အာဂျင်တီးနား အနေနှင့် ပထမဆုံး အကြိမ် အဖြစ် တရုတ် ယွမ်ငွေဖြင့် နိုင်ငံခြား ကြွေးမြီကို ပြန်ဆပ်ခြင်းသည် မည်သည့်အချက်များကို ဖော်ပြနေသနည်း

2023-07-05 18:22:10
အရင်းအမြစ်:国际在线

ဒေသ စံတော်ချိန် ဇွန်လ ၃၀ရက်နေ့က အာဂျင်တီးနားနိုင်ငံသည် နိုင်ငံတကာ ရန်ပုံငွေ အဖွဲ့(IMF)အထူး ငွေထုတ်ယူခွင့်နှင့် တရုတ်ယွမ်ငွေဖြင့် စာရင်းရှင်းခြင်း နည်းလမ်းကို အသုံးပြုပြီး IMFအား ထိုနေ့က သက်တမ်းကုန်ဆုံးခဲ့သည့် အမေရိကန် ဒေါ်လာ ၂.၇ဘီလီယံ တန်ဖိုးရှိသော နိုင်ငံခြား ကြွေးမြီကို ပြန်ဆပ်ခဲ့ပါသည်။ ယင်းသည် အာဂျင်တီးနား အနေနှင့် တရုတ် ယွမ်ငွေဖြင့် နိုင်ငံခြား ကြွေးမြီကို ပထမဆုံး အကြိမ် အဖြစ် ပြန်ဆပ်ခြင်း ဖြစ်ပါသည်။ ဇွန်လ ၂၉ရက်နေ့က အာဂျင်တီးနား ဗဟိုဘဏ်က တရုတ် ယွမ်ငွေကို မိမိတို့ ဘဏ်စနစ်ထဲက အပ်နှံ(သို့)ထုတ်ယူ နိုင်သည့် နိုင်ငံခြားငွေမျိုးများတွင် ထည့်သွင်းပြီး မိမိနိုင်ငံ၏ ငွေကြေး လုပ်ငန်းဌာနများအား တရုတ် ယွမ်ငွေ ချွေတာစုဆောင်းရေး အကောင့်ကို ဖွင့်လှစ်ရန် ခွင့်ပြုသည်ဟု ကြေညာခဲ့ပါသည်။ အာဂျင်တီးနား ဗဟိုဘဏ် ဥက္ကဋ္ဌ Miguel Ángel Pesce က ကမ္ဘာပေါ်တွင် နိုင်ငံများစွာနှင့် အလားတူပင် အာဂျင်တီးနားသည် တရုတ် ယွမ်ငွေက ပိုမိုများပြားသည့် ဈေးကွက်များမှာ အသိအမှတ်ပြုမှု ရရှိနိုင်ရေး အပေါ် အကောင်းဘက်မှ အမြဲ ရှုမြင်နေကြောင်း ပြောကြားခဲ့ပါသည်။

ယခုနှစ်တွင် တရုတ်နှင့် အာဂျင်တီးနားတို့သည် ငွေကြေး ပူးပေါင်းဆောင်ရွက်မှုကို အဆက်မပြတ် အရှိန်မြှင့် ဆောင်ရွက်လာပါသည်။ နှစ်နိုင်ငံ အကြား ငွေကြေး ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ဆောင်ရွက်ခြင်းသည် နှစ်ဖက် စီးပွားကုန်သွယ်ရေး ဆက်ဆံမှု၏ ရှင်သန်မှုကို ပြသနေပါသည်။

အာဂျင်တီးနားအဖို့ဆိုလျှင် တရုတ် ယွမ်ငွေ အသုံးပြုမှုကို တိုးချဲ့ခြင်းသည် အာဂျင်တီးနား ပြည်တွင်းရှိ အမေရိကန် ဒေါ်လာ ချို့တဲ့မှု ပြဿနာကို ကိုင်တွယ်ဖြေရှင်းရေး အတွက် အထောက်အကူဖြစ်ပါသည်။ တရုတ်ပြည် အတွက်လည်း အကျိုးရှိပါသည်။ အာဂျင်တီးနားပြည်တွင်း ကန်ဒေါ်လာ ချို့တဲ့နေသည့် အခြေအနေမျိုးတွင် တရုတ်ယွမ်ငွေ ဖြင့် သွင်းကုန် စာရင်းရှင်းခြင်းသည် တရုတ်ပြည်မှ အာဂျင်တီးနားအား ကုန်စည် တင်ပို့ရောင်းချမှုကို အာမခံပေးနိုင်ပါသည်။ တရုတ်ယွမ်ငွေဖြင့် ကြွေးမြီကို ပြန်ဆပ်ခြင်း သည် အာဂျင်တီးနား၏ မက္ကရို စီးပွားရေးကို တည်ငြိမ်စေပြီး ဈေးကွက် ယုံကြည်မှုကို တိုးမြှင့်စေနိုင်ပါသည်။ အာဂျင်တီးနား စီးပွားရေး အခြေအနေ တည်ငြိမ်မှုသည် တရုတ်-အာဂျင်တီးနား စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု အတွက် အခြေအနေတစ်ရပ်ပင် ဖြစ်ပါသည်။

ရှေရှည်ရှုထောင့်မှ ကြည့်လျှင် လွန်ခဲ့သည့် နှစ်များတွင် အာဂျင်တီးနားက နိုင်ငံခြား ကြွေးမြီ ပြဿနာ၏ အနှောင့်အယှက်ပေးမှုကို ခံနေရခြင်းသည် အမေရိကန် ဒေါ်လာ၏ ဗိုလ်ကျစိုးမိုးရေးနှင့် သက်ဆိုင်ပါသည်။ ကန်ဒေါ်လာ အပေါ် မှီခိုအားထားရမှုကို လျှော့ချခြင်းသည် အာဂျင်တီးနား အနေနှင့် အမေရိကန် ဒေါ်လာ၏ ဗိုလ်ကျစိုးမိုးရေးကို ဖြိုခွင်းရန် အတွက် အရေးကြီးသည့် ခြေလှမ်းတစ်လှမ်း ဖြစ်ပါသည်။

လက်တင် အမေရိကတွင် တတိယ အကြီးဆုံး စီးပွားရေးအုပ်စုအနေဖြင့် အာဂျင်တီးနား၏ လုပ်ရပ်သည် စံနမူနာပြ အဖြစ် ပါဝင်နေပါသည်။ လက်ရှိတွင် ဘရာဇီး၊ အာဂျင်တီးနားစသည့် နိုင်ငံများ၏ တွန်းအားပေးမှုများဖြင့် အခြား လက်တင် အမေရိက နိုင်ငံများသည် ကန်ဒေါ်လာဖြင့် စာရင်းရှင်းခြင်းအား စွန့်လွှတ်ခြင်း(Dedollarization)အ‌ကြောင်းအရာများကို အသီးသီး တင်ပြခဲ့ကြပါသည်။ ဗင်နီဇွဲလား နိုင်ငံ သမ္မတ Nicolás Maduro Moros က အမေရိကန် ဒေါ်လာ၏ ဗိုလ်ကျစိုးမိုးမှု ဖယ်ရှားရေး ဖြစ်စဉ်ကို စတင်မည် ဖြစ်ကြောင်း ပြောကြားပါသည်။ ဘိုလီဗီယာနိုင်ငံ သမ္မတ Luis Alberto Arce Catacora က တရုတ် ယွမ်ငွေဖြင့် ကုန်သွယ်မှု စာရင်းရှင်းရန် ဖြစ်နိုင်ခြေကို လေ့လာဆွေးနွေးမည် ဖြစ်ကြောင်း ပြောကြားပါသည်။ ယင်းသည် ဖွံ့ဖြိုးဆဲ နိုင်ငံများ၏ ငွေကြေး လုပ်ငန်း မျိုးစုံ ကျင့်သုံးရေး အကောင်အထည် ဖော်ဆောင်ပြီး လွတ်လပ်ကာ ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ရှိသော ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းပေါ် လျှောက်လှမ်းရန် လိုအင်ဆန္ဒကို ဖော်ပြနေပါသည်။

အာဂျင်တီးနား အနေနှင့် ပထမဆုံး အကြိမ် အဖြစ် တရုတ် ယွမ်ငွေဖြင့် နိုင်ငံခြား ကြွေးမြီကို ပြန်ဆပ်ခြင်းသည် မည်သည့်အချက်များကို ဖော်ပြနေသနည်း