများစွာမှ ပုဂ္ဂိုလ်များ တန်ဖိုးထားချီးကျူး