လမ်းဟောင်းပုံပြင် - စူးကျိုးမြို့ ဖိန်ကျန်းလမ်း

2023-06-30 18:17:54
အရင်းအမြစ်:《吉祥》杂志

ဖိန်ကျန်းလမ်းသည် ကျန်းစူးပြည်နယ် စူးကျိုးမြို့၏ အစည်ကားဆုံး မြို့ဟောင်းနေရာ၌ တည်ရှိသည်။ ၎င်းထံသို့ လာရောက်ပေါင်းဆုံ ဆက်သွယ်ထားကြသည့် မြောက်မြားစွာသော လမ်းကြိုလမ်းကြားများ၊ တူးမြောင်းတစ်လျှောက်ရှိ ကျောက်ပြားခင်းလမ်းပေါ်တွင် ချန်ရစ်ထားခဲ့သည့် အတိတ်ခြေရာများသည် နှစ်ပေါင်းရာထောင်ချီရှိပြီဖြစ်သော စူးကျိုးသမိုင်းကို မှတ်တမ်းတင်ထားသကဲ့သို့၊ အဆိုပါ ရေပေါ်မြို့၏ ရှေးဟောင်းနေအိမ်များ၊ ရှေးဟောင်းလမ်းကြိုလမ်းကြားများ၊ ရှေးဟောင်းရေတွင်းများ၊ ရှေးဟောင်းတံတားများ၊ ရှေးဟောင်းသစ်ပင်များတို့ကိုလည်း ထိန်းသိမ်းထားရှိကာ ငယ်ရွယ်နုပျိုသူတို့၏ စိတ်ကူးယဉ်ဆန်မှုများကိုလည်း ပေါင်းစပ်ပေးထားလေသည်။

ဖိန်ကျန်းလမ်းအနားသို့ နီးကပ်လာချိန်တွင် တသွင်သွင်စီးနေသော တူးမြောင်းနှင့် တံတားငယ်ကလေးများ၏ လှပသောရှုခင်းက ဘွားခနဲ ပေါ်လာပြီး ကျန်းနန်ဒေသ မြို့ဟောင်း၏ အလှတရားကို မျက်ဝါးထင်ထင် မြင်တွေ့လာရမည်ဖြစ်သည်။ မီးရောင်ဖျော့ဖျော့အောက်တွင် ဟန်တရုတ်ရိုးရာဝတ်စုံ ဆင်မြန်းထားသော မိန်းမပျိုကလေးများက ယပ်တောင်ကလေး အသာခတ်ရင်း ကျောက်တံတားထက်မှာ မှီကာ ဓာတ်ပုံအရိုက်ခံနေကြသည်။ ဆံထုံးကလေးမှာ ပုလဲကုံးဆံထိုး ထိုးထား၍ ကျန်းနန်ပျိုဖြူတို့၏ နူးညံ့သိမ်မွေ့သည့် အလှတရားတို့ ပေါ်လွင်နေပေသည်။ နွဲ့နှောင်းသော ကိုယ်နေဟန်ထားတို့မှာ ဤအရပ်ရှိ လမ်းများ၊ ကျောက်တံတားများနှင့် ပနံရနေသဖြင့် စူးကျိုးစတိုင် လူနေမှုဘဝ၏ အနုစိတ်ခြင်းနှင့် ယဉ်ကျေးသိမ်မွေ့ခြင်းတို့ကို ထင်ရှားပြသလျက်ရှိပေသည်။ တစ်ခဏအတွင်းမှာပင် ကာလယန္တရားယာဉ်စီး၍ လွန်ခဲ့သော အတိတ်ကာလ နှစ်ပေါင်းရာထောင်ချီအချိန်က စူးကျိုးဆီသို့ ပြန်ရောက်သွားသယောင် ခံစားရစေမည် ဖြစ်လေသည်။


လမ်းလျှောက်နေရင်း သာယာငြိမ့်ညောင်းသည့် ရှေးစောင်းသံကို နားတွင် ကြားလာရမည်။ ဖွဲ့ကျူးသီဆိုသံထဲတွင် ရှေးဟောင်းမြို့တွင်းလမ်းမတန်းအကြောင်းများသည် ရေစီးသဖွယ် တဖြည်းဖြည်း စုစည်းလာပြီးလျှင် ရှေးဟောင်းလမ်းကြီးလမ်းငယ်အသွယ်သွယ်ကို ဖြတ်သန်းစီးဆင်းကာ ကာလယန္တရားယာဉ် စီးရသကဲ့သို့ ရင်ခုန်စိတ်လှုပ်ရှားဖွယ် အရသာများကို ခံစားရမည်ဖြစ်သည်။ ဤနည်းကသာ စူးကျိုးမြို့ဟောင်းအား ဖွင့်လှစ်သည့် အမှန်ကန်ဆုံး နည်းလမ်း ဖြစ်မည် ထင်သည်။ ဘားဆိုင်များတွင်လည်း ဧည့်သည်များက အပြည့်။ ခွက်ချင်းထိကာ သောက်ပွဲသဘင် နွှဲဆင်နေကြသည်။ လုလင်ပျိုကလည်း အချစ်သီချင်းကို ခံစားချက်အပြည့်နှင့် သီဆိုနေပြီး တေးသံသာများက နေရာစုံ ထောင့်စုံသို့ ပျံ့လွင့်ကာ စူးကျိုးည၏ စည်ကားမှုနှင့် သက်ဝင်လှုပ်ရှားမှုတို့ကို ထင်ဟပ်ပြလျက် ရှိလေသည်။ ရှေးဟောင်းလမ်းမတန်းအတိုင်း အစအဆုံး လျှောက်ကြည့်လျှင် ကွေ့ဟွားမုန့်၊ ကစော်မုန့်လုံး၊ ဟိုက်ထန်မုန့်၊ လက်ဖက်ရည်ကြမ်းခွက်ကြီး ထိုထိုသော စူးကျိုးရိုးရာ သရေစာများကို လွယ်လင့်တကူ မြည်းစမ်းကြည့်နိုင်သကဲ့သို့ ရေခဲမုန့်၊ နို့လက်ဖက်ရည်၊ ကဏန်းအဆီဥပေါက်စီ ... ကဲ့သို့သော အွန်လိုင်းတွင် နာမည်ကြီးသည့် မုန့်ဆိုင်များ၏ရှေ့တွင်လည်း တန်းအရှည်ကြီး စီလျက်ရှိသည်။ လျှောက်လည်၍ မောလာပြီဆိုလျှင် ကျောက်တုံးခုံပေါ် ထိုင်ကာ အရသာရှိသော အစားအစာများနှင့် ညလေညှင်းကို ခံစားရသည်မှာ အမှန်ပင် သာယာကျေနပ်ဖွယ် ကောင်းလှပေသည်။

ဤအရပ်သည် နေ့စဉ်ဘဝ၏ လူနေမှုရပ်ကွက်ဖြစ်သလို၊ သမိုင်းရှုခင်းဇုန်လည်း ဖြစ်လေ၏။ ၎င်းတို့သည် သဟဇာတရှိစွာ အတူပေါင်းစပ်လျက်ရှိသည်။ သာယာဆိတ်ငြိမ်သော တူးမြောင်းနှင့် သိမ်မွေ့လှပသော ခန်းဆောင်များ၊ တံတားငယ်များ၊ သစ်ပင်ပန်းမန်တို့ အပြန်အလှန် အလှဆင်နေကြပုံမှာ ရှည်လျားသော ပန်းချီကားချပ်ကြီးတစ်ချပ်ပမာ အေးချမ်းသာယာမှုအရသာကို ခံစားရစေမည် ဖြစ်ပေသည်။

လမ်းဟောင်းပုံပြင် - စူးကျိုးမြို့ ဖိန်ကျန်းလမ်း