တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ်က ယခုနှစ်အတွင်း တရုတ်-ဥရောပကုန်တင်ရထားခရီးစဉ် ၂,၅၀၀ ကိုင်တွယ်ဆောင်ရွက်

2023-12-29 20:41:45
အရင်းအမြစ်:新华社

တရုတ်နိုင်ငံ အရှေ့ပိုင်း စီးပွားရေးအားကောင်းသောပြည်နယ်ဖြစ်သည့် ဆန်းတုန်းပြည်နယ်သည် ယခုနှစ်အတွင်း တရုတ်-ဥရောပ ကုန်တင်ရထားခရီးစဉ် ၂,၅၀၀ ခု ကိုင်တွယ်ဆောင်ရွက်နိုင်ခဲ့ရာ ၂၀၂၂ ခုနှစ်က ရှိခဲ့သော ခရီးစဉ် ၂,၀၅၇ ထက် ပိုမိုများပြားခဲ့ကြောင်း သိရသည်။

၂၀၂၃ ခုနှစ်အတွက် ကုန်တင်ရထားခရီးစဉ် ၂,၅၀၀ ခုမြောက် ခရီးစဉ်ကို ဒီဇင်ဘာ ၂၆ ရက်က ပြေးဆွဲခဲ့ကြောင်း၊ အဆိုပါ ရထားသည် လေအေးပေးစက်များ၊ ရေခဲသေတ္တာများနှင့် ရေအပူပေးစက်များ အပါအဝင် အိမ်အသုံးအဆောင်ပစ္စည်း တန်ချိန် ၁,၄၀၀ တင်ဆောင်လျက် ဆန်းတုန်းပြည်နယ် မြို့တော် ကျိနန်မှ ဥဇဘက်ကစ္စတန်နိုင်ငံ မြို့တော် တာ့ရှ်ကန့်သို့ ဦးတည်ထွက်ခွာသွားခဲ့သည်။

ယင်းဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်သူ Shandong Hi-Speed Group က နိုင်ငံရပ်ခြား ကုန်စည်စုဆောင်းခြင်း၊ ဖြန့်ဖြူးခြင်းစနစ် ထပ်မံအဆင့်မြှင့်တင်ရန်နှင့် စီးပွားရေးလုပ်ငန်းများ ထောက်ပံ့သယ်ယူပို့ဆောင်စရိတ် လျှော့ချရာတွင် အထောက်အကူဖြစ်စေရန် ဂျာမနီ၊ ပိုလန်၊ ဆာဘီးယားနှင့် ဥဇဘက်ကစ္စတန် နိုင်ငံများတွင် သိုလှောင်ရုံ ၄ ခု တည်ဆောက်ထားကြောင်း သိရသည်။

ဆန်းတုန်းပြည်နယ်သည် မကြာသေးမီနှစ်များအတွင်း နယ်စပ်ဖြတ်ကျော် e-commerce ကုန်စည်များ၊ မော်တော်ယာဉ်များ၊ ဓာတုပစ္စည်းများနှင့် တာယာများ သယ်ယူပို့ဆောင်ရန် အထူးရထားများ ပြေးဆွဲခဲ့သည်။ ယင်းပြည်နယ်မှ ထွက်ခွာလာသော အထူးရထားအရေအတွက်မှာလည်း ၂၀၂၃ ခုနှစ်အတွင်း အစင်းရေ ၂၀၀ ကျော်ရှိပြီဖြစ်ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ်က ယခုနှစ်အတွင်း တရုတ်-ဥရောပကုန်တင်ရထားခရီးစဉ် ၂,၅၀၀ ကိုင်တွယ်ဆောင်ရွက်