ရှီကျင့်ဖိန်သည် ဇလန်းစကီး နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်

2023-04-27 19:53:15
အရင်းအမြစ်:国际在线

ဧပြီလ ၂၆ရက်နေ့ ညနေပိုင်းက တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ချိန်းထားသည့်အတိုင်း ယူကရိန်းနိုင်ငံသမ္မတ ဇလန်းစကီး နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ပါသည်။ နှစ်ဦးနှစ်ဖက်တို့သည် တရုတ်-ယူကရိန်းဆက်ဆံရေး၊ ယူကရိန်းအကျပ်အတည်းနှင့် ပတ်သက်ပြီး အမြင်ချင်းဖလှယ်ခဲ့ကြပါသည်။

သမ္မတ ရှီကျင့်ဖိန်က ၃၁နှစ်ကြာ ဖွံ့ဖြိုးတိုးတက်လာပြီးနောက် တရုတ်-ယူကရိန်း ဆက်ဆံရေးသည် မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးအဆင့်သို့ ရောက်ရှိပြီး နှစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် အထောက်အကူပြုခဲ့ကြောင်း၊ ယူကရိန်း အကျပ်အတည်းနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးဘက်တွင် အမြဲတမ်းရပ်တည်နေကြောင်း၊ အမြုတေရပ်တည်ချက်မှာ ငြိမ်းချမ်းရေးစေ့စပ်ဆွေးနွေးပွဲ ပြုလုပ်ရန် တွန်းအားပေးခြင်း ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေနှင့် တရုတ်အစိုးရမှ ဥရောပ-အာရှရေးရာ အထူး ကိုယ်စားလှယ်ကို စေလွှတ်ပြီး ယူကရိန်းစသည့်နိုင်ငံများသို့ သွားရောက်လည်ပတ်ပြီး ယူကရိန်းအကျပ်အတည်းကို နိုင်ငံရေးနည်းလမ်းဖြင့် ကိုင်တွယ်ဖြေရှင်းရန်အတွက် ဘက်အသီးသီးတို့နှင့် နက်နက်ရှိုင်းရှိုင်း ဆက်သွယ်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

သမ္မတ ဇလန်းစကီးက ယူကရိန်းနိုင်ငံအနေဖြင့် တရုတ်ပြည်တစ်ပြည်တည်းသာ ရှိရေးမူဝါဒကို စွဲကိုင်ပြီး တရုတ်နိုင်ငံနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်ပြီး ယူကရိန်း-တရုတ် ဆက်ဆံရေး စာမျက်နှာသစ် ဖွင့်လှစ်ကာ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို အတူတကွ ကာကွယ်ထိန်းသိမ်းရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။ သမ္မတ ဇလန်းစကီးသည် လက်ရှိ ယူကရိန်းအကျပ်အတည်းနှင့် ပတ်သက်သော ထင်မြင် ယူဆချက်ကို ရှင်းလင်းဖော်ပြပြီး တရုတ်နိုင်ငံမှ ယူကရိန်းနိုင်ငံအား လူသားချင်း စာနာထောက်ထားရေးအကူအညီပေးခြင်းအပေါ် ကျေးဇူးတင်ရှိကြောင်း၊ ငြိမ်းချမ်းရေး ပြန်လည်ရရှိရန်၊ သံတမန်ရေးနည်းလမ်းဖြင့် အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရန် တရုတ်နိုင်ငံသည် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်ရန် ကြိုဆိုကြောင်း ပြောကြားခဲ့ပါသည်။

ရှီကျင့်ဖိန်သည် ဇလန်းစကီး နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်