“ရွှေရောင် ရက်သတ္တပတ်”သည် တရုတ်ပြည် စီးပွားရေး အားကောင်းစွာ နာလန်ပြန်ထူလာခြင်း၏ လက္ခဏာအမှတ်အသားပင် ဖြစ်သည်

2023-10-10 20:33:21
အရင်းအမြစ်:国际在线

တရုတ် လမုန့်ပွဲတော်နှင့် အမျိုးသားနေ့ ရုံးပိတ်ရက်ရှည်သည် “ရွှေရောင် ရက်သတ္တပတ်”ဟု လူအများက ခေါ်ဆိုလေ့ရှိသည်။ ယခုနှစ် “ရွှေရောင် ရက်သတ္တပတ်”အတွင်း တရုတ် ပြည်တွင်းခရီးသွားဦးရေသည် ၈၂၆ သန်းရှိပြီး လွန်ခဲ့သည့်နှစ် အလားတူအချိန်ပိုင်းကထက် ၇၁.၃ ရာခိုင်နှုန်း တိုးလာခဲ့သည်။ ပြည်တွင်းခရီးသွားဝင်ငွေသည်လည်း ယွမ် ၇၅၃.၄၃ ဘီလီယံရှိပြီး လွန်ခဲ့သည့်နှစ် အလားတူအချိန်ပိုင်းကထက် ၁၂၉.၅ ရာခိုင်နှုန်း တိုးလာခဲ့သည်။ ဂျာမနီနိုင်ငံ Frankfurt Report သတင်းစာ ဝက်ဘဆိုက်မှာ ခရီးသွားလုပ်ငန်း ရှင်သန်လာခြင်းသည် တရုတ်ပြည် စီးပွားရေး အားကောင်းစွာ နာလန်ပြန်ထူလာခြင်း၏ လက္ခဏာအမှတ်အသားပင် ဖြစ်သည်ဟု သုံးသပ်ဖော်ပြထားပါသည်။

တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနမှ အောက်တိုဘာလ ၆ ရက်နေ့က ထုတ်ပြန်သော သတင်းအရ ယခုနှစ် “ရွှေရောင် ရက်သတ္တပတ်”အတွင်း တရုတ်ပြည် စားသုံးကုန် ဈေးကွက်များ တည်ငြိမ်စွာ တိုးတက်လာပြီး အစိမ်းရောင်၊ ကျန်းမာရေးနှင့် စမတ် ကုန်ပစ္စည်းများ ရောင်းချမှုပမာဏသည် ထင်ရှားစွာတိုးမြင့်လာခဲ့ပါသည်။

အမေရိကန် The Wall Street ဂျာနယ် ဝက်ဘဆိုက်မှာ ဥရောပနှင့် အမေရိကန်တို့ ဘဏ်အတိုးနှုန်းများ တိုးမြှင့်နေခြင်းကြောင့် စားသုံးသူနှင့် လုပ်ငန်းကုမ္ပဏီများ အကျပ်အတည်းဖြစ်နေသည့် ခုလိုအချိန်အခါတွင် တရုတ်ပြည် စီးပွားရေးမှာ ရှင်သန်မှုလက္ခဏာများ ပေါ်လာခြင်းသည် ကမ္ဘာ့စီးပွားရေးအတွက် မျှော်လင့်ချက် ဆောင်ကြဉ်းလာသည်ဟု မကြာမီက ဖော်ပြခဲ့ပါသည်။ ကမ္ဘာ့ ငွေကြေးရန်ပုံငွေအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက ယခုလက်ရှိ အချက်အလက်များကို ကြည့်ခြင်းအားဖြင့် တရုတ်ပြည် စီးပွားရေး တည်ငြိမ်စွာ တိုးတက်လာခြင်း၏ လက္ခဏာများကို မြင်တွေ့ရပြီဟု မကြာမီက ပြောကြားခဲ့သည်။ Citigroup၊ Goldman စသည့် နိုင်ငံတကာလုပ်ငန်းအုပ်စုများသည်လည်း တရုတ်ပြည် တစ်နှစ်တာလုံး စီးပွားရေး တိုးတက်နှုန်းဆိုင်ရာ ခန့်မှန်းချက်ကို အသီးသီး တိုးမြှင့်ခဲ့ပါသည်။ ယင်းတို့သည် နိုင်ငံတကာမိသားစုကြီးက တရုတ်ပြည် စီးပွားရေး နာလန်ပြန်ထူခြင်းအပေါ် ယုံကြည်စိတ် အဆက်မပြတ် တိုးမြင့်လာခြင်းကိုပြသနေသည်ဟု China Media Group မှ သတင်းဆောင်းပါးတစ်ပုဒ်မှာရေးသားဖော်ပြထားပါသည်။

“ရွှေရောင် ရက်သတ္တပတ်”သည် တရုတ်ပြည် စီးပွားရေး အားကောင်းစွာ နာလန်ပြန်ထူလာခြင်း၏ လက္ခဏာအမှတ်အသားပင် ဖြစ်သည်