တရုတ်ကျေးရွာများတွင် ဖရဲသီးဆွတ်ခူးခြင်း ခရီးသွားလုပ်ငန်း ရေပန်းစားလျက်ရှိ

2023-06-20 15:56:54
အရင်းအမြစ်:佛山新闻网

ဇွန်လ အစပိုင်းကာလတွင် တရုတ်နိုင်ငံ ကွမ်တုန်းပြည်နယ် ရှီရှန်မြို့နယ်မှ အထူးထွက် ဖရဲသီးများ၏ ဆွတ်ခူးရိတ်သိမ်းရာသီသို့ ရောက်ရှိလာပြီဖြစ်သည်။ အဆိုပါဒေသရှိ ရှီကျယ်ကျေးရွာသည် ဖရဲသီးစိုက်ပျိုးခြင်းကို နှစ်ပေါင်းရာနှင့်ချီ လုပ်ကိုင်ခဲ့ပြီဖြစ်ပြီး သဘာဝက ပေးစွမ်းသော မြေဆီလွှာအရည်အသွေးကြောင့် ရှီကျယ်ဖရဲသီး၏ အရသာမှာ အလွန်ချိုမြိန်လှပါသည်။

"အသားရဲ့ အရောင်အရ ရှီကျယ်ဖရဲသီးကို အနီရောင်အသားဖရဲသီးနဲ့ အဝါရောင်အသားဖရဲသီးဟူ၍ နှစ်မျိုး ခွဲခြားထားပါတယ်”ဟု ဒေသခံ ဖရဲသီးစိုက်တောင်သူများက ပြောကြားပါသည်။ ချိုမြိန်ခြင်း၊ အရည်ရွှမ်းခြင်း စသည့် ထူးခြားသော ဝိသေသလက္ခဏာများကြောင့် ရှီကျယ်ဖရဲသီးကို စျေးကွက်သို့ တင်ပို့ရောင်းချသည့် အချိန်ရာသီ ရောက်တိုင်း ပတ်ဝန်းကျင်နေရာများက ခရီးသည်အများအပြား လာရောက်မြည်းစမ်းကြည့်ရန် ဆွဲဆောင်နိုင်ခဲ့ကြောင်း၊ ကျေးရွာဒေသ သစ်သီးဝလံများ ဆွတ်ခူးခြင်း ခရီးသွားလုပ်ငန်းကို ဖွံ့ဖြိုးတိုးတက်စေရန် တွန်းအားပေးကြောင်း ၎င်းက ဆက်လက်ပြောဆိုပါသည်။

သို့သော်၊ ရှီရှန်မြို့နယ် ယုံဟော်ကျေးရွာတွင် ရွာသူရွာသားများ စိုက်ပျိုးထားသော ဖရဲသီးများသည် သခွားသီးကဲ့သို့ လေထုထဲတွင် ချိတ်ဆွဲထားကြသည်။ "အမိုးအကာ ဖရဲသီး" သည် ၎င်း၏ သုံးဖက်မြင် ကြီးထွားမှုကြောင့် နေရောင်ခြည်ကို အပြည့်အဝ အသုံးပြုနိုင်ကြောင်း၊ ထို့အပြင် အမိုးအကာတွင် စိုက်ပျိုးသည့်အတွက် ဖရဲသီးကို အလင်းရောင် ညီညီညာညာ ရရှိစေကာ အချိုဓာတ်များ မညီမညာ ပျံ့နှံ့မှုကို ရှောင်ရှားနိုင်ကြောင်း၊ ဤစိုက်ပျိုးနည်းဖြင့် ဖရဲသီး၏ အထွက်နှုန်းနှင့် အရည်အသွေးကို မြှင့်တင်ပေးမည်ဖြစ်ပြီး ပုံသဏ္ဍာန်သည် ပိုမို၍ လှပစေလာမည်ဖြစ်ကြောင်း ဒေသခံ ဖရဲသီးစိုက်တောင်သူများက မိတ်ဆက်ပြောပြပါသည်။

မကြာသေးမီနှစ်များအတွင်းတွင် ယုံဟော်ကျေးရွာ၌ "အမိုးအကာ ဖရဲသီး"များ စိုက်ပျိုးသည်သာမက မြေအောက် အဝါရောင်ဖရဲသီးကဲ့သို့သော မျိုးကွဲအသစ်များကိုလည်း စိုက်ပျိုးလာပါသည်။ နှစ်စဉ်နှစ်တိုင်း စားသုံးသူ အများအပြားကို လာရောက်ဝယ်ယူအားပေးရန် ဆွဲဆောင်လျက်ရှိနေပါသည်။ (ဆောင်းပါးအရင်းအမြစ် - ဖူးစန်သတင်းကွန်ရက်။ ဘာသာပြန် - Yunnan gateway)

တရုတ်ကျေးရွာများတွင် ဖရဲသီးဆွတ်ခူးခြင်း ခရီးသွားလုပ်ငန်း ရေပန်းစားလျက်ရှိ