အဘယ်ကြောင့် IAEA၏ အစီရင်ခံစာသည် ဂျပန်၏ နျူကလီးယား ရေဆိုး ပင်လယ်ထဲ စွန့်ပစ်ရေး စီမံကိန်းကို အမွှမ်းမတင် နိုင်သနည်း

2023-07-06 18:14:25
အရင်းအမြစ်:国际在线

နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီ(IAEA)က ဂျပန် နိုင်ငံ၏ ဖူကူရှီမာ နျူကလီးယား ရေဆိုးကို ပင်လယ်ထဲသို့ စွန့်ပစ်ရေး စီမံကိန်း အပေါ် အစီရင်ခံစာကို ယခုလ ၄ရက်နေ့က ထုတ်ပြန်ခဲ့ပြီးနောက် ဂျပန် ပြည်သူများစွာက ဂျပန်၏ သက်ဆိုင်ရာ စီမံကိန်းသည် “နိုင်ငံတကာ လုံခြုံရေး စံချိန်စံညွန်းနှင့် ကိုက်ညီသည်”ဟူသော ၄င်းအစီရင်ခံစာတွင် ထည့်သွင်းရေးသားသော ဖော်ပြချက်သည် ပြည်သူများအား ယုံကြည်လက်ခံစေနိုင်မှု မရှိကြောင်း ပြောကြားပါသည်။ တောင်ကိုရီးယား အရပ်ဘက် အသင်းအဖွဲ့များစွာကလည်း ၄င်းအစီရင်ခံစာသည် ဂျပန် နိုင်ငံ အတွက် ခွင့်ပြုလွှာ မဟုတ်သလို နျူကလီးယား ရေဆိုး စွန့်ပစ်ခြင်းကို တရားမျှတမှန်ကန်စေနိုင်မည် မဟုတ်ကြောင်း ပြောကြားပါသည်။

၄င်းအစီရင်ခံစာထဲတွင် အကဲဖြတ် သုံးသပ်ရေး လုပ်ငန်း၌ ပါဝင်ဆောင်ရွက်ခဲ့ကြသော ဘက်အသီးသီးမှ ပညာရှင် အားလုံး၏ ထင်မြင်ယူဆချက်များကို အပြည့်အဝ ထည့်သွင်းရေးသားခြင်း မရှိသလို သက်ဆိုင်ရာ ကောက်နုတ်ချက်ကို ဘက်အသီးသီးမှ ပညာရှင်များမှ တညီတညွတ်တည်း အသိအမှတ်ပြုခြင်းလည်း မရှိပါ။ နိုင်ငံတကာ အနုမြူ စွမ်းအင် အေဂျင်စီသည် ၄င်းအစီရင်ခံစာကို အလျင်အမြန် ထုတ်ပြန်ခဲ့ခြင်းလည်း ဖြစ်သည်။ ယင်းသည် IAEA၏ အကဲဖြတ် သုံးသပ်ရေး လုပ်ငန်း အပေါ် ဂျပန်မှ ကန့်သတ်ချက်များစွာ ထားရှိခြင်းနှင့် တိုက်ရိုက် သက်ဆိုင်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းတွင် မယုံသင်္ကာဖြစ်မှုများကို ဖြစ်စေပါသည်။

ပထမ အချက်က ဂျပန်ဘက်သည် IAEA၏ လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်ခွင့်ကို တင်းကျပ်စွာ ကန့်သတ်ထားပြီး IAEAအား အခြား နျူကလီးယား ရေဆိုး ကိုင်တွယ်ဖြေရှင်းရေး နည်းလမ်းများကို အကဲဖြတ် သုံးသပ်ခွင့် မပေးဘဲ ပင်လယ်ထဲသို့ စွန့်ပစ်ရေး စီမံကိန်းကိုသာ အကဲဖြတ် သုံးသပ်စေပါသည်။ သို့ဖြစ်၍ အစီရင်ခံစာသည် “မည်သည့် နည်းလမ်းသည် နျူကလီးယားရေဆိုးကို အလုံခြုံဆုံး နည်းလမ်း ဖြစ်သနည်း”စသည့် နိုင်ငံတကာ အသိုင်းအဝိုင်း တကယ်တန်း အရေးထား ဂရုစိုက်ကြာသော သော့ချက်ကျသည့် ပြဿနာများနှင့် ပတ်သက်၍ တုံ့ပြန်ဖြေကြားခြင်း မရှိပေ။

ဒုတိယ အချက် ကတော့ IAEA ရရှိသော စစ်ဆေးရေး နမူနာအားလုံးနှင့် သက်ဆိုင်ရာ အချက်အလက်များကို ဂျပန်ဘက်မှ ထောက်ပံ့ပေးခြင်း ဖြစ်ပါသည်။ နျူကလီးယား ရေးဒီယေးရှင်း ကြီးကြပ်တိုင်းတာရေး ပညာရှင် အာဇ်ဘီ ဘရောင်းက ယခုအထိ ဂျပန်ဘက်မှ ထောက်ပံ့ပေးသော အချက်အလက်များ မပြည့်စုံးကြောင်း၊ သက်ဆိုင်ရာ ဖြစ်စဉ်သည်လည်း ပွင့်လင်းမြင်သာမှု မရှိကြောင်း ပြောကြားသည်ဟု The New York Times သတင်းအရ သိရပါသည်။

တတိယ အချက်က နိုင်ငံတကာ အသိုင်းအဝိုင်းတွင် ဂျပန် နိုင်ငံ၏ PR အင်တိုက်အားတိုက် ဆောင်ရွက်ခြင်းသည် ပြည်သူများအား သံသယ ဖြစ်စေပါသည်။ လွန်ခဲ့သည့် ၂နှစ် အတွင်း ဂျပန်သည် တစ်ဖက်က “နျူကလီးယား ရေဆိုး”ကို “သန့်စင်ပြီး နျူကလီးယားရေ” အဖြစ် အမွှမ်းတင်ပြီး ၄င်း၏ အန္တရာယ်နှင့် ဆိုးရွားမှုကို မပြတ်မသားလုပ်နေပါသည်။ နောက်တစ်ဖက် ကတော့ ဖူကူရှီမာ နျူကလီးယား မတော်တဆမှုနှင့် ပတ်သက်သော PRအသုံးစရိတ်ကို များစွာ တိုးမြှင့်ပေးပါသည်။ သူခိုးလုပ်၍ ကိုယ့်လိပ်ပြာ ကိုယ်မလုံ မဖြစ်ပါက အဘယ်ကြောင့် ဂျပန် အစိုးရသည် ယင်းကဲ့သို့သော များပြားသော လူအားနှင့် ငွေအားများဖြင့် လုပ်ဆောင်နေသနည်း။

ထို့အပြင်၊ IAEA၏ အဓိက စွမ်းဆောင်ရည်မှာ နျူကလီးယား နည်းပညာ လုံခြုံ စိတ်ချရအောင် ငြိမ်းချမ်းစွာ အသုံးပြုရေးကို တိုးမြှင့်ရန် တာဝန်ယူခြင်း ဖြစ်၍ ပင်လယ် သမုဒ္ဒရာ ပတ်ဝန်းကျင်နှင့် သတ္တဝါများ၏ ကျန်းမာရေး အပေါ် နျူကလီးယား ရေဆိုးကို ပင်လယ်ထဲသို့ စွန့်ပစ်ခြင်း၏ ရေရှည် ဂယက်ရိုက်ခတ်မှုကို အကဲဖြတ် သုံးသပ်မှု ပြုလုပ်သော သင့်တော်သည့် အဖွဲ့အစည်း မဟုတ်ပါ။

အဘယ်ကြောင့် IAEA၏ အစီရင်ခံစာသည် ဂျပန်၏ နျူကလီးယား ရေဆိုး ပင်လယ်ထဲ စွန့်ပစ်ရေး စီမံကိန်းကို အမွှမ်းမတင် နိုင်သနည်း