“မင်္ဂလာ”မျှော်လင့်ခြင်းလယ်ယာမြေ ။ ။ ယခင်နှစ်နှင့်နှိုင်းယှဉ်လျှင် ယခုနှစ် တရုတ်စတော်ဘယ်ရီသီးရောင်းစျေး တစ်ဝက်ထိုးကျသည်မှာ အဘယ်ကြောင့်နည်း
ဒီဇင်ဘာလတွင် တရုတ်နိုင်ငံအနှံ့ စတော်ဘယ်ရီသီးစျေးကွက်တွင် တစ်မျိုးပြီးတစ်မျိုး ထွက်ပေါ်လာနေပါသည်။ ယခင်ဆောင်းရာသီများတွင် ဈေးကြီးသော စတော်ဘယ်ရီသီးများသည် ယခုနှစ်ဆောင်းရာသီတွင် စျေးနှုန်း "ထိုးကျသည်" ဟု ထင်မြင်ရပါသည်။ "စတော်ဘယ်ရီဈေးနှုန်းများ ထိုးကျခြင်း" ခေါင်းစဉ်သည် အင်တာနက် အုတ်အုတ်ကျက်ကျက် ရှာဖွေမှုစာရင်းတွင် ပါဝင်လာပါသည်။
ကျန်းစူးပြည်နယ် နန်းကျင်မြို့ ဂူလုပ်ရပ်ကွက် ကျိန့်ကျန်းလမ်းရှိ သစ်သီးဝလံဆိုင်တစ်ခုတွင် သန်းတုန်းစတော်ဘယ်ရီနီ၊ အန်ဟွေ စတော်ဘယ်ရီနီနှင့် စီချွမ်းစတော်ဘယ်ရီသီးများကို အဓိကရောင်းချနေပြီး ရောင်းစျေးမှာ ၀.၅ ကီလိုဂရမ်လျှင် ယွမ် ၃၀ မှ ၄၅ အထိ ရှိပါသည်။ သန်းတုန်းတော်ဘယ်ရီနီများသည် ရေပါဝင်မှုမြင့်မားပြီး အရသာကောင်းမွန်သောကြောင့် စျေးကွက်တုံ့ပြန်မှုကောင်းမွန်ပြီး ၎င်း၏စျေးနှုန်းများသည် အခြားသောမျိုးကွဲများထက် ပိုမိုမြင့်မားကြောင်း အဆိုပါသစ်သီးဝလံဆိုင်၏ တာဝန်ခံက ပြောသည်။ "မနှစ်က ဒီလိုအချိန်မျိုးမှာ သန်းတုန်းတော်ဘယ်ရီနီတွေရဲ့ ဈေးနှုန်းက ၀.၅ ကီလိုဂရမ်ကို ယွမ် ၈၀ ကျော်အထိ ရှိခဲ့ပါတယ်။ ဒီနှစ်မှာတော့ စျေးထက်ဝက်လောက် ထိုးကျသွားပါတယ်"ဟု ၎င်းက ဆက်ပြောပါသည်။
စတော်ဘယ်ရီသီးရောင်းစျေး အဘယ်ကြောင့် ဤမျှများစွာ ထိုးကျသွားသနည်း။ ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် စန်းတုန်းပြည်နယ် ကျီနန်းမြို့ လီချန်ရပ်ကွက် စတော်ဘယ်ရီအသင်း၏ အထွေထွေအတွင်းရေးမှူး ဟူရှောက်ချန်းက ရာသီဥတု၏အကျိုးသက်ရောက်မှုသည် ထျန်ပေါင်စတော်ဘယ်ရီဈေး ထိုးကျရခြင်း၏ အကြောင်းရင်းတစ်ခုဖြစ်သည်ဟု သုံးသပ်ခဲ့ပါသည်။
"ရာသီဥတုက ပူတဲ့အတွက် စတော်ဘယ်ရီသီးတွေရဲ့ ရင့်မှည့်ကာလကို ရှေ့တိုးလာစေတယ်။ ရာသီဥတုက ရုတ်တရက် အေးလာတဲ့အတွက် စတော်ဘယ်ရီသီး အမြောက်အမြား တစ်ချိန်တည်းမှာ စျေးကွက်ထဲကို ရောက်လာတယ်" ဟု ဟူရှောက်ချန်း ကပြောသည်။ ယခုနှစ်တွင် ဆောင်းရာသီအစကတည်းက အပူချိန်မြင့်လာခဲ့ပြီး စတော်ဘယ်ရီသီးများ သီးစေရန်အတွက် အထောက်အကူဖြစ်စေကြောင်း၊ စတော်ဘယ်ရီသီးများသည် ကြီးထွားသန်စွမ်း၍ အရွယ်ကောင်းစွာမရောက်မီ အနီရောင်ပြောင်းလာပြီး ရင့်မှည့်လာသော်လည်း အသီးပုံစံနှင့်အရွယ်အစားမှာ ကောင်းစွာမကြီးထွားသေးသည့်အတွက်ကြောင့် စျေးနှုန်းက နိမ့်ကျခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။ ဒီဇင်ဘာလလယ်တွင် စန်းတုန်းပြည်နယ်၏ အအေးလှိုင်းသည် ပြင်းထန်ပြီး စတော်ဘယ်ရီသီးများကို ထိန်းသိမ်းရန် ခက်ခဲသည်။ တောင်သူများစွာသည် အအေးလှိုင်းမတိုင်မီ စတော်ဘယ်ရီများကို ရောင်းချရန် စိတ်အားထက်သန်ခဲ့ကြပါသည်။ ယခုအကြိမ် စျေးထိုးကျမှုကို တွန်းအားပေးခဲ့ပါသည်။
ထို့အပြင် ဟူရှောက်ချန်းက ယခုနှစ် စတော်ဘယ်ရီဈေး ထိုးကျမှုသည် စိုက်ပျိုးရေးဧရိယာ တိုးချဲ့ခြင်းနှင့် ဆက်စပ်နေသည်ဟု ယူဆပါသည်။ "၂၀၂၂ ခုနှစ်က ကျီနန်းမြို့ စတော်ဘယ်ရီစိုက်ပျိုးရေးဧရိယာဟာ တရုတ်ဧက ၂၃၀၀၀ ရှိပါတယ်။ ၂၀၂၃ ခုနှစ်မှာ တရုတ်ဧက ၂၈၀၀၀ ခန့်ထိ တိုးချဲ့လာပါတယ်" ဟု ဟူရှောက်ချန်းက ပြောကြားပါသည်။
ဆောင်းပါးအရင်းအမြစ် ။ ။ ပေါ်ပြူလာနေ့စဥ်သတင်းစာ၊ ဆင်ဟွာသတင်းစာ
ဘာသာပြန် ။ ။ Zhang Yinglin