အာရပ်နိုင်ငံများမိသားစုသို့ ဆီးရီးယား ပြန်လည်ဝင်ရောက်ခြင်းသည် ကိုယ့်ကံကြမ္မာ ကို ကိုယ့်လက်ထဲတွင် ချုပ်ကိုင်ရမည်ဟု အာရပ်နိုင်ငံ ပြည်သူများ သိမြင်လာခြင်းကို ပြဆို

2023-05-10 13:06:19
အရင်းအမြစ်:国际在线

၁၂ နှစ်ကြာ အထီးကျန်ခြင်း ခံခဲ့ပြီးနောက် ယခုလ ၇ရက်နေ့က ဆီးရီးယားသည် အာရပ်နိုင်ငံများအဖွဲ့ မိသားစုသို့ ပြန်လည် ဝင်ရောက်ခဲ့ပါသည်။ ထိုနေ့က ကျင်းပခဲ့သော အာရပ်နိုင်ငံများအဖွဲ့ နိုင်ငံခြားရေး ဝန်ကြီးများ အထူးအစည်းအဝေးတွင် ၇ ရက်နေ့မှစ၍ အာရပ် နိုင်ငံများ အဖွဲ့ကောင်စီနှင့် လက်အောက်ခံ အဖွဲ့အစည်းနှင့် လုပ်ငန်းဌာန အားလုံး၏ အစည်းအဝေးများသို့ ဆီးရီးယား အစိုးရကိုယ်စားလှယ်အဖွဲ့အား ပါဝင်ရန် ပြန်လည် ခွင့်ပြုသည်ဟု ဆုံးဖြတ်ခဲ့ပါသည်။ ယင်းသည် ဆော်ဒီအာရေဗျနှင့် အီရန် နှစ်နိုင်ငံတို့က သံတမန်ဆက်ဆံမှု ပြန်လည်ထားရှိမည်ဟု ဘေကျင်းတွင် ကြေညာခဲ့သည့် နောက်ပိုင်း အရှေ့အလယ်ပိုင်း ပြန်လည်သင့်မြတ်ရေးအတွက် မှတ်တိုင် နောက်တစ်ခု ဖြစ်ပါသည်။

အရှေ့အလယ်ပိုင်း အခြေအနေ ပြောင်းလဲတိုးတက်လာသည့် ရှုထောင့်မှ ကြည့်လျှင် တရုတ်ပြည်၏ ဖျန်ဖြေပေးမှုဖြင့် ဆော်ဒီအာရေဗျနှင့် အီရန် နှစ်နိုင်ငံ ဆက်ဆံမှု ပြန်လည်နွေးထွေးလာခြင်းသည် အာရပ်နိုင်ငံများ အဖွဲ့သို့ ဆီးရီးယား ပြန်လည် ဝင်ရောက်ခြင်းအတွက် တိုက်ရိုက် တွန်းအားပေးမှုပင် ဖြစ်ပါသည်။ ဆီးရီးယား အကျပ်အတည်းတွင် ဆော်ဒီအာရေဗျနှင့် အီရန် နှစ်နိုင်ငံသည် မတူခြားနားသော နိုင်ငံရေး အင်အားကို ကိုယ်စီထောက်ခံခြင်း ဖြစ်သောကြောင့် နှစ်နိုင်ငံအကြား ဆက်ဆံမှု ပြန်လည်နွေးထွေးလာခြင်းသည် ဆီးရီးယားနှင့် အာရပ်နိုင်ငံများ အဖွဲ့ဝင်နိုင်ငံများအကြား ဆက်ဆံရေး တင်းမာမှု လျော့ပါးစေရန်အတွက် အခွင့်ကောင်းကို ဖန်တီးပေးပါသည်။

ပိုမို အရေးကြီးသည့် အချက် တစ်ခု ကတော့ လက်ရှိ ကမ္ဘာသည် မတည်မငြိမ် ဖြစ်ပြီး ပြောင်းလဲနေသည့် အချိန်ကာလသစ်သို့ ဝင်ရောက်နေပြီ ဖြစ်သည်။ ကမ္ဘာ့ ခေတ်ရေစီးကြောင်းကို ရှင်းရှင်းလင်းလင်း သိမြင်လာသော အာရပ် နိုင်ငံများသည် ရှေ့ဆင့်နောက်ဆင့် နိုးကြားလာပါသည်။ လွန်ခဲ့သည့် နှစ်များတွင် အမေရိကန်သည် အရှေ့အလယ်ပိုင်း ရေးရာများတွင် ထင်သလို ဝင်ရောက် စွက်ဖက်ပြီး ထိပ်တိုက်ရင်ဆိုင်မှုနှင့် သွေးကွဲမှုကို သွေးထိုးလှုံ့ဆော်ကာ ၎င်းဒေသတွင် အချင်းပွားမှုများနှင့် စစ်ဘေးများ ဖြစ်စေခဲ့ပါသည်။ အရှေ့အလယ်ပိုင်း နိုင်ငံများက ပြည်သူများသည် ကိုယ့်ကံကြမ္မာကို ကိုယ့်လက်ထဲတွင် ချုပ်ကိုင်ရမည်ဟု ပိုမို သိမြင်လာပါသည်။

အရှေ့အလယ်ပိုင်း နိုင်ငံများသည် ရှင်းလင်းပြတ်သားသော အချက်ကို ပြလိုက် ပါသည်။ ယင်းအချက်မှာ ငြိမ်းချမ်းရေး လိုလားခြင်း၊ ဖွံ့ဖြိုးတိုးတက်မှု လိုလားခြင်းနှင့် ကိုယ့်လမ်းကြောင်း အပေါ် လျှောက်လှမ်းရန် လိုလားခြင်း ဖြစ်ပါသည်။ “Modern Diplomacy”၏ ဝက်ဘ်ဆိုက်မှ ဝေဖန်ရေး ဆောင်းပါး တွင် အရှေ့ အလယ်ပိုင်း ဒေသတွင် အမေရိကန်၏ သြဇာသက်ရောက်မှု လျော့နည်းလာပြီး အရှေ့အလယ်ပိုင်း ဒေသ၏ ပြဿနာများကို ဖြေရှင်းနေကြောင်း၊ အရှေ့အလယ်ပိုင်း၏ နွေဦးရာသီ ရောက်နေကြောင်းလည်း ရေးသားဖော်ပြထားပါသည်။

အာရပ်နိုင်ငံများမိသားစုသို့ ဆီးရီးယား ပြန်လည်ဝင်ရောက်ခြင်းသည် ကိုယ့်ကံကြမ္မာ ကို ကိုယ့်လက်ထဲတွင် ချုပ်ကိုင်ရမည်ဟု အာရပ်နိုင်ငံ ပြည်သူများ သိမြင်လာခြင်းကို ပြဆို