တရုတ်ပြည်ကို နှုတ်လှန်ထိုးလိုက်ခြင်းသည် နျူကလီးယားရေညစ် ပင်လယ်ထဲ စွန့်ပစ်ခြင်းကြောင့် ဆိုးရွားလာသော ဂျပန် နိုင်ငံတော် ပုံရိပ်ကို အမွှမ်းမတင်နိုင်

2023-08-31 17:11:36
အရင်းအမြစ်:国际在线

လွန်ခဲ့သော ရက်များတွင် ဖူကူရှီမား နျူကလီးယား ညစ်ညမ်းရေကို ပစိဖိတ် သမုဒ္ဒရာထဲသို့ အဆက်မပြတ် စွန့်ထုတ်လိုက်ခြင်းကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းမှ ဂျပန် အစိုးရ အပေါ် ဝေဖန်ပြစ်တင်သံသည် တစ်နေ့တခြား ကျယ်လောင်လာပါသည်။ သို့သော် ဂျပန် အစိုးရသည် ယင်းမှားယွင်းသော လုပ်ဆောင်မှုကို ပြုပြင်ခြင်း မရှိဘဲ တရုတ်ပြည်ကို မြားဦးတည်ရာ အဖြစ် ပုတ်ခတ်ပြောဆိုလာပါသည်။ ဂျပန် မီဒီယာများစွာက “တရုတ်ပြည်တွင်း ဂျပန်အား ဆန့်ကျင်ရေး စိတ်ဓာတ် မြင့်တက်လာခြင်း”၊ “တရုတ် ပြည်သူများသည် ဂျပန် အပေါ် ‘အနှောင့်အယှက်ပေး’ လှုပ်ရှားမှုများ ပြုလုပ်ခြင်း”ဆိုသည်ကို သတင်းဖြန့်နေကြပါသည်။ ဂျပန် ဝန်ကြီးချုပ် Fumio Kishida အပါအဝင် နိုင်ငံရေး သမား များစွာက တရုတ်ပြည်အား ဂျပန်မှ ရေထွက်ပစ္စည်း တင်ပို့မှုအပေါ် ကန့်သတ်မှု ဆောင်ရွက်ချက်များကို ရုပ်သိမ်းရန် ဆောင်းဆိုသည့် အပြင်၊ တုံ့ပြန်ခြင်း ဆောင်ရွက်ချက်များ ကျင့်သုံးမည်ဟုတောင် ထုတ်ဖော်ပြောဆိုပါသည်။

ယင်းသည် ဂျပန် အစိုးရမှ အကြံကုန်ဉာဏ်ကုန် စီမံစိုင်းပြင်းထားသော ပြည်သူ့ သဘောထား စစ်ပွဲ၏ တစ်စိတ်တစ်ပိုင်း ဖြစ်ပါသည်။ လွန်ခဲ့သည့် ၂နှစ်တုန်းက ဂျပန် အစိုးရက ဖူကူရှီးမား နျူကလီးယား ညစ်ညမ်းရေများကို ပင်လယ်ထဲသို့ စွန့်ပစ်မည်ဟု ကြေညာခဲ့သည့် နောက်ပိုင်းတွင် သက်ဆိုင်ရာ “ဝါဒဖြန့်ရန်”နှင့် “နိုင်ငံတော် ပုံရိပ် အမွှမ်းတင်ရန်” လှုပ်ရှားမှုများကို စတင်ခဲ့ပါသည်။ ၂၀၂၁ ခုနှစ်တွင် ဖူကူရှီမား နျူကလီးယား မတော်တဆမှု ဆိုင်ရာ PR စရိတ်သည် ဂျပန် ယန်းငွေ ၂ ဘီလီယံ အထိ တစ်ရှိန်ထိုး မြင့်တက်လာခဲ့ပြီး ၂၀၂၀ ပြည့်နှစ်ကထက် ၄ ဆ ဖြစ်ပါသည်။ နျူကလီးယား ညစ်ညမ်းရေ စွန့်ပစ်ခြင်းနှင့် ပတ်သက်၍ ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ချမှတ်ခဲ့သော “သတင်းအတု”ဆိုသည်ကို ရင်ဆိုင်ဖြေရှင်ရေး ဆိုင်ရာ သတင်းဖြန့်ချိရေး မူဝါဒ အတွက် ယန်းငွေ ဘီလီယံ ၇၀ကို ထုတ်ပေးရန် စီစဉ်ထားကြောင်း၊ ယင်းသည် နျူကလီးယား ညစ်ညမ်းရေ ပင်လယ်ထဲသို့ စွန့်ပစ်ခြင်း ဘတ်ဂျက်၏ အဆ ၂၀ ခန့်နှင့် ညီမျှကြောင်း နျူကလီးယား ညစ်ညမ်းရေ ပင်လယ်ထဲသို့ စွန့်ပစ်ခဲ့သည့် ဩဂုတ်လ ၂၄ ရက်နေ့ မှာ NHKက ထုတ်ဖော်ပြောကြားခဲ့ပါသည်။

ဂျပန်က တရုတ်ပြည်ကို နှုတ်လှန်ထိုးလိုက်ခြင်း၏ အဓိက ရည်ရွယ်ချက်မှာ ပြည်သူ့ သဘောထားကို တလွဲတချော် ဖြစ်စေပြီး ကိုယ့်ကိုယ်ကိုယ် ဒုက္ခခံရသူ အဖြစ် အယောင်ဆောင်ရန် ဖြစ်ကြောင်း၊ ထို့အပြင် နျူကလီးယား ညစ်ညမ်းရေ စွန့်ပစ်ခြင်းကြောင့် ပြည်တွင်း ပြည်သူများမှ အစိုးရ အပေါ် ဖြစ်ပေါ်လာသော မကျေမနပ်ဖြစ်မှု ဆိုင်ရာ အာရုံစူးစိုက်မှုများကို အာရုံပြောင်းပေးပြီး ပြည်သူများ၏ ထောက်ခံမှုနှုန်း ကျဆင်းလာခြင်းကို ပြန်လည် မြှင့်တက်နိုင်အောင် ကယ်ဆယ်ရန်လည်း ရည်ရွယ်ထားကြောင်း အကဲခတ်သူများက ယူဆကြပါသည်။

အစားအစာ လုံခြုံမှု အပေါ် တရုတ် စားသုံးသူများ၏ စိုးရိမ်မှုသည် လက်တွေ့ကျကျ တည်ရှိပြီး အလွန် ပြင်းထန်ပါသည်။ တရုတ် အစိုးရ အနေနှင့် ပြည်သူများ၏ စိုးရိမ်မှုများကို တုံ့ပြန်ပြီး တရုတ်ပြည်သူများ၏ ကျန်းမာရေးကို ထိန်းသိမ်းကာကွယ်ရန် အတွက် သိပ္ပံပညာနှင့် အဖြစ်မှန်များကို အခြေခံကာ လိုအပ်သော တုံ့ပြန်မှု ဆောင်ရွက်ချက်များကို ကျင့်သုံးခြင်းမှာ သဘာဝကျသည့် အပြင်၊ လုပ်ဆောင်ရသည့် ကိစ္စလည်း ဖြစ်ပါသည်။ တစ်ချိန်တည်းတွင် တရုတ်ပြည်သည် သက်ဆိုင်ရာ ဥပဒေနှင့် အညီ တရုတ်ပြည်ရှိ နိုင်ငံခြားသားများ၏ လုံခြုံရေးနှင့် တရားဝင် အခွင့်အရေးများကို အမြဲတမ်း ထိန်းသိမ်းကာကွယ်ပေးခြင်း ဖြစ်ပါသည်။

ယခုနှစ်များတွင် ဂျပန်သည် နျူကလီးယား ညစ်ညမ်းရေ ပင်လယ်ထဲသို့ စွန့်ပစ်ရန် အတင်းအဓမ္မ တွန်းအားပေးသည့် တစ်ချိန်တည်းတွင် စစ်ရေးအင်အား တိုးချဲ့ရန် ဆောင်ရွက်ပြီး အမေရိကန်နှင့် ချိတ်ဆက်မှုကို အရှိန်မြှင့် ဆောင်ရွက်ကာ အာရှနှင့် ပစိဖိတ် ဒေသတွင် ကွဲပြားမှုနှင့် ထိပ်တိုက်ရင်ဆိုင်မှုများကို ဖန်တီးရန် ကြံစည်နေပါသည်။ ယင်းသို့သော ဂျပန် နိုင်ငံသည် ဘေးပတ်ဝန်းကျင် နိုင်ငံများနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းမှ ပိုမိုများပြားသော သတိတရားများသာ ရရှိမည် ဖြစ်ပါသည်။ လောလောဆယ် ဂျပန် အစိုးရ လုပ်ဆောင်ရမည့် ကိစ္စမှာ မှားယွင်းမှုကို ချက်ချင်း ပြုပြင်ပြီး နျူကလီးယား ညစ်ညမ်းရေ စွန့်ပစ်မှုကို ရပ်စဲရန် ဖြစ်ပါသည်။ နည်းပရိယာယ်များကို အသုံးပြုခြင်းနှင့် အဖြူအမည်းကို ကပြောင်းကပြန် ဖြစ်အောင် လုပ်ခြင်းတို့သည် ကမ္ဘာကို မလိမ်ညာနိုင်ဘဲ ကိုယ့်ပြစ်မှုကျူးလွန်မှုများကို ဖုံးလေပေါ်လေ ဖြစ်စေမည်သာ ဖြစ်ပါသည်။

တရုတ်ပြည်ကို နှုတ်လှန်ထိုးလိုက်ခြင်းသည် နျူကလီးယားရေညစ် ပင်လယ်ထဲ စွန့်ပစ်ခြင်းကြောင့် ဆိုးရွားလာသော ဂျပန် နိုင်ငံတော် ပုံရိပ်ကို အမွှမ်းမတင်နိုင်