ကန်အား တရုတ်နှင့်အတူ တူညီသောရည်မှန်းချက်အတွက် ကြိုးပမ်းဆောင်ရွက်ရန် မျှော်လင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

2023-09-07 17:58:09
အရင်းအမြစ်:国际在线

အမေရိကန် သမ္မတ ၏ ရာသီဥတုဆိုင်ရာ အထူးသံတမန် John Forbes Kerry က မိမိအနေဖြင့် ရာသီဥတုပြောင်းလဲမှုပြဿနာကို အမေရိကန်-တရုတ် နှစ်နိုင်ငံ ပူးပေါင်းဖြေရှင်းနိုင်ရန် မျှော်လင့်ကြောင်း၊ ရာသီဥတုပြောင်းလဲမှုပြဿနာသည် နှစ်ဖက် ပြဿနာ မဟုတ်ဘဲ ကမ္ဘာကြီးအတွက် ဘုံခြိမ်းခြောက်မှုပင် ဖြစ်ကြောင်း မကြာသေး မီက ပြောကြားခဲ့ပါသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင် သည် စက်တင်ဘာလ ၆ ရက်နေ့က ကျင်းပသော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်၏မေးမြန်းချက်ကို ဖြေကြားရာတွင် ရာသီဥတုပြောင်းလဲမှုပြဿနာသည် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှု ဖြစ်သဖြင့် နိုင်ငံအသီးသီးမှ ပူးပေါင်းပါဝင်ကြဖို့ လိုကြောင်း၊ ရာသီဥတုပြောင်းလဲမှုပြဿနာ ဖြေရှင်းရန် တရုတ်နိုင်ငံ၏ ရပ်တည်ချက်မှာ တစ်လျှောက်လုံး ပြတ်ပြတ်သားသား ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် တရားမျှတသည့် အပြန်အလှန်အကျိုးရှိစေရေး ပူးပေါင်းဆောင်ရွက်သော တစ်ကမ္ဘာလုံး ရာသီဥတု စီမံခန့်ခွဲရေး စည်းစနစ်ကို ထူထောင် ရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ တရုတ်နိုင်ငံသည် မိမိနိုင်ငံ၏ အခြေအနေနှင့် ကိုက်ညီသော တာဝန်ဝတ္တရားများကို တတ်နိုင်သမျှ ထမ်းဆောင်ခဲ့ပြီ ဖြစ်ပြီး ရာသီဥတု ပြောင်းလဲမှု ပြဿနာကို ဖြေရှင်းရန် နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှုများ အတွက် အကျိုးပြု စွမ်းဆောင်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

ပြောရေးဆိုခွင့်ရှိသူ မော်နင် က တရုတ်-အမေရိကန်နှစ်နိုင်ငံတို့သည် ပါရီသဘောတူ စာချုပ်ကို အသက်ဝင်စေရန် အတူတကွ ကြိုးပမ်းဆောင်ရွက်ခဲ့ကြကြောင်း၊ မိမိတို့သည် အမေရိကန်နိုင်ငံအား တရုတ်နိုင်ငံနှင့်အတူ တူညီသောရည်မှန်းချက်အတွက် ကြိုးပမ်း ဆောင်ရွက်ပြီး တရုတ်-အမေရိကန် ရာသီဥတု ပူးပေါင်းဆောင်ရွက်ရာတွင် ကောင်းမွန်သော အခြေအနေကို ဖန်တီးနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။

ကန်အား တရုတ်နှင့်အတူ တူညီသောရည်မှန်းချက်အတွက် ကြိုးပမ်းဆောင်ရွက်ရန် မျှော်လင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို