လာမည့် ၁၀နှစ်တွင် အပြန်အလှန် ချိတ်ဆက်မှု ကွန်ရက်သစ် မည်သို့ “၃ဖက်မြင်” ဖြစ်နိုင်မည်နည်း

2023-10-20 22:43:41
အရင်းအမြစ်:国际在线

လက်ရှိ ကမ္ဘာသည် မတည်မငြိမ် ဖြစ်နေပြီး ကမ္ဘာ့ စီးပွားရေး ကျဆင်းသွားသည့် ဖိအားဒဏ် တိုးပွားနေကာ တစ်ကမ္ဘာလုံး ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုသည် စိန်ခေါ်မှု များစွာ ကို ရင်ဆိုင်နေရပါသည်။ Belt and Road အရည်အသွေးမြင့် အတူ တည်ဆောက်ရေးသည် အစပြုအသစ်တွင် ရပ်တည်ပြီး အပြန်အလှန် ချိတ်ဆက်မှု တည်ဆောက်ရေးနှင့် ကမ္ဘာ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို မည်သို့ တစ်ဆင့်တိုး တွန်းအားပေး နိုင်မည်နည်း။

ယင်းနှင့် ပတ်သက်၍ သမ္မတ ရှီကျင့်ဖိန်က “၃ဖက်မြင်” ဟူသော သော့ချက်ကျသည့် စကားလုံး တစ်ခုကို ဖော်ပြခဲ့ပါသည်။ သက်ဆိုင်ရာ ပညာရှင်များက CMG မှ သတင်းထောက် ၏ မေးမြန်းချက်ကို လက်ခံဖြေကြားရာတွင် ယင်းသည် တမူဆန်းသစ်ပြီး အဆင့်တိုးမြင့်သော ပြောဆိုချက် တစ်ခု ဖြစ်ကာ လွန်ခဲ့သည့် ၁၀နှစ်တွင် အပြန်အလှန် ချိတ်ဆက်မှု တည်ဆောက်ရေး အပေါ် စုပေါင်းသုံးသပ်ချက်နှင့် မြှင့်တင်လိုက်ခြင်း ဖြစ်ကြောင်း၊ “၃ဖက်မြင်”ဆိုသည်မှာ အပြန်အလှန် ချိတ်ဆက်မှုသည် ပင်လယ်ရေကြောင်း၊ ကုန်းကြောင်း နှင့် လေကြောင်း ရှုထောင့် ၃ခု သာမက ဆိုက်ဘာ ဒီဂျစ်တယ် ချိတ်ဆက်မှု၊ ငွေကြေး ချိတ်ဆက်မှု၊ ဂြိုဟ်တု ဆက်သွယ်ရေးနှင့် တည်နေရာ ချိတ်ဆက်မှု စသည့် နယ်ပယ်များလည်း ပါဝင်ကြောင်း ပြောကြားခဲ့ပါသည်။

ယခုအကြိမ် ဖိုရမ်မှ ထုတ်ပြန်ခဲ့သော သဘာပတိ ကြေညာချက်တွင် လာမည့် အဆင့်ကဏ္ဍ လုပ်ဆောင်ရမည့် အဓိက လုပ်ငန်းများမှာ အခြေခံ အဆောက်အအုံ ဆိုင်ရာ “မာကျောသော ချိတ်ဆက်မှု”၊ စည်းမျဉ်းဥပဒေနှင့် စံချိန်စံညွှန်း ဆိုင်ရာ “ပျော့ပျောင်းသော ချိတ်ဆက်မှု”နှင့် နိုင်ငံ အသီးသီးမှ ပြည်သူချင်း စိတ်ချင်းဆက်နွှယ်စေရေးတို့ကို တစ်ဆင့် တိုးမြှင့်ရန် ဖြစ်ကြောင်း ဖော်ပြပါသည်။

“မာကျောသော ချိတ်ဆက်မှု”နှင့် ပတ်သက်၍ တရုတ်ဘက်က ရှင်းလင်းပြတ်သားပြီး လက်တွေ့ကျသော ဆောင်ရွက်ချက်များကို ဖော်ပြခဲ့ပါသည်။ ယင်းဆောင်ရွက်ချက်များတွင် တရုတ်-ဥရောပ ရထား ပြေးဆွဲခြင်း လုပ်ငန်း အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရန် အရှိန်မြှင့် တွန်းအားပေးခြင်း၊ အာရှ-ဥရောပ ကုန်စည် ပို့ဆောင်ရေး ကုန်းကြောင်းသစ်ကို ဘက်အသီးသီးတို့နှင့် အတူ တည်ဆောက်ရေး စသည်များ ပါဝင်ပါသည်။

ဘုံစည်းမျဉ်းဥပဒေနှင့် စံချိန်စံညွှန်းများ ချမှတ်ရေး ဆိုင်ရာ “ပျော့ပျောင်းသော ချိတ်ဆက်မှု”နှင့် ပတ်သက်၍ ယခုနှစ် ဇွန်လကုန်အထိ တရုတ်နိုင်ငံသည် နိုင်ငံ ၆၅နိုင်ငံမှ စံချိန်စံညွှန်း သတ်မှတ်ခြင်း လုပ်ငန်းဌာနများ၊ နိုင်ငံတကာနှင့် ဒေသတွင်း အဖွဲ့အစည်းများနှင့် စံချိန်စံညွှန်း သတ်မှတ်ခြင်း ပူးပေါင်းဆောင်ရွက်ရေး စာချုပ် ၁၀၇ ခုကို လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့ကြပြီး ဖြစ်ပါသည်။

ဖိုရမ် ကျင်းပစဉ် အတောအတွင်း တရုတ်နိုင်ငံက အနာဂတ်တွင် အထင်ကရ လုပ်ငန်းစဉ်များကို ဆက်လက် တွန်းအားပေးပြီး ပြည်သူ့ စားဝတ်နေရေး ကူညီထောက်ပံ့မှု လုပ်ငန်းစဉ်ငယ် ၁၀၀၀ကို ဖော်ဆောင်ပေးမည်ဟု ကြေညာခဲ့ပါသည်။

ပြောလိုသည့် အချက် တစ်ချက်မှာ တရုတ်ပြည်သည် ပူးပေါင်း ဆောင်ရွက်ရေး နယ်ပယ်သစ်များကို တိုးချဲ့မည်ဟု အလေးထား ဖော်ပြခဲ့သည်။ ယင်းနယ်ပယ်သစ်များတွင် ကျန်းမာရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ဒီဂျစ်တယ်နှင့် ဆန်းသစ်တီထွင်မှု စသည်များ ပါဝင်ပြီး ခေတ်၏ ဖွံ့ဖြိုးတိုးတက်မှု လိုအပ်ချက်များနှင့် ကိုက်ညီကာ အပြန်အလှန် ချိတ်ဆက်မှု၏ အနှစ်သာရကို တိုးပွားစေခဲ့ပါသည်။

အောင်သီးအောင်နှံများ ရရှိခဲ့သော လွန်ခဲ့သည့် ဆယ်နှစ်ကို ဖြတ်သန်းပြီး ယခု Belt and Road သည် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေး အဆင့်ကာလသစ်သို့ ဝင်ရောက်ခဲ့ပြီ ဖြစ်ပါသည်။ “၃ဖက်မြင် အပြန်အလှန် ချိတ်ဆက်မှု ကွန်ရက်” ဆိုင်ရာ စနစ်သစ်ကို တည်ဆောက်ခြင်းသည် အတူတည်ဆောက်ကြသော နိုင်ငံများ၏ စီးပွားရေး အတွက် ပိုမို များပြားသည့် တွန်းအားသစ်များကို ဖော်ဆောင်ပေးနိုင်ပြီး နိုင်ငံ အသီးသီးအား ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေး ကွင်းဆက်၊ ကုန်ထုတ်လုပ်မှု ကွင်းဆက်နှင့် တန်ဖိုး ကွင်းဆက်များတွင် ပိုမို ကောင်းမွန်စွာ ပါဝင်စေကာ အတူတကွ ဖွံ့ဖြိုးတိုးတက်မှုကို အကောင်အထည် ဖော်ဆောင်ရန် အထောက်အကူ ပြုမည်ဖြစ်ပါသည်။

လာမည့် ၁၀နှစ်တွင် အပြန်အလှန် ချိတ်ဆက်မှု ကွန်ရက်သစ် မည်သို့ “၃ဖက်မြင်” ဖြစ်နိုင်မည်နည်း