လူသားမျိုးနွယ် အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရာတွင် စစ်မှန်သည့်နိုင်ငံပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒကို အဆိုပြုပြီး လက်တွေ့ဖော်ဆောင်ရမည် ဖြစ်ကြောင်း ဝမ်ရိ ပြောကြား
နိုဝင်ဘာလတွင် ကျင်းပမည့် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့(APEC) ၃၀ ကြိမ်မြောက် ခေါင်းဆောင်များ အလွတ်သဘောအစည်းအဝေးသည် ထိပ်တိုက်ရင်ဆိုင်မှုများကို စိန်ခေါ်ရာကြိုးဝိုင်းမဟုတ်ဘဲ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သည့် စင်မြင့် ဖြစ်သင့်ကြောင်း တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင် ၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ က ပေကျင်းမြို့၌ စက်တင်ဘာ ၂၆ ရက်တွင် ပြောကြားခဲ့သည်။
《လူသားမျိုးနွယ် အေးအတူ ပူအမျှအသိုက်အဝန်း အတူလက်တွဲ တည်ဆောက်ရေး– တရုတ်နိုင်ငံ၏ အဆိုပြုချက်များနှင့် ဆောင်ရွက်ချက်များ》ဟူသော စက္ကူဖြူစာတမ်းဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက အမေရိကန်နိုင်ငံသည် ၃၀ ကြိမ်မြောက် APEC ခေါင်းဆောင်များ အလွတ်သဘောအစည်းအဝေးကို နိုဝင်ဘာလတွင် ကျင်းပမည်ဖြစ်ရာ အဆိုပါအစည်းအဝေးသို့ သမ္မတ ရှီ တက်ရောက်ရန် ရှိမရှိ နှင့် တရုတ်နိုင်ငံ၏ နိုင်ငံခေါင်းဆောင်များ သံတမန်ဆက်ဆံရေးတွင် နိုင်ငံပေါင်းစုံ သံတမန်ဆက်ဆံရေး အခန်းကဏ္ဍကို မည်သို့ရှုမြင်သနည်း ဟု မေးမြန်းခဲ့ခြင်း ဖြစ်သည်။
ဝမ်ရိက တရုတ်နိုင်ငံသည် တာဝန်ယူမှုရှိသည့် နိုင်ငံဖြစ်ပြီး နိုင်ငံပေါင်းစုံ အရေးကြီး ဖိုရမ်များတွင် မိမိတို့အနေဖြင့် မည်သည့်အခါမျှ ပျက်ကွက်ခြင်း မရှိကြောင်း၊ APEC အစည်းအဝေးနှင့်စပ်လျဉ်းပြီး မိမိတို့အနေဖြင့် ဘက်ပေါင်းစုံနှင့် ဆွေးနွေးလျက်ရှိရာ သင့်လျော်သည့်အချိန်တွင် တရားဝင် သတင်းထုတ်ပြန်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
နိုင်ငံပေါင်းစုံသံတမန် ဆက်ဆံရေးသည် တရုတ်နိုင်ငံက ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုတွင် ပါဝင်ခြင်း၊ လူသားမျိုးနွယ် အေးအတူ ပူအမျှ အသိုက်အဝန်းကို တွန်းအားပေးခြင်း၏ အဓိက အားထားရာ ဖြစ်သလို နိုင်ငံ့ခေါင်းဆောင် သံတမန် ဆက်ဆံရေး၏ အဓိက ပလက်ဖောင်း ဖြစ်သည်ဟု ဝမ်ရိက ပြောကြားခဲ့သည်။
သမ္မတ ရှီကျင့်ဖိန်သည် နိုင်ငံပေါင်းစုံ သံတမန် ဆက်ဆံရေးကို အထူး အလေးထားရာ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုတွင် တရုတ်နိုင်ငံ၏ အခန်းကဏ္ဍက ပို၍ ကြီးမားလာကြောင်း၊ မိမိတို့အနေဖြင့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအပေါ်ထားရှိသည့် သဘောထားကို တစ်ခွန်းတည်း ခြုံငုံပြောဆိုရမည်ဆိုလျှင် စစ်မှန်သည့်နိုင်ငံပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒကို အဆိုပြုပြီး လက်တွေ့ဖော်ဆောင်ရမည် ဖြစ်ကြောင်း၊ လူသားမျိုးနွယ် အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်မည်ဆိုလျှင် တစ်ဖက်သတ်ဝါဒ အသွင်မှန်သမျှကို ဆန့်ကျင်ရမည် ဖြစ်ပြီး အုပ်စုဖွဲ့ ထိပ်တိုက်ရင်ဆိုင်မှု၊ အာဏာနိုင်ငံရေးကို ဆန့်ကျင်ရမည် ဖြစ်ကြောင်း ၊ ကုလသမဂ္ဂ၏ အခွင့်အာဏာနှင့်နေရာအနေအထားကို ခိုင်မာစွာ ကာကွယ်စောင့်ရှောက်ရမည် ဖြစ်ပြီး အတူဆွေးနွေး၊ အတူတည်ဆောက်၊ အတူမျှဝေသည့် ကမ္ဘာလုံးဆိုင်ရာ စီမံခန်ခွဲမှုကို ခိုင်မာစွာ လက်ကိုင်ထားရမည် ဖြစ်ကြောင်း၊ ကမ္ဘာ့ရေးရာကိစ္စရပ်များကို အားလုံး ညှိနှိုင်းဆွေးနွေးမှုဖြင့် ဆောင်ရွက်ရမည် ဖြစ်သလို စီမံခန့်ခွဲမှု ရလဒ်များကိုလည်း အားလုံးအတူ မျှဝေခံစားရမည် ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။
ဝမ်ရိက APEC သည် အာရှ-ပစိဖိတ် ဒေသ၏ အဆင့်အမြင့်ဆုံး၊ ကဏ္ဍအကျယ်ပြန့်ဆုံး၊ သက်ရောက်မှု အရှိဆုံး စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ယန္တရား ဖြစ်ကြောင်း ၊ နိုဝင်ဘာလတွင် ကျင်းပမည့် အာရှ_ပစိဖိတ် စီးပွားရေး ၃၀ ကြိမ်မြောက် APEC ခေါင်းဆောင်များ အလွတ်သဘော အစည်းအဝေးသည် ထိပ်တိုက်ရင်ဆိုင်မှုများကို စိန်ခေါ်ရာကြိုးဝိုင်းမဟုတ်ဘဲ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သည့် စင်မြင့် ဖြစ်သင့်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)