တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ တာ့ရှင်းလေဆိပ် စီးပွားရေးဇုန်က နိုင်ငံတကာ တီထွင်ဆန်းသစ်မှုစင်တာ ဖွင့်လှစ်

2023-06-30 18:49:43
အရင်းအမြစ်:新华社

တရုတ်နိုင်ငံ ပေကျင်း တာ့ရှင်း အပြည်ပြည်ဆိုင်ရာလေဆိပ် စီးပွားရေးဇုန်က နိုင်ငံတကာ တီထွင်ဆန်းသစ်မှုစင်တာကို ဇွန် ၂၇ ရက်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စင်တာက တရားဝင်ပလက်ဖောင်းများ၊ သင့်တင့်သောရုံးခန်းများ၊ ဈေးကွက်ဝန်ဆောင်မှုများနှင့် လူသားအရင်းအမြစ်ဝန်ဆောင်မှုများ ပံ့ပိုးပေးခြင်းဖြင့် ပြည်ပစီးပွားရေးလုပ်ငန်းများ ပိုမိုလျင်မြန်၍ ကုန်ကျစရိတ်သက်သာစွာ တရုတ်ဈေးကွက်သို့ ဝင်ရောက်မှုကို ကူညီဆောင်ရွက်ပေးရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ ထို့ပြင် အဆိုပါစင်တာက ပြည်ပဈေးကွက်ရှာဖွေရန် စီစဉ်ထားသော ပြည်တွင်းစီးပွားရေးလုပ်ငန်းများအတွက်လည်း ဝန်ဆောင်မှုများ ပံပိုးပေးလျက်ရှိသည်။

ထိုတီထွင်ဆန်းသစ်မှုစင်တာ၌ ပထမအသုတ်အနေဖြင့် ပြည်ပကုမ္ပဏီ ၁၁ ခုအပါအဝင် စီးပွားရေးလုပ်ငန်းပေါင်း ၃၀ မှတ်ပုံတင်ထားကြောင်း ပေကျင်း တာ့ရှင်း အပြည်ပြည်ဆိုင်ရာလေဆိပ် စီးပွားရေးဇုန် ရင်းနှီးမြှုပ်နှံမှု ဗျူရို လက်ထောက်ညွှန်ကြားရေးမှူး ရှကျစ်ချိန်က ပြောကြားခဲ့သည်။

ယင်းစင်တာအနေဖြင့် နိုင်ငံခြားကုမ္ပဏီများအတွက် တရုတ်နိုင်ငံ၌ အခြေချ ရပ်တည်၍ တိုးတက်မှုရှိစေရန် အရည်အသွေးရှိသော ဝန်ဆောင်မှုများ ပံ့ပိုးပေးရန်နှင့် သင့်လျော်သောအခြေအနေများ ဖန်တီးပေးရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှက စင်တာဖွင့်လှစ်ခြင်းအခမ်းအနားတွင် ပြောကြားခဲ့သည်။

ယခုနှစ်ကုန်ပိုင်းတွင် စင်တာအတွင်း မှတ်ပုံတင်မည့် သို့မဟုတ် ရွှေ့ပြောင်းမည့် စီးပွားရေးလုပ်ငန်း ၄၀ ရှိလာမည်ဟု ခန့်မှန်းထားကာ ယင်းအနက် ထက်ဝက်ကျော်မှာ နိုင်ငံခြားကုမ္ပဏီများဖြစ်မည်ဟု မျှော်မှန်းထားကြောင်း ၄င်းက ဆိုသည်။ (Xinhua)

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ တာ့ရှင်းလေဆိပ် စီးပွားရေးဇုန်က နိုင်ငံတကာ တီထွင်ဆန်းသစ်မှုစင်တာ ဖွင့်လှစ်