တရုတ်-မြန်မာနယ်စပ် နုကျန်းပြည်နယ်ခွဲသည် ခိုးရှစ်ပွဲတော် လာရောက်ဆင်နွှဲရန် ဖိတ်ခေါ်
ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် နုကျန်းလီဆူး “ခိုးရှစ်ပွဲတော်ဆင်နွှဲရင်း နှစ်သစ်ကိုကြိုဆို”ပွဲလမ်းသဘင်ကို တရုတ်-မြန်မာနယ်စပ်ရှိ လူရွှေမြို့ နုကျန်းမြစ် အနောက်ဘက်မြစ်ကမ်းတွင် ကျင်းပခဲ့ပါသည်။
ယခုအကြိမ် ပွဲလမ်းသဘင်သည် နုကျန်းပြည်နယ်ခွဲ၏ သဘာဝက ပေးစွမ်းသော ပထဝီတည်နေရာ အားသာချက်များကို အသုံးချကာ လူရွှေမြို့၌ “ယဥ်ကျေးမှု + စားကောင်းသောက်ဖွယ် + ဒြပ်မဲ့ယဥ်ကျေးမှုအမွေအနှစ် + ခင်းကျင်းပြပွဲ + လက်တွေ့ခံစားခြင်း”ဟူသော တစ်ပေါင်းတစ်စည်းတည်းရှိ “ခိုးရှစ်ပွဲတော်”ယဥ်ကျေးမှုလမ်းကြောင်းကို ဖန်တီးခဲ့ပါသည်။ ဒြပ်မဲ့ယဥ်ကျေးမှုအမွေအနှစ်ဇုန်၊ စားကောင်းသောက်ဖွယ်ဇုန်၊ ဖျော်ဖြေတင်ဆက်မှုဇုန်၊ လက်တွေ့ခံစားခြင်းဇုန်၊ check-in ဇုန် စသည့် ဇုန်များ ထူထောင်ထားပါသည်။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့အထိ ယဥ်ကျေးမှုလှုပ်ရှားမှုကို ကျင်းပပြီး ခရီးသွားနှင့် ဒေသခံပြည်သူပြည်သားများအား “ခိုးရှစ် နေ့စဥ် ပွဲတော်ဆင်နွှဲခြင်း”ပျော်ရွှင်မှုကို ခံစားနိုင်စေရန် ရည်ရွယ်ထားပါသည်။
လီဆူးဘာသာစကားတွင် "ခိုးရှစ်(Kuoshi)" သည် "နှစ်သစ်" ဟု အဓိပ္ပာယ်ရပါသည်။ "ခိုးရှစ်ပွဲတော်”သည် လီဆူးလူမျိုးများ၏ အမြင့်မြတ်ဆုံးနှင့် ကြီးကျယ်ခမ်းနားဆုံးသော ရိုးရာပွဲတော်ဖြစ်သည်။ ယနေ့တွင် "ခိုးရှစ်ပွဲတော်" သည် လီဆူးလူမျိုးများအတွက်သာမက နုကျန်းပြည်နယ်ခွဲရှိ လူမျိုးစု ၂၂ စုတို့၏ ရိုးရာပွဲတော်တစ်ခုလည်းဖြစ်သည်။ ချယ်ရီပွင့်ရာသီတွင် နှစ်စဉ်နှစ်တိုင်း နုကျန်းပြည်နယ်ခွဲရှိ ကျေးရွာအသီးသီးတို့မှ လူများသည် ရာသီဥတုကောင်းမွန်ခြင်း၊ အသီးအနှံများပေါများပြီး လာမည့်နှစ်တွင် ပျော်ရွှင်ဖွယ်ဘဝများရရှိရန် ဆုတောင်းပွဲများကို ကျင်းပလေ့ရှိကြသည်။
ဆောင်းပါးအရင်းအမြစ် ။ ။ ယူနန်သတင်းကွန်ရက်
ဘာသာပြန် ။ ။ Zhang Yinglin