တရုတ်အသွင်ပုံစံခေတ်မီရေးကို ဤသို့ တွန်းအားပေးပြီး ကမ္ဘာ့နိုင်ငံအသီးသီးနှင့် အခွင့်အလမ်းများကို အတူ မျှဝေ

2023-03-06 18:19:08
အရင်းအမြစ်:国际在线

ယခုလ ၅ ရက်နေ့တွင် တရုတ်အစိုးရက ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် နှစ်ပတ်လည်အစည်းအဝေးတွင် စိစစ်ရန် တင်သွင်းသည့် ၂၀၂၃ ခုနှစ် အစိုးရလုပ်ငန်း အစီရင်ခံစာတွင် တည်ငြိမ်မှုထဲတွင် တိုးတက်မှု ရှာကြံရေး ဖြစ်သည့် လုပ်ငန်း အခြေခံမူကို စွဲကိုင်မည် ဖြစ်ကြောင်း၊ စီးပွားရေး လည်ပတ်မှု တစ်ခုလုံး နာလန်ပြန်ထူရေးကို တွန်းအားပေးမည် ဖြစ်ကြောင်း၊ စီးပွားရေး တိုးတက်မှုကို အရည်အသွေးအရ ထိရောက်စွာ မြှင့်တင်ခြင်းနှင့် ပမာဏအရ တရားနည်းလမ်းကျစွာ တိုးမြှင့်ခြင်းတို့ကို ဖော်ဆောင်ရမည် ဖြစ်ကြောင်း ဖေါ်ပြထားပါသည်။ တစ်ချိန်တည်းတွင် အစီရင်ခံစာမှာ ယခုနှစ် တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး၏ အဓိက ရည်မှန်းချက်များကိုလည်း ဖေါ်ပြထားပါသည်။ နိုင်ငံတကာ စီးပွားရေး ကျဆင်း နိုင်ဖွယ်ရာ ဖိအား တိုးလာနေသည့် ယနေ့တွင် ယင်းအစီရင်ခံစာသည် ကမ္ဘာကြီးအား ရခဲသော ယုံကြည်မှုကို ဆောင်ကြဉ်းပေးလာပါသည်။

အရည်အသွေး မြင့်မားစွာ ဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်ရေးသည် တရုတ်အသွင်ပုံစံ ခေတ်မီရေး၏ အရင်းခံ လိုအပ်ချက်များတွင် တစ်ခုအပါအဝင် ဖြစ်ပါသည်။ လွန်ခဲ့သည့် ငါးနှစ်အတွင်း တရုတ် ဂျီဒီပီ စုစုပေါင်းပမာဏမှာ ယွမ် ၁၂၁ ထရီလီယံ အထိ တိုးလာပြီး နှစ်စဉ် ပျမ်းမျှ တိုးတက်မှုနှုန်းမှာ ၅.၂ ရာခိုင်နှုန်း ရှိခဲ့ပါသည်။ ၂၀၂၂ ခုနှစ်တွင် ပြည်တွင်းပြည်ပမှ အမျိုးမျိုးသော အကြောင်းရပ်များ၏ ထိခိုက် ဂယက်ရိုက်ခတ်မှုများ ရှိခဲ့သော်လည်း တရုတ်ပြည် စီးပွားရေးသည် ၃ ရာခိုင်နှုန်း တိုးလာနိုင်ခဲ့ပါသည်။ ယင်းသည် တရုတ်စီးပွားရေး၏ ခိုင်ခံ့ အားကောင်းမှုများနှင့် ကြီးမားသော စွမ်းအားများကို ပြသနေပါသည်။

ယခုနှစ် တရုတ်ပြည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများမှာ အဓိကအားဖြင့် ပြည်တွင်း ဝယ်လိုအား တိုးချဲ့ရန်၊ ခေတ်မီ ကုန်ထုတ်လုပ်မှု စည်းစနစ် တည်ဆောက်ခြင်းကို အားဖြည့်ရန်၊ နိုင်ငံခြား အရင်းအနှီးများ ဆွဲဆောင် အသုံးပြုမှုကို အားဖြည့်ရန်၊ ကြီးမားသော စီးပွားရေးနှင့် ငွေရေးကြေးရေးဆိုင်ရာ အန္တရာယ်များကို ထိရောက်စွာ ကြိုတင်ကာကွယ်ရန်တို့ ပါဝင်ထားပါသည်။ ယင်းသည် တရုတ်အသွင်ပုံစံ ခေတ်မီရေးကို တွန်းအားပေးရန်အတွက် အကျိုးရှိမည် ဖြစ်ရုံသာမက ကမ္ဘာကြီးအတွက်လည်း ပိုမို များပြားသော အခွင့်အလမ်းများကို ဖန်တီးပေးနိုင်မည် ဖြစ်ကြောင်း China Media Group မှ သတင်း ဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖေါ်ပြထားပါသည်။

တရုတ်အသွင်ပုံစံခေတ်မီရေးကို ဤသို့ တွန်းအားပေးပြီး ကမ္ဘာ့နိုင်ငံအသီးသီးနှင့် အခွင့်အလမ်းများကို အတူ မျှဝေ