တရုတ်နိုင်ငံ သမ္မတ ရှီက ဗီယက်နမ်ခေါင်းဆောင်များနှင့် မဟာဗျူဟာမြောက်၍ လွှမ်းခြုံမှုရှိသောကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးမည်ဟု ပြောကြား

2023-12-13 18:29:35
အရင်းအမြစ်:新华社

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဗီယက်နမ်နိုင်ငံ ခေါင်းဆောင်များနှင့်အတူ ပါတီနှစ်ရပ်နှင့် နှစ်နိုင်ငံ ဆက်ဆံရေးလမ်းကြောင်းရှိ အရေးပါပြီး လွှမ်းခြုံမှုရှိ၍ မဟာဗျူဟာမြောက်သော ကိစ္စရပ်များကို နက်နက်ရှိုင်းရှိုင်း အမြင်ချင်းဖလှယ် ဆွေးနွေးသွားနိုင်မည်ဟု မျှော်လင့်ကြောင်း ဒီဇင်ဘာ ၁၂ ရက်တွင် ပြောကြားခဲ့သည်။

နှစ်နိုင်ငံ ခေါင်းဆောင်များအနေဖြင့် အထူးဂရုပြုရမည့် နိုင်ငံတကာနှင့် ဒေသတွင်းကိစ္စရပ်များကိုလည်း ဆွေးနွေးမည်ဖြစ်ကြောင်း ဗီယက်နမ်နိုင်ငံသို့ နှစ်ရက်ကြာခရီးစဉ်အဖြစ် ရောက်ရှိလာသော တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က စာဖြင့်ရေးသားထားသော မိန့်ခွန်း၌ ပြောကြားခဲ့သည်။

ထို့ပြင် ဗီယက်နမ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် Nguyen Phu Trong ၊ ဗီယက်နမ်နိုင်ငံ သမ္မတ Vo Van Thuong တို့နှင့် သီးခြားစီတွေ့ဆုံမည်ဖြစ်သလို ဝန်ကြီးချုပ် Pham Minh Chinh နှင့် အထက်လွှတ်တော် ဥက္ကဋ္ဌ Vuong Dinh Hue တို့နှင့်လည်း တွေ့ဆုံရန် စီစဉ်ထားကြောင်း သိရသည်။

သမ္မတ ရှီအား ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် Pham Minh Chinh နှင့် အခြား အဆင့်မြင့်အရာရှိကြီးများက လေဆိပ်၌ နွေးထွေးစွာ ကြိုဆိုခဲ့ကြသည်။ ထို့ပြင် ဗီယက်နမ်နိုင်ငံရှိ အလွှာအသီးသီးမှ ဗီယက်နမ်နှင့် တရုတ်နိုင်ငံလူမျိုး ၄၀၀ ကျော်က ပါတီနှစ်ခုနှင့် နှစ်နိုင်ငံ အလံများ ဝှေ့ယမ်းလျက် တရုတ်နိုင်ငံ သမ္မတအား ကြိုဆိုခဲ့ကြသည်။
ယခုခရီးစဉ်သည် သမ္မတ ရှီက CPC ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် တရုတ်နိုင်ငံ သမ္မတဖြစ်လာချိန်မှစ၍ ဗီယက်နမ်နိုင်ငံသို့ တတိယအကြိမ်မြောက် လာရောက်ခြင်းဖြစ်သည်။

တရုတ်နိုင်ငံအနေဖြင့် ဗီယက်နမ်နိုင်ငံနှင့် ဆက်ဆံရေးကို အိမ်နီးချင်းသံတမန်ဆက်ဆံရေး၏ ဦးစားပေးနေရာ၌ ထားရှိကြောင်း၊ ယခုခရီးစဉ်က နှစ်နိုင်ငံ ဆက်ဆံရေးကို အဆင့်သစ်သို့ မြှင့်တင်နိုင်မည့် အခွင့်အလမ်းအဖြစ် ဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ကြောင်း သမ္မတ ရှီက စာဖြင့်ရေးသားထားသော မိန့်ခွန်း၌ ပြောကြားခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ သမ္မတ ရှီက ဗီယက်နမ်ခေါင်းဆောင်များနှင့် မဟာဗျူဟာမြောက်၍ လွှမ်းခြုံမှုရှိသောကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးမည်ဟု ပြောကြား